တီဘီရောဂါဆိုရင် အချို့က အဆုတ်မှာပဲဖြစ်တယ်လို့ထင်တတ်ကြပါတယ်။တကယ်တော့ တီဘီရောဂါက အဆုတ်မှာအပြင် အရိုး၊အူ စတဲ့ ခန္ဓာကိုယ်နေရာအနှံ့အပြားမှာဖြစ်နိုင်ပါတယ်။
ဒီတပတ်မှာတော့ အူမှာဖြစ်တဲ့တီဘီရောဂါအကြောင်းရေးသားတင်ပြချင်ပါတယ်။
အူတီဘီကို ဆေးပညာအရ TB intestine လို့ခေါ်ပါတယ်။
အူတီဘီဖြစ်ရတဲ့အကြောင်းရင်းတွေ အနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
– တီဘီရောဂါပိုးရှိတဲ့နွားရဲ့အသား၊နို့ သို့မဟုတ် နို့ကနေရတဲ့ထောပတ်တွေကို သေချာမချက်ပြုတ်ဘဲ စားမိသောက်မိရာမှတဆင့် အူလမ်းကြောင်းထဲတီဘီပိုးတိုက်ရိုက်ဝင်ရောက်ပြီး အူတီဘီဖြစ်တာလည်းရှိသလို
– ခန္ဓာကိုယ်တနေရာရာမှာတီဘီဖြစ်နေပြီး(ဥပမာအဆုတ်မှာတီဘီဖြစ်တာ၊ပြန်ရည်အကျိတ်တွေမှာတီဘီဖြစ်တာ)အဲ့ကနေ အူဆီတီဘီပိုးပြန့်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။
– အဆုတ်တီဘီရောဂါဖြစ်ပြီး မိမိသလိပ်ထဲမှာလည်း တီဘီပိုးရှိကာ ထိုသလိပ်ကိုအကြောင်းအမျိုးမျိုးကြောင့် ထွေးမထုတ်မိဘဲ မျိုချမိရာကနေလည်းအူတီဘီဖြစ်နိုင်ပါတယ်။
အူတီဘီဟာ အူသိမ်အဆုံးပိုင်းနဲ့အူမကြီးအစပိုင်း(Ileo-caecum)နေရာမှာ ဖြစ်လေ့ရှိတတ်ပါတယ်။
အေအိုင်ဒီအက်စ်ရှိတဲ့သူတွေ၊ဆီးချိုရောဂါအခံရှိသူတွေ၊အကြောင်းအမျိုးမျိုးကြောင့်ကိုယ်ခံအားကျနေတဲ့သူတွေမှာဆိုရင် အူတီဘီဖြစ်နိုင်ခြေပိုများပါတယ်။
အူတီဘီရဲ့လက္ခဏာတွေကတော့
အဆုတ်တီဘီမှာဖြစ်သလိုပဲ အဖျားငွေ့ငွေ့နဲ့ညနေညနေအဖျားတက်တာ၊နှစ်ပတ်ကျော်အောင်ဖျားတာ၊ညဘက်ချွေးအလွန်အကျွံ့ထွက်တာ၊ချောင်းဆိုးသလိပ်ထွက်တာ၊နုံးတာ၊အစားအသောက်ပျက်တာ၊ပြန်ရည်အကျိတ်တွေကြီးလာတာတွေဖြစ်နိုင်ပါတယ်။
ဒါတွေအပြင် အူတီဘီမှာထပ်ဖြစ်နိုင်တာတွေကတော့ ဗိုက်ညာဘက်အခြမ်းအောက်နားမှာ မကြာခဏအောင့်တာ၊နာတာ၊ဝမ်းခဏခဏလျှောတာ သို့မဟုတ် ဝမ်းခဏခဏချုပ်တာ၊ဝမ်းထဲသွေးပါတာ၊ဗိုက်မှာအလုံးအကျိတ်ဖြစ်တာတွေဖြစ်နိုင်ပါတယ်။
ဒီလိုတွေဖြစ်ပြီဆိုရင် စောစီးစွာဆရာဝန်နဲ့ပြသပြီး အူတီဘီဟုတ်မဟုတ်စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။
လုပ်နိုင်တဲ့စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သလိပ်စစ်တာ၊သွေးစစ်တာ၊ဝမ်းစစ်တာ၊ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊ဝမ်းဗိုက်ပိုင်းဓါတ်မှန်ရိုက်တာ၊Barium meal follow through ခေါ်ဆေးဓါတ်မှန်ရိုက်တာ၊စီတီရိုက်တာ၊မှန်ပြောင်းကြည့်ပြီးအသားစယူတာ စသဖြင့်ပါ။
ဒီလိုတွေစစ်ကြည့်လို့ အူတီဘီလို့ယူဆရရင်တော့ ကုသမှုအမြန်ဆုံးခံယူဖို့လိုပါတယ်။
ဘာလို့လဲဆိုတော့ အူတီဘီရောဂါက နောက်ဆက်တွဲအနေနဲ့ အူမှာအနာဖြစ်ရာကနေ အူပိတ်တာ၊အူပေါက်တာတွေဖြစ်နိုင်လို့ပါ။
အဲ့လိုတွေဖြစ်လာရင် ဗိုက်အရမ်းနာတာ၊အရမ်းအန်တာတွေဖြစ်ပြီး အရေးပေါ်အခြေအနေဖြစ်သွားကာ အသက်ဆုံးရှုံးရသည်အထိဖြစ်သွားနိုင်ပါတယ်။
အူတီဘီရဲ့ကုသမှုအနေနဲ့ကတော့ အူပိတ်တာ၊အူပေါက်တာ စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေမရှိတဲ့ အစောပိုင်းအဆင့်မှာဆိုရင် တီဘီဆေးကို တနှစ်လောက်သောက်ရပါမယ်။
အူပိတ်တာ၊အူပေါက်တာမျိုးရှိခဲ့ရင်တော့ ခွဲစိတ်ပြီး အူကိုပြုပြင်မှုတွေပါလုပ်ဖို့လိုပါတယ်။ခွဲစိတ်ပြုပြင်ပြီးတဲ့အခါမှာလည်း တီဘီဆေးကို တနှစ်လောက်သောက်ဖို့လိုပါတယ်။
တီဘီဆေးသောက်နေတဲ့အချိန်မှာ ကောင်းကောင်းစားပြီး ကောင်းကောင်းအနားယူဖို့လည်းလိုပါတယ်။
အူတီဘီရောဂါဖြစ်နိုင်ခြေနည်းအောင်ကတော့ နွားနို့သောက်တဲ့အခါ သန့်ရှင်းလတ်ဆတ်တဲ့နွားနို့ကိုဝယ်ပြီး သေချာကျိုချက်သောက်ပါ။အမဲသားစားရင်လည်းသန့်ရှင်းလတ်ဆတ်တဲ့အမဲသားကိုဝယ်ပြီး သေချာကျက်အောင်ချက်ပါ။
အဆုတ်တီဘီဖြစ်ပြီးသလိပ်ထဲမှာရောဂါပိုးရှိသူများအနေနဲ့ဆိုရင်လည်း မိမိသလိပ်ကို ဘယ်လိုအကြောင်းကြောင့်နဲ့မှဖြစ်ဖြစ် မျိုမချမိအောင်ဂရုစိုက်ပြီး အတတ်နိုင်ဆုံးထွေးထုတ်ပါလို့ အကြံပေးချင်ပါတယ်။
Dr 528