ကျွန်တော့် ဆေးခန်းရဲ့မလှမ်းမကမ်းတွင် တိုက်ခံပျဉ်ထောင်အိမ်မှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင်နဲ့ ဆိုင်ကယ်ဝပ်ရှော့ပိုင်ရှင် ဦးသာထူးဆိုသူရှိသည်။ ပိုင်ရှင်ဆိုပေမယ့် အရင်ကတည်းက ဝပ်ရှော့ဆရာလုပ်လာသူပီပီ ဆိုင်ကယ်ပြင်ရင် သူကိုယ်တိုင် မကြာခဏ ဝင်ပြင်လေ့ရှိသည်။ အသက် ၆၅ နှစ်ဆိုပေမယ့် အလုပ်လုပ်နိုင်သေးသည်။ သူ့သား ကိုညီဇော်နဲ့ ကျွန်တော့်ဆေးခန်းအကူ ကိုကျော်ဝင်းတို့က သောက်ဖော် သောက်ဖက်တွေ။
ည ၈ နာရီဆေးခန်းပိတ်ခါနီးဆို ကိုညီဇော်တယောက် ကျွန်တော့်ဆေးခန်းရှိရာဖက်သို့ ကိုကျော်ဝင်းကိုခေါ်ရန် ရောက်ချလာတတ်သည်။
ကိုညီဇော့်အဖေ ဦးသာထူးကလည်း အသောက်သမားပဲ။ ဒါပေမယ့်အရက်တော့မဟုတ်။ ဆေးလိပ်၊ စီးကရက်၊ ဖက်ကြမ်း အကုန်သောက်သည်။ ဆေးလိပ်တလိပ်နဲ့ တလိပ်ကြား နားချိန်မထားဘဲ တလိပ်ကုန် တလိပ် ဆက်တိုက်သောက်တတ်သည်။
ဒီနေ့တော့ ကိုညီဇော်တယောက် မနက်စောစောစီးစီး ပေါက်ချလာသည်။ သူ့အဖေဖြစ်သူ ဦးသာထူးပါ ပါလာသည်။ ဦးသာထူးမျက်နှာကလည်း နီရဲနေသည်။
“ကိုညီဇော် ဒီနေ့အစောကြီးပါလား ဘာကိစ္စရှိလို့လည်း မနက်ပိုင်းတော့ ကိုကျော်ဝင်းကိုခေါ်လို့အဆင်မပြေဘူးနော်”
“ဟာ မဟုတ်ပါဘူး ဆရာကလည်း ကျွန်တော်က မနက်စောစောသောက်တဲ့ အဆင့်ထိ မရောက်သေးပါဘူးဗျာ အခုက ကျွန်တော့်အဖေနေမကောင်းလို့ ဆရာ့ဆီလာပြတာပါ။”
“ဟုတ်လားဗျ။ ဘယ်လိုတွေ ဖြစ်တာလဲဘကြီး”
“ရင်ဘတ်အောင့်တယ်၊ မောတယ်၊ ညမှာ ချွေးတအားထွက်ပြီး၊ ဗိုက်ထဲမှာလေးပြီး နေလို့မကောင်းသလို ဖြစ်နေတာပါဆရာ၊ နောက်ပြီး မျက်နှာကလည်း နီရဲရဲဖြစ်နေတယ်” လို့ ဘကြီးသာထူးကပြောသည်။
“၇ လပိုင်းလောက်က ဖြစ်တာဆရာ။ အစက နေပူလို့ဖြစ်တယ်ထင်တာ။ ခု ၁၁ လပိုင်း အေးတဲ့ရာသီရောက်တော့လည်း မသက်သာလို့ တခုခုဖြစ်နေတယ်ထင်ပြီး လာပြတာပါဆရာ”
“ဘကြီး ဒီတောအတွင်း အရက်သောက်တာရှိလား။”
“မရှိပါဘူး ဆရာရယ်။ ဆရာသိတဲ့အတိုင်း ကျွန်တော်က ဆေးလိပ်ပဲ သောက်တာပါ။”
“ဟုတ်ပါပြီဗျာ။ ဒီပေါ်လှဲလိုက်ပါ။ စမ်းသပ်ကြည့်ရအောင်။”
လှဲလိုက်တဲ့အခါ နီရဲနေသော ဦးသာထူးမျက်နှာသည် ညိုညစ်ညစ်ဖြစ်သွားပြီး မျက်လုံးထောင့်တွေပါရဲတွတ်သွားသည်။ သွေးပေါင်ချိန်ကြည့်တော့ သွေးတိုးနေသည်။ အောက်စီဂျင်တိုင်းတဲ့ (pulse oximeter) နဲ့တိုင်းလိုက်တော့ အောက်စီဂျင်နည်းနေသည်။ လက်သည်းခွံလေးတွေ ကြည့်တော့လည်း
ပြာနေသည်။ လက်ဖဝါးမှာ ခြေဖဝါးမှာကျ နီရဲတွတ်နေသည်။
ဗိုက်စမ်းကြည့်တော့လည်း ဘေလုံး (Spleen) ကြီးနေတာကိုစမ်းမိသည်။
ဒါနဲ့အလုပ်သင်ဆရာဝန်လုပ်ခဲ့တုန်းကရယ် ဘွဲ့ရပြီး Private Hospital မှာနှစ်နှစ် Medical Officer လုပ်ခဲ့တုန်းကရယ် ရရှိခဲ့တဲ့အတွေ့အကြုံတွေအရ Polycythaemia (သွေးပျစ်ရောဂါ) လားလို့ သံသယဖြစ်မိသဖြင့်
