ကျောက်ကပ်ရောင်တယ်ဆိုတာ
ကျောက်ကပ်၏ အဓိကလုပ်ငန်းဆောင်တာမှာ ခန္ဒာကိုယ်တွင်း အသုံးမလိုသည့်အညစ်အကြေးများနှင့် ပိုလျှံနေသည့် ရေဓာတ်များကို သန့်စင်ပေးခြင်း ဖြစ်ပါသည်။ ဆီးအနေဖြင့် ခန္ဓာကိုယ်အတွင်းမှ စွန့်ပစ်နိုင်ပါသည်။ မော်တော်ယာဉ် တစ်စီး တွင်ရှိသော အိပ်ဇောစနစ်ကဲ့သလို့ ယာဉ်တစ်စီးကောင်းမွန် စွာလည်ပတ်နိုင်ရေးအတွက် မလိုအပ်သည့်အရာများကို ဖယ်ရှားသန့်စင်ပေးခြင်းဖြစ်ပါသည်။
ဘက်တီးရီးယားပိုး ကူးစက်ခြင်းမှတစ်ဆင့် ဆီးလမ်းကြောင်းရောင်ခြင်း ဖြစ်စေနိုင်ပါသည်။
မကြာခဏ ဆိုသလို ဆီးအိမ်ဆီသို့ ကူးစက်ခံရနိုင်ပါသည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် နာကျင်ကိုက်ခဲမှု ဝေဒနာကို ခံရနိုင်သော်လည်း အလွန်အမင်း ပြဿနာမရှိသေးပါ။
သို့သော် ယင်းဆီးလမ်းကြောင်းသို့ ဝင်ရောက်နေသောပိုးသည် ကျောက်ကပ်မှ ဆီးပြွန်သို့သွားသည့် (Ureter) ဆီးပြွန်မှတဆင့် ကျောက်ကပ်သို့ ဝင်ရောက်သွားပါက ကျောက်ကပ်ရောင်ခြင်းဝေဒနာ ဖြစ်လာနိုင်ပါသည်။ ယင်းဝေဒနာကို ဆရာဝန်များက Pyelonephritis ဟုလည်းခေါ်ပါသည်။ ကျောက်ကပ်ရောင်ခြင်းဖြစ်ပြီဆိုပါက သေချာစွာကုသရန် လိုအပ်ပြီး မကုသလျှင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါသည်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှတစ်ဆင့် ဆီးအိမ်သို့ကူးစက်ကာကျောက်ကပ်အထိပြန့်ပွားနိုင်ပါသည်။ ယင်းဘက်တီးရီးယားကို အီကိုလိုင်းဟုခေါ်ပြီး တခြားသောပိုးမွှားများမှာလည်းကျောက်ကပ်ရောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အရည်ပြားမှတဆင့် သွေးတွင်းဝင်ရောက်ကာ ကျောက်ကပ်ကို ကူးစက်ခြင်းမျိုးလည်းရှိသော်လည်း ဖြစ်ပွားမှု နည်းပါးပါသည်။
ကျောက်ကပ်ရောင်ရောဂါသည် မည်သူ့တွင်မဆိုဖြစ်နိုင်ပါသည်၊
မည်သူမဆိုဖြစ်နိုင်ပါသည်။ ဆီးအိမ်သို့ ပိုးဝင်ကူးစက်ပြီး ကျောက်ကပ်ရောင်ခြင်းသည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုအဖြစ်များနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးသမီးများ၏ ဆီးသွားပြွန်ငယ် (Urethra) သည် အမျိုးသားများထက်ပိုပြီး လမ်းကြောင်းတိုသလို အမျိုးသမီးအင်္ဂါနှင့် စအိုမှာ ပိုပြီးနီးကပ်သည့်အတွက် ဘက်တီးရီးယားပိုးများ ပိုမိုရှင်သန်နိုင်ပါသည်။ ဘက်တီးရီးယားများသည် ဆီးအိမ်သို့ လမ်းကြောင်းတိုတောင်းစွာ ရောက်ရှိနိုင်သောကြောင့် ကျောက်ကပ်သို့ လျင်မြန်စွာ ပျံ့နှံ့နိုင်ပါသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ဆီးအိမ်ပိုးဝင်ခြင်းအား ပိုမိုခံစားရနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဝမ်းတွင်းမှသန္ဓေသားလောင်း၏ ဖိအားသည် မိခင်၏ ဆီးအိမ်ပေါ်တွင်ရှိနေပြီး ဆီးသွားခြင်းကိုလည်း နှေးကွေးစေသည့်အတွက် ဖြစ်ပါသည်။
ဆီးလမ်းကြောင်းရောင်ရာတွင် မည်သည့်ပြဿနာပဲရှိရှိ ဆီးသွားခြင်းကို တားမြစ် နိုင်ကာ ကျောက်ကပ်ရောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ကျောက်တည်ခြင်း (သို့မဟုတ်) ဆီးကျိပ်ကြီးခြင်း ဆီးထွက်လမ်းကျဉ်းခြင်း၊ ဆီးသွားလမ်းကြောင်းပုံမမှန်ခြင်း၊ ဆီးအိမ်မှ ဆီးများ ကျောက်ကပ်ပြွန်သို့ ဆန်တက်ခြင်း များဖြစ်နိုင်ပါသည်။
တခြားသော အကြောင်းအရင်းများအနေဖြင့် ဆီးအိမ်အတွင်းမှ အာရုံကြောပျက်စီးခြင်း၊ ဆီးကျိပ်ယောင်ခြင်း၊ ဆီးပိုက်ထည့်ထားရခြင်းနှင့် ဆီးချိုရောဂါအမျိုးအစား ၂ မျိုးကြောင့် ခုခံအားနည်းနေခြင်း စသည်တို့ဖြစ်ပါသည်။
ရောဂါလက္ခဏာ
၁။ ဆီးအတွင်း သွေး (သို့) ပြည်ပါလာခြင်း
၂။ အဖျားကြီးခြင်း
၃။ အစားစားလိုစိတ် မရှိခြင်း
၄။ ခါးဘေးတလျှောက်နှင့် နောက်ကြောဘက် နာကျင်ခြင်း
၅။ အစာအိမ်နာခြင်း
၆။ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းများ ဖြစ်ပါသည်။
ဆီးအိမ်အတွင်းသို့ ပိုးဝင်ရာတွင် ယင်းအချက်များနည်းတူ ဆီးသွားစဉ် နာကျင်ကိုက်ခဲခြင်း၊ ဆီးသွားရခက်ခြင်း၊ ဆီးအနံ့ဆိုးရွားခြင်း၊ ခါးအောက်ပိုင်း နာကျင်ခြင်းနှင့် ပုံမှန်ထက်ပိုပြီးဆီးသွားရခြင်းများ ဖြစ်စေနိုင်ပါသည်။ ယင်းလက္ခဏာများ ပြနေပါက သက်ဆိုင်ရာဆရာဝန်ထံ ပြသရမည်ဖြစ်သကဲ့သို့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို မပေါ့ဆသင့်ဘဲ ကျောက်ကပ်သို့ ကူးစက်နိုင်ကြောင်းကို သိရှိထားရပါမည်။
မကုသဘဲနေမည်ဆိုပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် သွေးဆိပ်တက်ခြင်းများ ဖြစ်ပေါ်ကာ
အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါသည်။ သင့်အနေဖြင့် ကိုယ်ဝန်ဆောင်ဖြစ်ပါက ရင်သွေးငယ်အား ထိခိုက်နိုင်ပါသည်။
