လည်ချောင်းယားယံခြင်း ဝေဒနာကို လူတိုင်းခံစားရဖူးပါလိမ့်မယ်။ အထဲလည်း ကုတ်မရနဲ့ယားနေတဲ့ဝေဒနာဟာ အခံရခက်ဆုံးပါ။ လည်ချောင်းယားခြင်းဟာ ဓာတ်မတည့်တဲ့အကြောင်းကြောင့် သို့မဟုတ် ဗိုင်းရပ်နှင့် ဗက်တီရီးယားပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်လာတဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။
လည်ချောင်းယားယံခြင်းဖြစ်စေသောအချက်များစွာရှိပါတယ်။
(၁) ဓာတ်မတည့်မှုကြောင့် နှာစေးခြင်း
လည်ချောင်းယားယံခြင်းဟာ ဓာတ်မတည့်မှုကြောင့် နှာစေးခြင်းကြောင့် အများဆုံးဖြစ်ပါတယ်။ အမေရိကန်မှာ ဓာတ်မတည့်မှုကြောင့် ယားယံနှာစေးခြင်း အများဆုံးဖြစ်လေ့ရှိပါတယ်။ ဓာတ်မတည့်မှုဖြစ်ခြင်းဆိုသည်မှာ အန္တာရာယ်မရှိဘူးလို့ ယူဆရတဲ့အရာကို ခန္ဓာကိုယ်က တုံပြန်မှုလွန်ကဲမှု ဖြစ်စဉ်ကြောင့် ယားယံခြင်းဖြစ်စေပါတယ်။ ဥပမာ-ပန်းဝတ်မှုန့်၊ ဖုန်မှုန့်၊ စီးကရက်အငွေ့နဲ့ အမွေးတွေ။
(၂) အစားအစာကြောင့် ဓာတ်မတည့်ခြင်း
မိမိစားလိုက်တဲ့အစာအမျိုးအစားဟာ မိမိနဲ့ ဓာတ်မတည့်မှုဖြစ်ပါက ပထမဦးစွာ လည်ချောင်းယားယံခြင်း ဖြစ်စေနိုင်ပါတယ်။ ပိုဆိုးပါက အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဥပမာ-ပဲအမျိုးမျိုး။ ပင်လယ်စာများ။ နို့ထွက်ပစ္စည်းများ
(၃) ဆေးဝါးနှင့် မတည့်ခြင်း
အချို့ဆေးဝါးတွေ ပင်နယ်ဆလင်နဲ့ ပိုးသတ်ဆေးကဲ့သို့ ဆေးဝါးတွေဟာ မိမိနဲ့မတည့်ပါက ဓာတ်မတည့်မှုတွေ ဖြစ်စေပါတယ်။ ယားယံခြင်း အစပြုရာကနေ အသက်သေတဲ့အထိ ဆုံးရှုံးမှုများပါတယ်။ ဆေးဝါးဓာတ်မတည့်ခြင်းမှာ စသောက်တာနဲ့ လည်ချောင်းယားယံခြင်းက လျင်မြန်စွာဖြစ်လာစေနိုင်ပါတယ်။
(၄) ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်မှုဖြစ်ခြင်း
အာသီးရောင်ခြင်းဖြစ်စေတဲ့ ဗက်တီးရီးယားပိုးဟာ လည်ချောင်းယားယံခြင်း အစပြုကာ လည်ချောင်းနာတဲ့အထိ ပိုဆိုးစေနိုင်ပါတယ်။ ရာသီတုပ်ကွေးကြောင့်လည်း လည်ချောင်းယားယံမှု ဖြစ်စေပါတယ်။ ပုံမှန်အအေးမိခြင်းဟာ လည်ချောင်းယားယံခြင်း သာမန်သာဖြစ်ပြီး တုပ်ကွေးရောဂါကြောင့်ဖြစ်ပါက ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းပါ အတူတကွ ခံစားရနိုင်ပါတယ်။
(၅) ရေဓာတ်ခန်းခြောက်ခြင်း
