ဦးနှောက်အကျိတ်ဆိုတာဟာ ဦးနှောက်ထဲမှ ဆဲလ်များ အကြောင်းကြောင်းကြောင့် မူမမှန်ဖြစ်ကာ ကြီးထွားပွားများလာရာမှဖြစ်တဲ့ အလုံးအကျိတ် သို့မဟုတ် အစိုင်အခဲဖြစ်ပါတယ်။
ဆေးပညာအရတော့ Brain tumor လို့ခေါ်ပါတယ်။ ဦးနှောက်အတွင်းမှာစဖြစ်တဲ့ အကျိတ်အမျိုးအစား (Primary Brain Tumor) လည်းရှိသလို ဦးနှောက်အတွင်းမှာစဖြစ်တာမဟုတ်ဘဲ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ကင်ဆာရောဂါဖြစ်ရာမှာ ဦးနှောက်ဆီကိုပျံ့ပြီး ဦးနှောက်မှာ ကင်ဆာအကျိတ်ဖြစ်စေတဲ့ (Secondary or Metastatic brain tumor) အမျိုးအစားလည်းရှိပါတယ်။
ဦးနှောက်မှာ အကျိတ်တွေ့တိုင်း ကင်ဆာအကျိတ် (Malignant tumor) လို့ ယတိပြတ်သတ်မှတ်မရပါ။ ဦးနှောက်အတွင်းမှာစဖြစ်တဲ့ အကျိတ်အမျိုးအစား (Primary brain tumor) အချို့က ကင်ဆာအကျိတ်မဟုတ်ဘဲ ရိုးရိုးအကျိတ် (Benign tumor) လည်းဖြစ်နိုင်ပါတယ်။
သို့ပေမယ့် အရွယ်ရောက်ပြီးသားသူတွေမှာတော့ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ
ကင်ဆာရောဂါဖြစ်ရာမှာ ဦးနှောက်ဆီကိုပျံ့ပြီး ဦးနှောက်မှာ ကင်ဆာအကျိတ်ဖြစ်စေတဲ့ (Secondary or Metastatic Brain tumor ) အမျိုးအစားက ပိုအဖြစ်များလေ့ရှိပါတယ်။
ကိုယ်ခန္ဓာမှာဖြစ်တဲ့ ကင်ဆာအမျိုးအစားအားလုံးက ဦးနှောက်ဆီပျံ့နိုင်ပြီး ကင်ဆာအကျိတ် (Secondary Brain Tumor) ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါတွေထဲကမှ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ မှဲ့ကင်ဆာ တွေဟာ တခြားကင်ဆာအမျိုးအစားတွေနဲ့ယှဉ်ရင် ဦးနှောက်ဆီကိုပျံ့နိုင်ခြေအများဆုံးရှိတဲ့ ကင်ဆာတွေဖြစ်ပါတယ်။
Primary Brain Tumor ဖြစ်ရတဲ့အကြောင်းရင်းအနေနဲ့ကတော့ သေချာပြောရမလွယ်ပါ။ ဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့မှုများတဲ့သူတွေနဲ့ မိသားစုမျိုးရိုးထဲမှာ ဦးနှောက်အကျိတ်ဖြစ်ဖူးတဲ့ ရာဇဝင်ရှိတဲ့သူတွေကတော့ Primary Brain Tumor ဖြစ်ဖို့ ပိုအခွင့်အလမ်းများတယ်လို့ သုတေသနတွေအရ သိရပါတယ်။
ဦးနှောက်အကျိတ်ဖြစ်ပါက ခံစားရနိုင်ခြေရှိတဲ့ရောဂါလက္ခဏာတွေဟာ ဖြစ်တဲ့ဦးနှောက်အကျိတ်ရဲ့အမျိုးအစားနဲ့အရွယ်အစား၊ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး ကွဲလွဲမူတွေရှိနိုင်ပါတယ်။
ယေဘုယျအားဖြင့် ဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေကတော့
- ခေါင်းကိုက်တာအမြင်အာရုံနဲ့ အကြားအာရုံတွေမှာ မူမမှန်ဖြစ်လာတာ
- စကားပြောရာမှာ မူမမှန်ဖြစ်လာတာ
- ဟန်ချက်မထိန်းနိုင်တာ
- လမ်းသွားတဲ့အခါခက်ခဲလာတာ
- မှတ်ဉာဏ်တွေလျော့နည်းလာသလိုခံစားရပြီး ခဏခဏမေ့တတ်လာတာ
- အာရုံစူးစိုက်နိုင်စွမ်းနဲလာတာ
- အတက်ရောဂါဖြစ်လာတာ
- ခြေလက်တွေမှာထုံကျင်မှုဖြစ်လာတာ
- ခန္ဓာကိုယ်တခြမ်းအားနည်းသလိုခံစားရတာ စသဖြင့်ပါ။
ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ မပေါ့ဆပဲ ဆရာဝန်နဲ့ ပြသစမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။ လုပ်နိုင်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကတော့
- ဦးခေါင်းကွန်ပျူတာဓါတ်မှန်ရိုက်တာ (CT scan)၊
- သံလိုက်ဓါတ်မှန်ရိုက်တာ(MRI Scan)၊
- သွေးကြောဓါတ်မှန်ရိုက်တာ(Angiogram)တွေပါ။
ဒီလိုတွေလုပ်ကြည့်လို့ အကျိတ်တွေ့ရင်တော့ ကင်ဆာအကျိတ်လား ရိုးရိုးအကျိတ်လားသိအောင် ဦးနှောက်အကျိတ်ကနေ အသားစယူစစ်ဆေးတာ (Biopsy) လုပ်ရနိုင်ပါတယ်။
ကုသမှုအနေနဲ့ကတော့ အကျိတ်ရဲ့အမျိုးအစား၊ အရွယ်အစား၊ ဖြစ်တဲ့နေရာ၊ ရောဂါအခြေအနေနဲ့ လူနာရဲ့ ခံနိုင်ရည်အားပေါ်မူတည်ပြီး ခွဲစိတ်ကုသတာ၊ ကင်ဆာဆေးသွင်းကုသတာ၊ ဓါတ်ရောင်ခြည်နဲ့ကုသတာ စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ။ နှစ်နည်း၊သုံးနည်း ပေါင်းပြီး ကုရတာမျိုးလည်းရှိတတ်ပါတယ်။
Dr 528











