လိပ်ခေါင်းရောဂါ သက်သာချင်သလား
လိပ်ခေါင်းရောဂါဆိုသည်မှာ စအိုဝပတ်လည်ရှိ သွေးပြန်ကြောများ ဖောင်းလာ၍ ဖြစ်သော ကျန်းမာရေးပြဿနာတရပ်ပင်ဖြစ်ပြီး အဖြစ်များသော ရောဂါတမျိုးလည်း ဖြစ်သည်။ ဖောင်းလာသော သွေးပြန်ကြော၏နေရာကိုလိုက်၍ ခေါ်ဆိုပုံအမျိုးမျိုးရှိပြီး အစာဟောင်းအိမ် (စအိုအတွင်းပိုင်း)မှ သွေးပြန်ကြောများဖောင်းနေခြင်းကို အတွင်း လိပ်ခေါင်းရောဂါဟု ခေါ်ဆိုပြီး စအိုဝ၏ အပြင်ဘက်မှ သွေးပြန်ကြောများ ဖောင်းလာခြင်းကို အပြင်လိပ်ဟု ခေါ်ဆိုကြသည်။
လိပ်ခေါင်းရောဂါလက္ခဏာများ
လိပ်ခေါင်းရောဂါအများစုသည် ပြင်းထန်သည့်လက္ခဏာများ ခံစားရခြင်းမရှိပဲ ဖြစ်ပွားရသော အကြောင်းအရင်းကိုလိုက်၍ အချိန်တိုအတွင်း ပျောက်သွားတတ်သည့် ရောဂါဝေဒနာရှင်များလည်း ရှိသည်။ ရောဂါသည်အများစုသည် နာကျင်ခြင်းနှင့် အခြား မည်သည့်လက္ခဏာမှ ခံစားရခြင်းမရှိသဖြင့် ရောဂါရှိနေမှန်းပင် မသိ၍ ဂရုမစိုက်မိကြပဲ နောက်ပိုင်းတွင် အရွယ်အစား ပိုကြီးလာပြီး ရောဂါလက္ခဏာများ ခံစားလာရမှသာ ဆေးရုံ၊ ဆေးခန်းများသို့ ရောက်လာတတ် ကြသည်။
အတွင်းလိပ်သမားများထက်ပို၍ အပြင်လိပ်သမားများက နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်း လက္ခဏာများ ခံစားရလေ့ရှိပြီး သာမန်အားဖြင့် အတွေ့များသော ရောဂါ လက္ခဏာများမှာ –
– ဝမ်းသွားလျှင် အနီရောင်သွေးစများ ပါလာခြင်း
– စအိုဝမှ အသားပို/အစိုင်အခဲ တခုခု ထွက်နေသည်ကို သတိထားမိခြင်း
– အပြင်ထွက်နေသည့် အသားပို/အစိုင်အခဲကို အစပိုင်းတွင် ပြန်ထည့်လျှင် ဝင်သွား သော်လည်း နောက်ပိုင်းတွင် ပြန်ထည့်မရသည့်အပြင် နာကျင်လာခြင်း
– ဝမ်းသွားလျှင် အကြိအချွဲများ ပါလာတတ်ခြင်း
– စအိုဝမှ ယားယံခြင်း၊ နာကျင်ခြင်း၊ ရောင်နေတတ်ခြင်းနှင့် ဝမ်းသွားရမည်ကိုပင် စိုးရိမ် လာခြင်း။
ဖြစ်ပွားရသော အကြောင်းအရင်းများ
စအိုနှင့် အစာဟောင်းအိမ်ရှိ သွေးပြန်ကြောများအတွင်း သာမန်ထက်ပိုသော ဖိအား သက်ရောက်မှုကြောင့် သွေးပြန်ကြောများရောင်လာနိုင်ပြီး တဖြည်းဖြည်း ဖောင်းလာကာ လိပ်ခေါင်းရောဂါဖြစ်ပွားရသည်။ သွေးပြန်ကြောအတွင်း ဖိအားများခြင်း ကို အများဆုံးဖြစ်ပွားစေသည့် အကြောင်းအရင်းမှာ ဝမ်းချုပ်ခြင်းကြောင့် ဝမ်းကို ညှစ်၍ ပါရခြင်းဖြစ်သည်။
အခြားသော လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်သည့် အကြောင်းအရင်း များမှာ –
– အသက်အရွယ်ကြီးသူများ
