မျက်ခမ်းစပ်ရောဂါ အကြောင်းသိကောင်းစရာ
မျက်ခမ်းစပ်ရောဂါဟာ ကမ္ဘာနိုင်ငံအနှံ့အပြားမှာအဖြစ်များတဲ့ မျက်စိရောဂါတမျိုးဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ မျက်စိကွယ်ခြင်းကို ဖြစ်စေနိုင်သည်အထိ အန္တရာယ်ရှိသောမျက်စိရောဂါဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ မျက်ခမ်းစပ်ရောဂါကို ဆေးပညာအရ Trachoma လို့ခေါ်ပါတယ်။Chlamydia trachomatis ဆိုတဲ့ ဘက်တီးရီးယားပိုးအမျိုးအစားကြောင့်ဖြစ်ပါတယ်။
ကူးစက်ရောဂါအမျိုးအစားဖြစ်ပြီး မျက်ခမ်းစပ်ရောဂါဖြစ်နေတဲ့သူနဲ့ မျက်စိခြင်း သို့မဟုတ် မျက်ခမ်းစပ်ရောဂါ ဖြစ်တဲ့သူရဲ့မျက်လုံး၊ နှာခေါင်း၊ လည်ချောင်းကနေထွက်တဲ့ အရည်တွေနဲ့ တိုက်ရိုက်ထိတွေ့ရာမှသော်လည်းကောင်း မျက်ခမ်းစပ်ရောဂါဖြစ်တဲ့သူသုံးထားပြီးမျက်ခမ်းစပ်ပိုးပါနေတဲ့ မျက်နှာသုတ်ပဝါ၊ တဘက်၊ အဝတ်အစားစတာတွေကို သုံးမိရာမှသော်လည်းကောင်း မျက်ခမ်းစပ်ရောဂါဖြစ်နေတဲ့သူရဲ့ နှာခေါင်း၊ မျက်လုံး၊ လည်ချောင်းကနေထွက်တဲ့ အရည်တွေပေါ်မှာ နားမိပြီး မျက်ခမ်းစပ်ရောဂါပိုးကပ်ပါနေတဲ့ ယင်ကောင်က ကိုယ့်မျက်စိပေါ်နားမိရာမှ သို့မဟုတ် ကိုယ်သုတ်မယ့်မျက်နှာသုတ်ပဝါပေါ်နားမိရာမှသော်လည်းကောင်း မျက်ခမ်းစပ်ပိုးဖြစ်တဲ့ Chlamydia trachomatis ဝင်ရောက်ကူးစက်ခံရပြီး မျက်ခမ်းစပ်ရောဂါခံစားရနိုင်ပါတယ်။
မျက်ခမ်းစပ်ရောဂါဟာ ကလေးတွေ၊ တကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့သူတွေမှာဖြစ်နိုင်ခြေများပြီး ဆင်းရဲပြီး လူနေထူထပ်တဲ့နေရာဒေသတွေ၊ သန့်ရှင်းတဲ့ သောက်သုံးရေမရတဲ့ဒေသတွေ၊ အညစ်အကြေးကို စနစ်တကျမစွန့်ပစ်တဲ့ဒေသတွေ၊ ယင်လုံအိမ်သာမရှိတဲ့ဒေသတွေ၊ ယင်ကောင်ပေါများတဲ့ နေရာဒေသတွေမှာ ပိုအဖြစ်များပါတယ်။
မျက်ခမ်းစပ်ရောဂါဟာ အများအားဖြင့် မျက်စိနှစ်ဖက်စလုံးမှာ ဖြစ်တာများပါတယ်။ရောဂါပိုးဝင်ရောက်ကူးစက်ခံရပြီး ၅ ရက်ကနေ ၁၂ ရက်အတွင်းမှာ ရောဂါလက္ခဏာပြလေ့ရှိပါတယ်။ ရောဂါလက္ခဏာတွေကတော့ မျက်လုံးနဲ့ မျက်ခမ်းနားတွေယားပြီး ခုလုခုလုဖြစ်တာ၊ မျက်လုံးထဲကနေ အရည်ကြည် သို့မဟုတ် ပြည်ပါတဲ့ အရည်ကျတာ၊ မျက်ခွံတွေယောင်ရမ်းတာ၊ အလင်းစူးစူးတွေမကြည့်နိုင်တာ၊ မျက်စိနာတာ စသဖြင့်ပါ။ ဒီလိုတွေဖြစ်ပြီဆိုရင် မျက်စိဆရာဝန်နဲ့ မျက်ခမ်းစပ်ရောဂါဟုတ်မဟုတ်ပြသစမ်းသပ်ပြီး မျက်ခမ်းစပ်ရောဂါဖြစ်ပါက အမြန်ဆုံးကုသသင့်ပါတယ်။
ဘာလို့လဲဆိုတော့ မျက်ခမ်းစပ်ရောဂါကိုမကုဘဲထားပါက နောက်ဆက်တွဲရောဂါပိုးတွေဝင်ရောက်ပြီး မျက်စိရောင်ရမ်းမှုကမပျောက်ဘဲ ကြာရှည်ဖြစ်လာပါတယ်။ အဲ့အခါမှာ မျက်ခမ်းနဲ့ မျက်ခွံအတွင်းမှာ အမာရွတ်ဖြစ်လာကာ မျက်ခွံဟာအတွင်းသို့ ကုတ်ဝင်သွားပါတယ်။
