တစ်နေ့သွားတဲ့ ဆီးပမာဏဟာ ၂ လီတာခွဲနဲ့ အထက်ရှိနေတယ်ဆိုရင် ဆီးသွားများတယ်လို့သတ်မှတ်ပါတယ်။ လူတစ်ယောက်ဟာ တနေ့ဆီးပမာဏဘယ်လောက်သွားသင့်လဲ ဆိုတာကတော့ သူ့ရဲ့ အသက်နဲ့ လိင်အမျိုးအစား စတာတွေပေါ်မူတည်ပါတယ်။
ဒါပေမဲ့ အကြမ်းအားဖြင့်ပြောရရင် သာမန်လူတစ်ယောက်ရဲ့ တစ်နေ့သွားတဲ့ ဆီးပမာဏဟာ ၂ လီတာရဲ့ အောက်ပဲရှိသင့်တယ်လို့ ဆေးပညာရှင်များကဆိုထားပါတယ်။ ဆီးသွားများခြင်းကို ဆေးပညာအရ Polyuria လို့ခေါ်ပါတယ်။
ဒါပေမဲ့ ဆီးသွားများတိုင်း ရောဂါရှိတယ်လို့ သတ်မှတ်လို့မရပါဘူး။ ကျွန်တော်တို့ဆီက လူတချို့က ဆီးသွားများတယ်ဆိုရင် ဆီးချိုရောဂါရှိတယ်လို့ ထင်တတ်ကြပါတယ်။ လူအများစုမှာ ရောဂါကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင်းတွေကြောင့် ဆီးသွားများခြင်းကို တခါတစ်ရံ ခံစားရနိုင်ပါတယ်။
ဒါကြောင့် ဒီတစ်ပတ်မှာ ရောဂါကြောင့်မဟုတ်ဘဲ ဆီးသွားများခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းတွေနဲ့ ဆီးသွားများခြင်းကိုဖြစ်စေတဲ့ရောဂါတွေအကြောင်းသိသလောက်ရေးသားတင်ပြချင်ပါတယ်။
ရောဂါကြောင့်မဟုတ်ဘဲ ဆီးသွားများခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့ –
၁။ ရာသီဥတုအေးခြင်း
ရာသီဥတုအေးတဲ့အခါမှာ ကိုယ်ခန္ဓာမှ အပူဆုံးရှုံးမှုနည်းပြီး ကိုယ်တွင်းအပူချိန်ကို ထိန်းဖို့အတွက် သွေးကြောကျုံ့ခြင်းဖြစ်စဉ်နဲ့ အရေပြားဆီသွေးအရောက်နဲအောင်လုပ်ကာ ကိုယ်တွင်းအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးအရောက်များစေပါတယ်။
အဲဒီအခါမှာ သွေးပေါင်ချိန်တက်လာပြီး Anti Diuretic Hormone (ဆီးသွားခြင်းကိုထိန်းတဲ့ဟော်မုန်း) ပမာဏဟာ ကျလာပါတယ်။ ဆီးသွားခြင်းကိုထိန်းတဲ့ ဟော်မုန်းပမာဏကျလာတဲ့အခါမှာ ဆီးခဏခဏသွားခြင်းကို ဖြစ်စေပါတယ်။
၂။ အရည်သောက်များခြင်း
ရေသောက်များတာ၊ အရက်ဘီယာဖျော်ရည်၊ ကော်ဖီ စတဲ့အရည်တွေအသောက်များတဲ့အခါမှာလည်း ကိုယ်တွင်းမှာအရည်ဓာတ်တွေများလာပြီး ဆီးသွားများခြင်းကို ဖြစ်စေနိုင်ပါတယ်။
၃။ ပရိုတင်းဓာတ်တွေအစားများခြင်း
ပရိုတင်းဓတ်ပါတဲ့ အစားစာတွေ (ပဲ၊ အသား) အစားများတဲ့အခါ ကိုယ်တွင်းမှာ ယူရီးယားဓာတ်တွေများလာပြီး ကျောက်ကပ်က ရေပြန်စုပ်ခြင်းဖြစ်စဉ်ကို လျော့ကျစေတဲ့အတွက် ဆီးသွားများလာစေပါတယ်။
၄။ ကိုယ်ဝန်ရှိခြင်း
အမျိုးသမီးတွေကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်လရင့်လာတဲ့အခါမှာ ဆီးခဏခဏသွားလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝန်ကဆီးအိမ်ကို သွားဖိတဲ့အတွက်ကြောင့်ပါ။
၅။ အကြောင်းကြောင်းကြောင့် ဆီးဆေးတွေသောက်နေရခြင်း စသဖြင့်တို့ဖြစ်ပါတယ်။
ဆီးသွားများခြင်းကို ဖြစ်စေနိုင်တဲ့ရောဂါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ဆီးချိုရောဂါ
ဆီးချိုရောဂါဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းမှာ အချိုဓါတ်တွေများလာပြီး အချိုဓာတ်ကရေကိုဆွဲယူတဲ့အတွက် ဆီးသွားများလာပါတယ်။ ဒါ့ပြင် ရေလည်းခဏခဏငတ်လာပါတယ်။ ကိုယ်အလေးချိန်ကျလာတာ၊ နုံးပြီးအားမရှိသလိုဖြစ်တာတွေပါ တွဲဖြစ်နိုင်ပါတယ်။
၂။ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်း
ကျောက်ကပ်ရောင်တာ၊ ကျောက်ကပ်အလုပ်မလုပ်နိုင်တာတွေ ဖြစ်တဲ့အခါ ကျောက်ကပ်က ပြန်စုပ်ရမယ့်ရေဓာတ်ကို ပြန်မစုပ်နိုင်တော့ဘဲ ဆီးသွားများခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် သွေးအားနည်းလာတာ၊ သွေးပေါင်ချိန်တက်တာ၊ ခြေလက်မျက်နှာတွေဖောရောင်တာတွေပါ တွဲဖြစ်နိုင်ပါတယ်။
၃။ သွေးတွင်း ကယ်လ်စီယမ်ဓာတ် များလာခြင်း
အကြောင်းကြောင်းကြောင့် သွေးတွင်းကယ်လ်စီယမ်ဓာတ် များလာတဲ့အခါမှာ ဆီးသွားများတာ၊ ရေခဏခဏငတ်တာ၊ အစာအိမ်အနာဖြစ်တာနဲ့ စိတ်ကယောက်ကယက်ဖြစ်တာတွေ ခံစားရတတ်ပါတယ်။
၄။ Psychogenic polydipsia (ရေငတ်လွန်စိတ်ဝေဒနာရှိခြင်း)
စိတ်ဝေဒနာရှင်တွေမှာ တွေ့ရလေ့ရှိတဲ့ ရောဂါတစ်မျိုးပါ။ စမ်းသပ်ကြည့်တဲ့အခါ ရေဓာတ်လုံလောက်မှုရှိပေမဲ့ သူတို့ရဲ့စိတ်ထဲမှာ တစ်ချိန်လုံးရေငတ်သလိုခံစားရပြီး ရေကိုထပ်ထပ်သောက်နေတတ်ပါတယ်။ အဲဒီအခါမှာ ရေဓာတ်များလာပြီး ဆီးခဏခဏသွားခြင်းကို ဖြစ်စေပါတယ်။
၅။ ဆီးကျိတ်ကြီးခြင်း
အမျိုးသားတွေအတော်များများဟာ အသက်ကြီးလာရင် ဆီးကျိတ်ကြီးဝေဒနာ ခံစားရလေ့ရှိပါတယ်။ ဆီးကျိတ်ကြီးတဲ့အခါ ဆီးသွားများတာအပြင် ဆီးသွားရခက်တာ ဆီးသွားရင်ဆီးတန်းသေးတာ ဆီးသွားတာ ဆန့်တငင်ငင်ဖြစ်တာ ဆီမထိန်းနိုင်တာ ညဘက်ဆီးခဏခဏသွားချင်တာ ဆီးသွားပြီးရင်လည်း တစက်စက်ကျနေတာတွေပါခံစားရတတ်ပါတယ်။
၆။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း
ဆီးလမ်းကြောင်းပိုးဝင်ရင်လည်း ဆီးခဏခဏသွားတတ်ပါတယ်။ ဒါ့ပြင် ဖျားတာ၊ ဆီးကျင်တာ၊ ဆီးအောင့်တာ၊ လိင်အင်္ဂါကနေပြည်ကျတာ၊ ဆီးထဲသွေးပါတာ တွေပါဖြစ်နိုင်ပါတယ်။
၇။ Diabetes Insipidus (ဆီးသွားခြင်းကိုထိန်းတဲ့ ဟော်မုန်းချို့တဲ့ခြင်း)
ဆီးသွားခြင်းကို ထိန်းတဲ့ဟော်မုန်း (Anti Diuretic Hormone) ချို့တဲ့တာ သို့မဟုတ် ကျောက်ကပ်ပြွန်လေးတွေက ဆီးသွားခြင်းကိုထိန်းတဲ့ဟော်မုန်း (Anti Diuretic Hormone) ကို မတုံ့ပြန်တာ မျိုးဖြစ်တဲ့အခါမှာ ဆီးခဏခဏသွားခြင်း ဖြစ်တတ်ပါတယ်။
ဒါတွေကတော့ သိသလောက် ဆီးသွားများခြင်းကိုဖြစ်စေတတ်တဲ့ ရောဂါတွေထဲကမှာ အဖြစ်များလေ့ရှိတဲ့ရောဂါတွေပါ။
အဆုံးသတ်အနေနဲ့ ခြုံပြောရရင်တော့ ဆီးသွားများခြင်း တစ်ခါတစ်ရံဖြစ်တာဟာ စိုးရိမ်စရာသိပ်မရှိတတ်ပါ။ ဒါပေမဲ့ ဆီးသွားများခြင်းဖြစ်တာဟာ တစ်ရက် နှစ်ရက်ဖြစ်တာမဟုတ်ဘဲ ရက်ပေါင်းများစွာ ဖြစ်လာပြီဆိုရင် ဆီးသွားများခြင်းအပြင် ဖျားတာ၊ ဆီးကျင်တာ၊ အောင့်တာ စတဲ့ တခြားရောဂါလက္ခဏာတွေပါ တွဲဖြစ်လာပြီဆိုရင်တာ့ ဆေးခန်းပြသစစ်ဆေးဖို့လိုပါတယ်။
Dr 528