– မိသားစုအတွင်း လိပ်ခေါင်းဖြစ်ပွားဖူးခြင်း ရှိသူများ
– အချိန်ကြာမြင့်စွာ ချောင်းဆိုးနေသူများ
– ရောဂါတခုခုကြောင့် မကြာခဏ အန်တတ်သူများ
– အလေးအပင် ‘မ’နေရသူများ
– ဝလွန်းသူများ
– ကိုယ်ဝန်ဆောင်များ
– အချိန်ကြာမြင့်စွာ ထိုင်နေရသူများနှင့် မက်တပ်ရပ်နေရသူများ
– ဝမ်းမကြာခဏ ချုပ်တတ်သူများနှင့် ဝမ်းလျောတတ်သူများ
– ဝမ်းသွားလျှင် ညှစ်၍ သွားတတ်သူများ စသည်ဖြင့် ဖြစ်သည်။
လိပ်ခေါင်းရောဂါမှ သက်သာစေရန်
မည်သို့သော အကြောင်းအရင်းကြောင့် လိပ်ခေါင်းရောဂါဖြစ်ပွားရသည်ဖြစ်စေ ဆေးဝါးများဖြင့်ကုသမှုမှ ခံယူရန်မလိုပဲ သူ့အလိုလို သက်သာပျောက်ကင်းသွား နိုင်သည်။ ကိုယ်ဝန်ဆောင်များတွင် ဖြစ်သော လိပ်ခေါင်းရောဂါသည် ကလေးမွေးပြီး နောက်ပိုင်း ပျောက်ကင်းသွားနိုင်မည် ဖြစ်သလို အောက်ဖော်ပြပါ ကျန်းမာရေး အကြံပြု ချက်များ လိုက်နာ ဆောင်ရွက်ခြင်းဖြင့်လည်း လိပ်ခေါင်းရောဂါကို သက်သာစေနိုင်ပြီး မကြာခဏ ပြန်ဖြစ် တတ်ခြင်းမျိုးမှလည်း ကာကွယ်နိုင်မည်ဖြစ်သည်။
(၁) ဝလွန်းသူများ ဝိတ်လျော့ပါ
ဝိတ်လျော့ခြင်းဖြင့် အစာဟောင်းအိမ်နှင့် စအိုပြင်ပသွေးပြန်ကြောများအတွင်းရှိ ဖိအားကျစေနိုင်သဖြင့် လိပ်ခေါင်းရောဂါ သက်သာစေနိုင်သည်။
(၂) ဝမ်းကိုအောင့်ထားတတ်သည့် အကျင့်ကိုပြင်ပါ
ဝမ်းသွားချင်စိတ်ပေါ်လာလျှင် ချက်ခြင်းထ၍သွားတတ်သည့် အကျင့်ကို ပြုလုပ် ပေးထားရမည်ဖြစ်သည်။ ချက်ခြင်းထမသွားသေးပဲ အောင့်ထားတတ်သူများတွင် အချိန် ကြာလာလျှင် လိပ်ခေါင်းရောဂါဖြစ်ပွားစေနိုင်သလို ရောဂါရှိပြီးသူများတွင်လည်း ရောဂါ လက္ခဏာများ ပို၍ ဆိုးလာစေနိုင်သည်။
ဝမ်းသွားရာတွင် အချိန်ကြာမြင့်စွာ ထိုင်နေခြင်းမျိုးနှင့် အိမ်သာတက်လျှင် ဖုန်းနှင့် စာအုပ်များ ယူသွား၍ အသုံးပြုတတ်သည့် အကျင့်မျိုးကိုလည်း အထူးဂရုပြု ရှောင်ကျဉ် ကြရန်လိုသည်။
(၃) လေ့ကျင့်ခန်းများများလုပ်ပါ
အလေးအပင်မသည့် လေ့ကျင့်ခန်းမျိုးမဟုတ်ပဲ ခပ်ဖွဖွပြေးခြင်းမျိုးနှင့် စက်ဘီးစီး ခြင်းကဲ့သို့ လေ့ကျင့်ခန်းများပုံမှန်ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ထိန်းပေးနိုင်သလို သွေးတိုးခြင်းကိုလည်း ကာကွယ်နိုင်သဖြင့် လိပ်ခေါင်းရောဂါမှ သက်သာနိုင်သည်။
(၄) အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ စားသုံးပါ
အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆံများကို များများ စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်နိုင်သလို ဝမ်းချုပ်ခြင်းကြောင့်ဖြစ်ရသော လိပ်ခေါင်းရောဂါ လက္ခဏာများမှလည်း သက်သာနိုင်မည်ဖြစ်သည်။
(၅) အရည်များများသောက်ပါ
ရေနှင့် ဖျော်ရည်များကို များများသောက်သုံးပေးခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းစေနိုင်ရုံသာမက ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်စေနိုင်သည်။ အထူးသဖြင့် မကျည်းသီးဖျော်ရည်၊ ဒိန်ချဉ်နှင့် အခြားသော အသီးဖျော်ရည်များကို မကြာမကြာ သောက်သုံးပေးသင့်သည်။ သို့ရာတွင် လိပ်ခေါင်းရောဂါ ခံစားနေရသူများအနေနှင့် ကော်ဖီ၊ လဘက်ရည်များနှင့် အရက်နှင့် အရက်ပါသော အဖျော်ယမကာများ သောက်သုံးခြင်းကိုမူ ဂရုပြုရှောင်ကျဉ်ကြရန်လိုသည်။
(၆) ရေနွေးခွက်အတွင်း ထိုင်သည့် ကုသမှု ခံယူပါ
လိပ်ခေါင်းရောဂါရှိနေသူများ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို ခံစားနေရလျှင် မိမိ အိမ်တွင်ပင် ရေဇလားတခုအတွင်း စအိုဝ မြုပ်လောက်ရုံခန့် ရေနွေးနွေးကို ဆားအနည်းငယ်ရောထည့်၍ တနေ့လျှင် ၁၅မိနစ်ခန့်ထိုင်ပေးခြင်းဖြင့် လက္ခဏာများ သက်သာနိုင်သည်။ ရောင်ရမ်းနေသည့်နေရာကို ရေခဲတုံးလေးများဖြင့် ထိပေးခြင်း ဖြင့်လည်း ရောင်ရမ်းခြင်း ကျစေနိုင်ပြီး နာကျင်မှု သက်သာစေနိုင်သည်။
(၇) လိုအပ်လျှင် ဝမ်းပျော့ဆေးများ သောက်သုံးပါ
ဝမ်းမကြာခဏ ချုပ်တတ်သူများနှင့် လတ်တလော ရောဂါလက္ခဏာများ ခံစား နေရပြီး ဝမ်းချုပ်နေသူများတွင် MOM, Avolac, Probiotics စသည့် ဆေးဝါးများကို သုံးစွဲပေးနိုင်သည်။
(၈) မသက်သာလျှင် ဆရာဝန်နှင့် တိုင်ပင်ပြသပါ
အထက်ဖော်ပြပါ ကျန်းမာရေးအကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက် သော်လည်း မသက်သာသူများနှင့် ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားနေရသူများ အနေနှင့် နီးစပ်ရာ ဆရာဝန် (သို့) ခွဲစိတ်ရောဂါကု ဆရာဝန်နှင့် တိုင်ပင်ပြသပြီး ရောဂါ ဖြစ်ပွားစေသည့် အကြောင်းအရင်းကိုလိုက်၍ ကုသမှုခံယူနိုင်သည်။ ရောဂါပြင်းထန်ခြင်း မရှိသူများတွင် ခွဲစိတ်ကုသရန် မလိုပဲ ဆေးဝါးများဖြင့် ကုသမှု ခံယူနိုင်သော်လည်း ခွဲစိတ်ကုသရန် လိုအပ်သူများတွင် အမြန်ဆုံး ကုသမှု ခံယူခြင်းဖြင့် ရောဂါလက္ခဏာများ သက်သာသွားနိုင်သည်။
လိပ်ခေါင်းရောဂါကြောင့်ဖြစ်သော လက္ခဏာများ သက်သာကြပါစေ….။
Dr. Tint Tal