သတိကြီးကြီးထားဖို့လိုတဲ့ သည်းခြေအိတ်ရောင်ရမ်းခြင်း
သည်းခြေအိတ်ဆိုတာက အသည်းရဲ့အောက်ဘက်နားမှာကပ်ပြီးရှိနေသော မမှုတ်ရသေးတဲ့ ပူစီဖောင်းနဲ့တူတဲ့ ရှည်မျောမျာလုံးဝန်းဝန်းပုံသဏ္ဍာန်အိတ်လေးတခုပါ။
ဆေးပညာအရ Gall Bladder လို့ခေါ်ပါတယ်။
သည်းခြေအိတ် (Gall Bladder) ထဲမှာ အသည်း (Liver) ကနေထုတ်ပေးတဲ့ သည်းခြေရည် (Bile) တွေကို သိုလှောင်ထားပါတယ်။
ထိုသည်းခြေရည် (Bile) တွေက ကျွန်တော်တို့ နေ့စဉ်စားသောက်တဲ့အစားအသောက်တွေထဲမှာပါတဲ့ အဆီတွေကိုခြေဖျက်ရာမှာ အရေးပါပါတယ်။
ကျွန်တော်တို့တွေ အဆီများတဲ့အစားအသောက်တွေကို စားသောက်မိတဲ့အခါမှာ သည်းခြေရည်တွေက သည်းခြေအိတ်ထဲကနေ Common bile duct လို့ခေါ်တဲ့ပြွန်ကိုဖြတ်သန်းပြီး အူသိမ်ထဲရောက်လာကာ အဆီတွေကိုခြေဖျက်ပေးပါတယ်။ဒီလိုဖြစ်အောင်သည်းခြေအိတ်ကညှစ်ထုတ်ပေးပါတယ်။
၁။ အကြောင်းတခုခုကြောင့် သည်းခြေပြွန်ပိတ်ပြီး သည်းခြေရည်တွေဟာ အူသိမ်ဆီမရောက်နိုင်ဘဲ သည်းခြေအိတ်ထဲမှာပဲစုပုံလာခြင်း
(အများအားဖြင့်တော့ သည်းခြေကျောက်နဲ့ပိတ်နေတာကြောင့်ဖြစ်တတ်ပါတယ်။သည်းခြေကျောက်အပြင် သည်းခြေပြွန်ပိတ်စေတဲ့တခြားအကြောင်းတွေလည်းရှိပါတယ်။အဲ့ဒါတွေကတော့ သည်းခြေပြွန်နားတဝိုက်မှာအလုံးအကျိတ်ဖြစ်တာ၊သည်းခြေပြွန်ထဲသန်ကောင်ရောက်နေတာ၊သည်းခြေပြွန်ခေါက်တာ စသဖြင့်ပါ)
၂။ အိတ်အိုင်ဗွီပိုး၊အသည်းရောင်အသားဝါပိုး တွေလို ဗိုင်းရပ်စ်ပိုးတမျိုးမျိုးဝင်ရောက်ကူးစက်ခံရခြင်း
၃။ အကြောင်းတခုခုကြောင့်(ဥပမာ အဖျားကြီးတာကြောင့်)ကိုယ်တွင်းရှိသွေးကြောတွေပျက်စီးပြီး သည်းခြေအိတ်ဆီသွေးထောက်ပံ့မှုနည်းသွားခြင်း
၄။ ကင်ဆာဆေးသွင်းကုသမှုရဲ့ဘေးထွက်ဆိုးကျိုးကြောင့်
၅။ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရခြင်း၊ကြီးကြီးမားမားမီးလောင်ဒဏ်ရာရခြင်းတွေရဲ့နောက်ဆက်တွဲဆိုးကျိုးကြောင့်
စတဲ့အကြောင်းတွေကြောင့် သည်းခြေအိတ်ရောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။
သည်းခြေအိတ်ရောင်ရမ်းပါက
ဝမ်းဗိုက်ညာဘက်အပေါ်ခြမ်းနေရာမှာနာခြင်း
ညာဘက်လက်မောင်းနဲ့ကျောတလျှောက်နေရာတွေပါနာကျင်ခြင်း
