အဆီကျိတ်ဆိုတာဟာ အရေပြားအောက်အလွှာမှာရှိတဲ့ အဆီတစ်သျှူးတွေပွားလာရာကနေဖြစ်တဲ့ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ်ဖြစ်ပါတယ်။
အဆီကျိတ်ကို ဆေးပညာအရ Lipoma လို့ခေါ်ပါတယ်။အဆီကျိတ်တွေကို အများအားဖြင့် လက်မောင်း၊လက်ဖျံ၊ပေါင်၊တင်ပါး၊နောက်ကျောအပေါ်ဘက်နေရာတွေမှာတွေ့ရလေ့ရှိတတ်ပါတယ်။
အဆီကျိတ်ရဲ့ပုံစံလက္ခဏာတွေကိုပြောရရင်တော့
အဆီကျိတ်တွေဟာ ဖြစ်စအရွယ်ကနေ အရမ်းကြီး ကြီးလာတာမျိုးမရှိပါဘူး။နှစ်ချီကြာတော့မှသာအနည်းငယ်ကြီးလာတာမျိုးရှိတတ်ပါတယ်။
အဆီကျိတ်တွေကို စမ်းကြည့်ရင် နာကျင်မှုမရှိဘဲ ပျော့အိအိ ခံစားမှုကို ခံစားရပါတယ်။ရှေ့နောက်ဘယ်ညာကိုလည်းလက်ဖြင့်ရွှေ့ကြည့်ရင် ရွေ့နိုင်ပါတယ်။
အဆီကျိတ်ဖြစ်ရတဲ့အကြောင်းရင်းအတိအကျကိုတော့ခုထိတိတိကျကျမသိသေးပါ။
တချို့သူတွေက ဝလာလို့ အဆီအဆိမ့်တွေအစားများလို့ဖြစ်တယ် ထင်ကြပါတယ်။အဲ့လိုထင်တာဟာ သိပ်မမှန်ပါဘူး။
အဆီကျိတ်က ပိန်တဲ့သူတွေ အဆီအဆိမ့်မစားတဲ့သူတွေမှာလည်းဖြစ်ပါတယ်။
အဆီကျိတ်ဟာ
အသက်၄၀ကနေ၆၀အတွင်းရှိတဲ့သူတွေ
adiposis dolorosa, Cowden syndrome, Gardner’s syndrome,Madelung’s disease စတဲ့ မျိုးရိုးလိုက်ရောဂါနဲ့ရှားပါးရောဂါတွေ ရှိသူတွေ
မိသားစုမျိုးရိုးထဲမှာအဆီကျိတ်ပေါက်ဖူးတဲ့သူရှိတဲ့သူတွေ မှာဆိုရင် ပိုပြီးဖြစ်နိုင်ခြေများပါတယ်။
အဆီကျိတ်ဟာ ကင်ဆာကျိတ်မဟုတ်ဘူး၊ကင်ဆာမပြောင်းသွားနိုင်ဘူးဆိုပေမယ့် အဆီကျိတ်နဲ့အလွန်တူတဲ့ကင်ဆာရောဂါတမျိုးလည်းရှိတာကြောင့် မိမိခန္ဓာကိုယ်မှာအလုံးအကျိတ်တွေ့ရင် သေချာအောင် ဆရာဝန်နဲ့ပြသစမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။
စစ်ဆေးမှုအနေနဲ့ကတော့ အသားစယူစစ်ဆေးတာ၊လိုအပ်ရင် စီတီ၊အမ်အာအိုင် ရိုက်တာတွေ လုပ်နိုင်ပါတယ်။
စမ်းသပ်စစ်ဆေးတာတွေလုပ်ကြည့်လို့ အဆီကျိတ်သေချာရင် ကုသဖို့မလိုပါဘူး။ဒီအတိုင်းထားလို့ရပါတယ်။
ဒါပေမယ့် လူအများစုဟာ အလှအပရေးရာအတွက်နဲ့ ကုသမှုခံယူလေ့ရှိတတ်ပါတယ်။
ဒါ့ပြင် တခါတရံမှာ အဆီကျိတ်တွေဟာကြီးလာကာ အနီးနားက အာရုံကြောတွေသွေးကြောတွေကို ဖိမိနေပြီး နာကျင်မှုကိုခံစားရတာ၊လှုပ်ရှားရခက်တာမျိုးဆိုရင်လည်း ကုသမှုခံယူဖို့လိုပါတယ်။
ကုသမှုအနေနဲ့ကတော့
ခွဲခန်းထဲမှာ ထုံဆေးသုံးပြီးအဆီကျိတ်ကိုခွဲစိတ်ဖယ်ရှားတာ လုပ်နိုင်ပါတယ်။
မခွဲချင်တဲ့သူတွေအနေနဲ့ကတော့
စတီးရွိုက် ဆေးထိုးပြီး အဆီကျိတ်ကို သေးအောင်လုပ်တာ
Liposuction ခေါ် အပ်နဲ့ဆေးထိုးပြွန်သုံးပြီးအဆီတသျှူးတွေကိုစုပ်ထုတ်တာ မျိုးတွေလုပ်နိုင်ပါတယ်။
သို့သော် အဆီကျိတ်ဟာ ကုသမှုခံယူပြီးလည်း နောက်တကြိမ်ပြန်ဖြစ်တာမျိုးဖြစ်နိုင်ပါသေးတယ်။
Dr 528