ရောဂါရှာဖွေကုသမှုအပိုင်းတွင် ဆီးအတွင်းပါဝင်လာသည့် သွေး၊ ပြည်နှင့် ဘက်တီးရီးယားများကို စစ်ဆေးရပါမည်။ မည်သည့်ပိုးမွှား ကူးစက်ခံထားရသည်ကို ကြည့်ရှုစစ်ဆေးရပါမည်။ ဆီးသွားရာလမ်းတစ်လျှောက် အတားအဆီးရှိမရှိကို Ultrasound သို့ CT Scan ရိုက်ကူးခြင်းဖြင့် သိရှိနိုင်ပါသည်။ ဆီးအိမ်နှင့် ဆီးထွက်လမ်းဆိုင်ရာ ပြဿနာများအတွက်
X Ray အသုံးပြုပြီးလည်း စစ်ဆေး နိုင်သလို ကလေးငယ်များမှာ ဆီးအိမ်မှ ဆီးများ ကျောက်ကပ်ပြွန်သို့ ဆန်တက်ခြင်း ဝေဒနာ ဖြစ်ပါကလည်း အသုံးပြုလေ့ရှိပါသည်။
ပထမအဆင့်အနေဖြင့် ပိုးသတ်ဆေးများကို တစ်ပတ်မှ နှစ်ပတ်ခန့် သောက်သုံးရန် လိုအပ်ပါသည်။
ရောဂါပြင်းထန်ပါက ဆေးရုံတက်ရန် လိုအပ်ပြီး ပိုးသတ်ဆေးများကို အကြောမှတစ်ဆင့်
သွင်းရန်လိုအပ်ပါသည်။ ကျောက်ကပ်ရောင်ခြင်းဝေဒနာ ခံစားရပါက ဆီးထွက်လမ်းတစ်လျှောက် ပြဿနာဖြစ်နေပြီ ဖြစ်ပါသည်။ ဆီးနှင့်ကျောက်ကပ် ကျွမ်းကျင်သူများနှင့် ပြသရန်လိုအပ်ပြီး လိုအပ်ပါက ခွဲစိတ်ကုသရမည် ဖြစ်ပါသည်။
ပိုမိုသက်သာကောင်းမွန်လာစေရန်
ရေများများသောက်ပေးရန် လိုအပ်ပါသည်။ ပိုမိုအနားယူရန် လိုအပ်ပါသည်။ ရေအိမ်ဝင်သည့်အခါ စောင့်ကြောင့်ထိုင်ရသည့် ရေအိမ်မျိုးကို ရှောင်ကြဉ်သင့်ပါသည်။ နာကျင်မှု သက်သာစေမည့် Acetaminophen ကဲ့သို့သော အကိုက်အခဲပျောက်ဆေးမျိုးကို သောက်သုံးသင့်ပြီး asprin ၊ ibuprofen နှင့် naproxen ကဲ့သို့ အကိုက်အခဲပျောက်ဆေးမျိုးများကို ရှောင်သင့်ပါသည်။ ခါး၊ နောက်ကျောနှင့် ဘေးဘက်အခြမ်းများကို ရေနွေးအိတ်ကပ်ပေးသင့်ပါသည်။
ဆီးအိမ်ပိုးဝင်ခြင်းအတွက် ဆောင်ရန် ရှောင်ရန် အချက်များရှိပါသည်။ ရှောင်ရန်အချက်များအနေဖြင့် မျိုးပွားအင်္ဂါကို စပရေး (သို့မဟုတ်) ဆေးရည်အသုံးပြုဖြန်းခြင်း ၊ ကွန်ဒုံး (သို့မဟုတ်) သားအိမ်အတွင်းထည့်ရသည့် သန္ဓေတားပစ္စည်းများတွင် သုတ်ပိုးသေဆေးသုံးခြင်းများကို ရှောင်ကြဉ်သင့်ပါသည်။
ယင်းသို့အသုံးပြုခြင်းသည် ပိုးမွှားများကြီးထွားဖို့ရာ အစပြုသလိုဖြစ်စေပြီး ဆီးထွက်ရာလမ်းမှတစ်ဆင့် ရောဂါပိုးဝင်ရောက်ကာ စပ်ဖျဉ်းဖျဉ်း ခံစားရစေနိုင်ပါသည်။ ဆောင်ရန် အချက်များအနေဖြင့် ရေများများသောက်သုံးခြင်းကို အလေးထားသင့်ပါသည်။ လိင်ဆက်ဆံပြီးသည့်အခါမှ ဆီးသွားသင့်ပါသည်။ ရေအိမ်ဝင်ပါက ရေ၊ စက္ကူဖြင့်သေချာစွာသန့်စင်ပေးသင့်ပါသည်။
Dr.Z