အသည်းခြောက်ရောဂါသည်များအတွက် အစားအစာ
ယနေ့ခေတ် အချိန်တွင် နေထိုင်ရာပတ်ဝန်းကျင်၊ ရောဂါပိုးမွားများ၊ အစား အသောက်နှင့် အဖျော်ယမကာ စသည့်အကြောင်းအမျိုးကြောင့်ဖြစ်သော အသည်းခြောက်ရောဂါရှင်များ အလွန်ပင် များပြားလာလျက်ရှိသည်။ အသည်းခြောက် ရောဂါသည်များအနေနှင့် လိုအပ်သော ဆေးဝါးကုသမှုကို ခံယူနေကြသော်လည်း ရှိသင့်သည့်စားသောက်မှု ပုံစံနှင့် ဆောင်ရန်/ ရှောင်ရန် အစားအစာများနှင့် ပတ်သတ်၍ စနစ်တကျ နားလည် သိရှိသူနည်းပါးလှသည်။ ဆေးဝါးကုသမှု ခံယူနေကြသော်လည်း အဆင်ပြေသလို စားသောက်ခြင်းနှင့် ပတ်ဝန်းကျင်မှ အကြံပြုသော မှားယွင်းသည့် နည်းလမ်းများအတိုင်း စားသောက်ခြင်း စသည်တို့ကြောင့် ရောဂါလက္ခဏာများ သက်သာရမည့်အချိန်တွင် သက်သာခြင်းမရှိပဲ ပိုဆိုး လာတတ်ကြသည်။
အသည်းခြောက်ရောဂါသည်များတွင် သာမန်လူများထက်ပို၍ အသားဓာတ်နှင့် ကဆီဓာတ်များ ပိုမိုလိုအပ်သည်။ သို့ရာတွင် အစာကိုကောင်းစွာချေဖျက်နိုင်မှု မရှိခြင်းနှင့် အစာခြေလမ်းကြောင်းမှ အစာစုပ်ယူမှု အားနည်းခြင်းများကြောင့် စားသုံးလိုက်သော အစာမှ လုံလောက်သောအဟာရ မရရှိနိုင်သဖြင့် ခန္ဓာကိုယ် ကြွက်သားများမှ လိုအပ်သော အသားဓာတ်ကိုရယူရပြီး ခန္ဓာကိုယ်ရှိ ကြွက်သားများ အားနည်းလာခြင်းနှင့် ပိန်လှီလာခြင်းများ ဖြစ်ပွားလာရသည်။ ထိုသို့သော နောက်ဆက်တွဲ ပြဿနာများ ခံစားရခြင်း မရှိစေရန်အတွက် ဆေးဝါးကုသမှုခံယူရင်း သင့်တော်သော စားသောက်မှု ပုံစံအတိုင်း နေထိုင် စားသောက်ခြင်းဖြင့် ကြိုတင် ကာကွယ်ထားနိုင်သည်။
အသည်းခြောက်ရောဂါသည်များအတွက်သင့်တော်သော စားသောက်မှုပုံစံ
– အစာချေဖျက်မှု အားနည်းသည့်အတွက် တနေ့တာတွင် ပုံမှန်ပမာဏဖြင့် ထမင်း သုံးနပ်စားမည့်အစား တနပ်လျှင် နည်းနည်းစီဖြင့် တနေ့ ခြောက်ကြိမ်ခန့် စားသုံးသည့် ပုံစံမျိုးစားသောက်ပေးရမည်။
– အစားစားရာတွင်လည်း ကစီဓာတ်ကြွယ်ဝသည့် အစားအစာများ၊ အသားဓာတ် ကြွယ်ဝသည့် အစားအစာများ စသည်တို့ကို အထူးဂရုပြု၍ စားသုံးပေးသင့်သည်။