ရာသီဥတုပူ၍ ဖြစ်စေ၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်ဖြစ်စေ၊ ဖျားနာခြင်းကြောင့်ဖြစ်စေ ရေဓာတ်ဆုံးရူံးကာ ရေဓာတ်ခမ်းခြောက်မူကြောင့်လည်ချောင်းခြောက်ကာ ယားယံစေပါတယ်။
(၆) အချဉ်ပြန်ခြင်း
ရင်ပူခြင်းဖြစ်စေသော အက်ဆစ်အချဉ်ပြန်တက်ခြင်းကြောင့် လည်ချောင်းယားယံနာကျင်စေပါတယ်။ တချို့အက်ဆစ်ပြန်ခြင်းလူနာတွေမှာ လည်ချောင်းယားခြင်းသာ ခံစားရတတ်ပါတယ်။
(၇) အချို့ဆေးဝါးဆိုးကျိုးများ
အချို့ဆေးဝါးတွေဟာ ဆိုးကျိုးအနေဖြင့် လည်ချောင်းယားယံပြီး ချောင်းခြောက်ဖြစ်စေတတ်ပါတယ်။ ဥပမာ-တချို့သွေးကျဆေး
လည်ချောင်းယားယံခြင်းဟာ ဖြစ်ရခြင်းအကြောင်းရင်းပေါ် မူတည်ပြီး ကုသရပါတယ်။ တချို့အကြောင်းရင်းကြောင့်ဆိုလျှင် အိမ်တွင်းကုသမှုလေးတွေနဲ့ ပြေလည်သက်သာစေနိုင်ပါတယ်။
– ပျားရည်ကို လက်ဖက်စားဇွန်းတစ်ဇွန်း သောက်ခြင်း
– ဆားရေဖြင့် ပလုတ်ကျင်းခြင်း
– လည်ချောင်းယားယံပျောက်စေတဲ့ ငုံဆေးများငုံခြင်း
– နှာခေါင်းဖြန်းဆေးဖြန်းခြင်း
– လိမ္မော်နဲ့ ပျားရည်စပ်ဖျော်ထားတဲ့ရေပူတစ်ခွက်သောက်ခြင်းစတာတွေကို အသုံးပြုနိုင်ပါတယ်။
ဓာတ်မတည့်ခြင်းကြောင့် လည်ချောင်းယားယံပါက အယားပျောက်ဆေးနဲ့ နှာခေါင်းဖြန်းဆေးသုံးပါက သက်သာစေနိုင်ပါတယ်။ အအေးမိပါကလည်း အိမ်သုံးဆေးဝါးတွေနဲ့ ပျောက်ကင်းစေနိုင်ပါတယ်။
ကာကွယ်ခြင်း
လည်ချောင်းယားယံခြင်းမဖြစ်စေရန် ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့
– ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ
– ရေများများသောက်ပါ
– အရက်မသောက်ပါနဲ့
– ရောဂါကူးစက်မှုသက်သာစေရန် လက်ကို သေချာဆေးပါ
– လေကောင်းလေသန့် ရရှိသောနေရာမှာ နေပါ
လည်ချောင်းယားယံခြင်းကို ၁၀ ရက်ကျော်ခံစားရပါက သေချာဆရာဝန်နှင့်ကုသပါ။ လည်ချောင်းယားယံခြင်းအပြင်
– အသက်ရှူခက်ခဲခြင်း
– အသံမြည်ခြင်း
– အဖုအပိန့်အင်ပျဉ်ထခြင်း
– မျက်နှာဖောယောင်ခြင်း
– လည်ချောင်းဆိုးရွားစွာနာခြင်း
– ဖျားခြင်း
– မျိုချရခက်ခြင်းစသော အချက်များမှ အချက်တစ်ချက်သာ ဖြစ်ခဲ့ပေမဲ့ အမြန်ဆုံးအရေးပေါ်ဆေးဝါးကုသမှုခံယူရန် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။
Author: Dr. Pyae Shin