အစာမကြေခြင်း
ပျို့အန်ခြင်း
ချမ်းတုန်ဖျားခြင်း တွေခံစားရနိုင်ပါတယ်။
အထူးသဖြင့် အဆီများတဲ့အစာတွေစားပြီးတဲ့အခါမှာ ခံစားရလေ့ရှိပါတယ်။
ဒါတွေအပြင် အသားဝါ၊မျက်လုံးဝါ၊ဝမ်းရောင်ဖျော့သွားတာ တွေပါဖြစ်နိုင်တယ်။
ဖော်ပြပါလက္ခဏာတွေမကြာခဏခံစားရတာ အထူးသဖြင့် အဆီများတဲ့အစာတွေစားပြီးတဲ့အချိန်မှာ ခံစားရတာ ဆိုရင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။
သည်းခြေအိတ်ရောင်မရောင်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊အာထရာဆောင်းရိုက်တာတွေလုပ်နိုင်ပါတယ်။
စစ်ဆေးကြည့်လို့ သည်းခြေအိတ်ရောင်နေတယ်ဆိုရင်တော့ စောစီးစွာ ကုသမှုခံယူဖို့လိုပါတယ်။
ကုသမှုအနေနဲ့ကတော့ သမရိုးကျ ဗိုက်ဖွင့်ခွဲပြီး သည်းခြေအိတ်ကို ဖြတ်ထုတ်တာ သို့မဟုတ် မှန်ပြောင်းနဲ့အပေါက်ဖောက်ခွဲစိတ်နည်းပညာသုံးပြီး ဖြတ်ထုတ်တာတွေလုပ်နိုင်ပါတယ်။
ကုသမှုမခံယူပါဘဲနေပါက ကြာလာရင်
နောက်ဆက်တွဲဆိုးကျိူးအနေနဲ့ အသည်း(liver)မှာ ပိုးဝင်တာ၊အနီးအနားမှာရှိတဲ့ မုန့်ချိုအိတ်ရောင်ရမ်းတာ(Pancreatitis)၊သည်းခြေအိတ်ထဲမှစုနေတဲ့သည်းခြေရည်တွေဟာပိုးဝင်ပြီးပြည်ဖြစ်လာကာ သည်းခြေအိတ်ပေါက်ထွက်ပြီး ဝမ်းဗိုက်အမြှေးပါးရောင်ရမ်းတာတွေ(Peritonitis)ဖြစ်နိုင်ပါတယ်။
ဒီအခြေအနေတွေဖြစ်ပါက အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။
ဒါကြောင့်အဆုံးသတ်အနေနဲ့အကြံပေးချင်တာက သည်းခြေအိတ်ရောင်ရမ်းတာဖြစ်ပြီဆိုရင် အချိန်မဆွဲဘဲ စောစီးစွာကုသမှုခံယူပါ။
သည်းခြေအိတ်ရောင်ရမ်းခြင်းဖြစ်ပွားနိုင်မှု လျော့နည်းအောင်
ကိုယ်အလေးချိန်မတက်အောင်ရှောင်ပါ။အကယ်၍ ကိုယ်အလေးချိန်က တက်နေပါက ကိုယ်အလေးချိန်ကို အချိန်တိုအတွင်းမှာကျအောင်တရားလွန်လျှော့တာမျိူးကို ရှောင်ပါ။
ဟော်မုန်းဆေးများကို ဆရာဝန်နဲ့မပြသဘဲ ဆရာဝန်ညွန်ကြားမှုမရှိဘဲ ရေရှည်သောက်တာကိုရှောင်ပါ။
အဆီအဆိမ့်အငန်ရှောင်ပါ။
ရေများများသောက်ပါ။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ဟင်းသီးဟင်းရွက်များများစားပါလို့ အကြံပေးချင်ပါတယ်။
Dr 528