– ညနေစာကို နောက်ကျမှ စားသင့်ပြီး အချိုဓာတ်ကဲသည့် အစားအစာမျိုးကို ရွေးချယ် စားသုံးပေးရမည်။ (ဥပမာ – ပေါင်မုန့်ယိုသုပ်နှင့် ပျားရည်၊ ငှက်ပျောသီးနှင့် ဒိန်ချဉ်၊ ငှက်ပျောသီး ဖျော်ရည်ချိုချို၊ ပေါင်မုန့်ထောပတ်သုပ်နှင့် နို့တခွက်စသည်ဖြင့် စားသုံးသင့်သည်)
– အစားကောင်းကောင်း မစားနိုင်သူများ၊ ပိန်လှီလွန်းသူများနှင့် အားနည်းနေသူများ အနေနှင့် လိုအပ်လျှင် အဟာရဖြည့်စွက်စာများ စားသုံးပေးသင့်ပြီး ကယ်လ်ဆီယမ်နှင့် ဗီတာမင် ‘D’ ပါဝင်သည့် ဖြည့်စွက်စာမျိုး စားသုံးပေးနိုင်သည်။
– ချိုသော အရသာရှိသည့် အသီးအနှံများကိုလည်း အစာတကြိမ်နှင့် တကြိမ်အကြား မိမိနှစ်သက်သလို စားသုံးပေးသင့်သည်။
– ခြေ/လက်များ ဖောရောင်နေသူများနှင့် ရေဖျဉ်းစွဲ(ဝမ်းဗိုက်ဖောရောင်)နေသူများ အနေနှင် တနေ့တာ စားသုံးသည့် အစားအစာများတွင် အငန်ဓာတ်မပါဝင်စေရေး ဂရုပြု စားသုံးပေးခြင်းဖြင့် သက်သာနိုင်သည်။
– အကယ်၍ ဆီးချိုရောဂါနှင့် အခြားသော ရောဂါများရှိနေသူများအနေနှင့် မိမိပြသနေသည့် ဆရာဝန်နှင့် ထပ်မံတိုင်ပင်၍ စားသောက်ရမည့်ပုံစံနှင့် ပတ်သတ်ပြီး အကြံဉာဏ် တောင်းခံနိုင်သည်။
ကစီဓာတ်ကြွယ်ဝသည့် အစားအသောက်များ
အစားစားရာတွင်လည်း ကစီဓာတ်ကြွယ်ဝစွာ ပါဝင်သည့် အစားအစာများ ဖြစ်သည့် –
– အာလူး၊ ကဇွန်းဥစသည့် ဥအမျိုးမျိုး
– ဂျုံဖြင့်ပြုလုပ်သောခေါက်ဆွဲအမျိုးမျိုး
– ပူရီ၊ ချာပါတီ
– ဘီစကစ်၊ ဝေဖာ၊ ကွတ်ကီးမုန့်များ
– ကိတ်မုန့်၊ ပေါင်မုန့်ညို၊ နို့ပေါင်မုန့်၊
စသည်တို့ကိုပါ အလျင်းသင့်သလို တွဲဖက်၍ စားသုံးပေးရမည်။
အသားဓာတ် ကြွယ်ဝသည့် အစားအသောက်များဖြစ်သည့်
– အသားအမျိုးမျိုး
– ငါးအမျိုးမျိုး၊
– ဥအမျိုးမျိုး၊
– ပဲအမျိုးမျိုး၊
– နို့၊ ဒိန်ခဲနှင့် အခြားသော နို့ထွက်ပစ္စည်းများ စသည့် စားသောက်ဖွယ်ရာများကို တနေ့လျှင် နှစ်ကြိမ်ခန့် ပါဝင်အောင် စားသုံးပေးသင့်သည်။
ဆေးဝါးကုသမှုခံယူနေရင်းမှ အသားဝါခြင်း၊ မျက်စိဝါလာခြင်းနှင့် အကြောင်းမဲ့ စိတ်ညစ်ညူးနေခြင်းစသည့် လက္ခဏာများ ခံစားလာရလျှင် နီးစပ်ရာဆရာဝန်(သို့) သမားတော်တဦးဦးနှင့် တိုင်ပင်ပြီး လိုအပ်သလို ကုသမှုထပ်မံခံယူရမည်။
အသည်းခြောက်ဝေဒနာရှင်များ မိမိနှင့်သင့်တော်သော စားသောက်မှုပုံစံအတိုင်း ရွေးချယ်စားသုံးနိုင်ကြပါစေ။
Dr. Tint Tal