ဒီလိုအခြေအနေရောက်တဲ့အခါ မျက်တောင်မွှေးတွေဟာ မျက်လုံးအပြင်ဘက်မရောက်ဘဲ မျက်လုံးအတွင်းထဲသို့ ထိုးစိုက်မိပြီး မျက်ကြည်လွှာကိုထိခိုက်စေနိုင်ပါတယ်။ မျက်ကြည်လွှာထိခိုက်တဲ့အခါ ရလဒ်အနေနဲ့ကတော့ အမြင်အာရုံပျက်စီးပြီးမျက်စိကွယ်တာ၊ကောင်းကောင်းမမြင်ရတော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့အခါကျ ကုဖို့မလွယ်နိုင်ပါ။ စောစီးစွာသိပြီးကုသရင်တော့ ဒီလို မျက်စိကွယ်တာ၊ မမြင်တာတွေထိမဖြစ်နိုင်ပါ။
ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေအဆင့်ပေါ်မူတည်ပြီး ပိုးသတ်ဆေးသောက်ရတာ၊ပိုးသတ်မျက်စဉ်း သို့မဟုတ် ကော်မျက်စဉ်းခတ်ရတာ၊ မျက်တောင်အတွင်းစိုက်တဲ့အခြေအနေမှာဆိုရင် မျက်ခွံကို ခွဲစိတ်ပြုပြင်ပြီးလှန်ချုပ်ရတာ စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။ မျက်ခမ်းစပ်ရောဂါက ကုလို့ပျောက်ပြီးရင်လည်း ပိုးဝင်ပါက ပြန်ဖြစ်နိုင်ပါတယ်။ခဏခဏပြန်ပြန်ဖြစ်ရင် မျက်စိရောင်ရမ်းမှုကကြာရှည်ဖြစ်ပီး အဆုံးမှာမျက်စိကွယ်တာအထိဖြစ်နိုင်ပါတယ်။
ဒါကြောင့် မျက်ခမ်းစပ်ရောဂါဖြစ်ပွားနိုင်ခြေနဲအောင် အောက်ပါအချက်တွေကို ဂရုစိုက်ဖို့လိုပါတယ်။
၁။ တကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။
ရေပုံမှန်ချိုးပါ။ မျက်နှာကိုသေချာသစ်ပါ။ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်း၊ ခေါင်းအုံးစတာတွေကို သူများနဲ့မျှမသုံးပါနဲ့။
၂။ အညစ်အကြေးတွေကိုသေချာစွန့်ပစ်ပါ။
ယင်လုံအိမ်သာသုံးပါ။ အညစ်အကြေးတွေကို သေချာမစွန့်ပစ်ပါက ယင်ပေါက်ပွားမှုကို မြင့်တက်စေပြီး မျက်ခမ်းစပ်ရောဂါဖြစ်ပွားနှုန်းကိုလည်း တိုးပွားစေနိုင်ပါတယ်။
၃။ ယင်နှိမ်နှင်းရေးနဲ့ကာကွယ်ရေးလုပ်ဆောင်ပါ။
ယင်နှိမ်နင်းရန်အတွက် မိမိပတ်ဝန်းကျင်မှာ ဓါတုဗေဒပိုးသေဆေးတွေဖျန်းတာ၊ အမှိုက်သရိုက်တွေ၊ အစားအစာအသိုးတွေ၊ ဟင်းသီးဟင်းရွက်အပုတ်တွေကို စနစ်တကျစွန့်ပစ်တာတွေလုပ်ရပါမယ်။ ယင်ကာကွယ်ရေးအနေနဲ့ကတော့ မိမိအိမ်ရှိအမှိုက်ပုံးကို အမှိုက်ထည့်ပြီးတဲ့အချိန်မှာ သေချာဖုံးထားတာ၊ မိမိအိမ်ကို ယင်အလွယ်တကူမဝင်ရောက်နိုင်စေရန် တံခါးပေါက်နဲ့ပြတင်းပေါက်တွေကို သံဇကာကွက်စိတ်ကာတာမျိုးတွေလုပ်ရပါမယ်။
၄။ သန့်ရှင်းတဲ့သောက်သုံးရေရအောင်ကြိုးစားပါ။
သန့်ရှင်းတဲ့သောက်သုံးရေရဖို့ကလည်း အရေးကြီးပါတယ်။ မိမိဒေသသန့်ရှင်းတဲ့သောက်သုံးရေရရန်အတွက် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၊ ပရဟိတအသင်းတွေနဲ့ဆက်သွယပြီး ဆောင်ရွက်ဖို့လိုပါတယ်။
Dr 528