အဆစ်နာခြင်း
လူတိုင်းအဆစ်နာဖူးကြပါတယ်။ အဆစ်နာတယ်ဆိုတိုင်း ရောဂါကြီးလားဆိုတာစဉ်းစားစရာပါ။ အဆစ်နာတဲ့အခါဘယ်အဆစ်တွေနာတာလဲ။ ခြေဆစ်လား၊ လက်ဆစ်လား၊ အဆစ်သေးလား၊ အဆစ်ကြီးလား၊ ပြိုင်တူနာတာလား၊ တစ်ခုပြီးမှတစ်ခုလား၊ တောက်လျှောက်နာတာလား၊ ဘယ်အချိန်ပိုနာလဲ၊ ဘာလုပ်ရင်နာလဲ၊ ဘယ်လောက်ကြာပြီလဲ၊ ယောင်တာမလှုပ်နိုင်တာရှိလား၊ တခြားဘာတွေတွဲဖြစ်လဲ စသဖြင့် အသေးစိပ်သိဖို့လိုတယ်။
အဆစ်တစ်ခုထဲနာနေတာတွေက များသောအားဖြင့်ခိုက်မိတဲ့အခါ၊ ဂေါက်ရောဂါသမားတွေ၊ ပိုးလေဘက်နာ တွေမှာဖြစ်တတ်တယ်။ တချို့သွေးရောဂါတစ်မျိုးကြောင့်လည်း ဖြစ်နိုင်တယ်။ တချို့အသက် ကြီးလို့လည်း ဖြစ် တယ်။ တချို့လိင်ဆက်ဆံခြင်းမှကူးတဲ့ ဂနိုရောဂါလိုမျိုးတွေမှာလည်းဖြစ်တတ်တယ်။
အဆစ်တစ်ခုထဲမှာနာတဲ့အခါ ဘယ်လိုစဖြစ်တယ်ဆိုတာ အရေးကြီးတယ်။ ခိုက်မိတာ၊ အဆစ်ထဲဆေးထိုးဖူးတာ၊ ခွဲစိပ်ဖူးတာ၊ ဆီးချိုရောဂါသည်တွေမှာဆို အဆစ်တွေက ပိုးဝင်လွယ်တာ၊ ဆီးချိုကြောင့်လည်းအဆစ်တွေ ရောင်ပြီး ပုံပျက်နိုင်တယ်။
အဲလိုအခါတွေဆို အာရုံကြောဆိုင်ရာထုံကျင်တာတွေပါ ဖြစ်နိုင်တယ်။ ဂေါက်ရောဂါ သမားတွေမှာကျတော့ အရင်ကတည်းကရောဂါရှိမှန်း သိပြီးသားလည်းရှိမယ်၊ ဖြစ်မှသိတာလည်းရှိမယ်၊ အစားအသောက်အနေအထိုင်ကြောင့် ချက်ချင်းဆိုသလို ဖြစ်နိုင်တယ်။ ဝတဲ့သူတွေ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ ဆီးချိုရှိသူတွေ ကင်ဆာဆေးနဲ့ တချို့ဆေးတွေ စွဲသောက်နေရတဲ့သူတွေမှာ သွေးထဲမှာယူရစ်အက်ဆစ်များနိုင်တယ်။
ပိုးလေးဘက်နာတွေမှာ အဆစ်ကြီးတွေ တစ်ခုပြီးမှတစ်ခု အလှည့်ကျဖြစ်တတ်တယ်။ နာတယ်၊ ယောင်တယ်၊ ဖျားနိုင်တယ်။ ရင်ဘတ်တွေလည်းအောင့်တတ်တယ်။ သွေးမတိတ်တဲ့ရောဂါရှိသူတွေမှာလည်း နည်းနည်းလေး ထိခိုက်မိတာနဲ့ အဆစ်တွေယောင်တတ်တယ်။ မိဘဆွေမျိုးထဲမှာ ဒီလိုဖြစ်တဲ့သူရှိတတ်တယ်။ တချို့ကျတော့ လိင်ဆက်ဆံမှုမှတစ်ဆင့် ပိုးဝင်နိုင်တယ်။
အဲ့အခါမှာ ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ မျက်စိနာတာမျိုးပါ တွေ့ရတတ်တယ်။ အသက်ကြီးလို့ ဖြစ်တတ်တဲ့ အဆစ်နာခြင်းက အစမှာတော့ တစ်ခုထဲဖြစ်တတ်ပေမယ့် နောက်ပိုင်းမှာအဆစ်တွေအားလုံး ပါလာတတ်တယ်။
အစကတည်းက အဆစ်အများကြီးနာတာဆိုရင်လည်း သေချာမေးရမှာပါပဲ။ တချို့တွေ အေးလွန်းရင်၊ အလုပ်ပင်ပန်းရင်၊ ဖျားနာတဲ့အခါဆိုရင် ဖြစ်တတ်တယ်။ အဲဒါမျိုးက နေ့ညအချိန်သိပ်မရွေးဘူး။ အဆစ်အားလုံးပါတတ်တယ်။ ဖြစ်လိုက်၊ ပျောက်လိုက်ဖြစ်တတ်တယ်။ တချို့ကျ ပိုးလေးဘက်နာတွေမှာ ဖြစ်နိုင်တယ်။
အဆစ်သေး တွေပဲဖြစ်တတ်တယ်။ လက်ဆစ်ပိုဖြစ်တတ်တယ်။ နှစ်ဖက်ပြိုင်တူဖြစ်တတ်တယ်။ ယောင်မယ်၊ မနက်ပိုင်းတွေ မှာအဆစ်တွေကောင်းကောင်း မလှုပ်နိုင်ဘူး။ တချို့ကျ Psoriasis ဖြစ်နိုင်တယ်။ အဆစ်နာတာအပြင် အရေပြား အကွက်တွေဖြစ်တတ်တယ်။ လက်သည်းတွေ၊ ခြေသည်းတွေပါထိလာနိုင်တယ်။ အသက်ကြီးလို့လည်းအဆစ် တွေနာလာနိုင်တယ်။
ဒါကြောင့်အဆစ်နာတယ်ဆိုတာနဲ့ လေးဘက်နာလားဆိုပြီးမစဉ်းစားစေချင်ဘူး။ အဆစ်နာတဲ့အခါမှာ ဘယ်အ ဆစ်လဲ၊ ဘယ်အချိန်ဖြစ်လဲ၊ ဘယ်လောက်ဆိုးလဲ၊ ဘာနဲ့သက်သာလဲ၊ တခြားဘာဖြစ် သေးလဲ စတာတွေအရင် စဉ်းစားပါ။ ရောဂါတစ်ခုခုကြောင့်လို့ထင်ရင် သက်ဆိုင်ရာဆရာဝန်နဲ့ပြပြီး စစ်ဆေးပါ၊ တိုင်ပင်ပါ၊ သေချာကုသရ မှာပါ။ တချို့ရောဂါတွေက ရေရှည်စွဲကုသဖို့လိုပါတယ်။
Author – Dr. CST