“ဘကြီးရေ ဘကြီးရောဂါက သွေးပျစ်နေတာ ဖြစ်နိုင်ခြေများတယ်။ တိကျသေချာအောင်တော့ သွေးဖောက်စစ်ကြည့်လိုတယ်။”
“ဗျာ ဆရာ သွေးပျစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ”
“ဒီလိုဗျ။ ကျွန်တော်တို့ရဲ့သွေးကို သွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥ၊ သွေးရည်ကြည်နဲ့ ဖွဲ့စည်းထားပါတယ်။ သွေးပျစ်တယ်ဆိုတာကတော့ သွေးထဲမှာပါတဲ့ သွေးနီဥ သို့မဟုတ် သွေးဖြူဥ သို့မဟုတ် သွေးမွှားဥ သို့မဟုတ် သွေးရည်ကြည်ထဲက ဓါတ်ပစ္စည်းတမျိုးမျိုးဟာ ရှိသင့်တာထက် ပိုများလာတဲ့အခြေအနေတခုပါ။”
“ဟုတ်ကဲ့ဆရာ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ သွေးပျစ်တာကြောင့် ဘာတွေဆက်ဖြစ်နိုင်မလဲဆရာ။”
“သွေးပျစ်ခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေက မျိုးရိုးလိုက်တာ၊ ကင်ဆာရောဂါတမျိုးမျိုးဖြစ်တာ၊ သွေးတိုးရောဂါ၊ နာတာရှည်အဆုတ်ရောဂါဖြစ်တာ၊ မွေးရာပါနှလုံးရောဂါတမျိုးဖြစ်တာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ စသဖြင့် အများကြီးရှိပါတယ်။ တချို့တွေမှာဆိုရင် ဘာအကြောင်းမှမရှိဘဲ သူ့ဘာသာသူအလိုလိုဖြစ်တာမျိုးလည်း ရှိတတ်တယ်။
သွေးပျစ်တဲ့အခါ သွေးကကောင်းကောင်းမစီးဆင်းနိုင်တဲ့အတွက် ဘကြီးအခုဖြစ်နေသလို မောတာ၊ ရင်ဘတ်အောင့်တာ၊ ဗိုက်ထဲနေလို့ မကောင်းတာ၊ မျက်နှာရဲနေတာ မျိုးတွေဖြစ်နိုင်တယ်။ ဒါ့အပြင် ခြေထိပ်လက်ထိပ်တွေထုံတာ၊ အရိုးအဆစ်တွေရောင်ရမ်းတာ၊ ခေါင်းကိုက်တာ၊ နားအူတာ၊ သတိလစ်တာ၊ တက်တာ မျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ကတော့ သွေးကပျစ်ရာကနေ ခဲလာပြီး သွေးကြောပိတ်တာမျိုးတွေပါ ဖြစ်နိုင်ပါတယ်။ အဲ့အခါကျ ပိတ်တဲ့သွေးကြောအလိုက် ချက်ချင်းအသက်အန္တရာယ်စိုးရိမ်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ခုမနက် ကျွန်တော်ရေးပေးတဲ့ စာရွက်လေးယူပြီး ဓါတ်ခွဲခန်းတခုခုမှာ စစ်ကြည့်လိုက်ပါ။ ညနေအဖြေရနိုင်ပါတယ်။ အဲ့အခါကျ စာရွက်လေးယူပြီး တခေါက်ပြန်လာခဲ့ပါ။ အဲ့အခါကျ အဖြေပေါ်မူတည်ပြီး ဘယ်လိုဆက်ကုရမလဲဆိုတာကို ပြောပြပါ့မယ်။”
ညနေကျတော့ အဖြေစာရွက်ရလာသည်။ ထင်သည့်အတိုင်း သွေးနီဥ (RBC)၊ HCT (Red Cell Volume) တွေများနေသည်။ ဒါနဲ့ကိုကျော်ဝင်းကို ဦးသာထူးအား သွားခေါ်ခိုင်းသည်။
“ကျွန်တော်ထင်တဲ့အတိုင်းပဲဗျ။ သွေးပျစ်နေတာပဲ။ ဘကြီးရဲ့ ရင်ဘတ်အောင့်ပြီး မောတာကို လောလောဆယ် အနည်းငယ်သက်သာအောင် လုပ်ပေးလို့တော့ရတယ်။”
ထို့နောက် သိပ်မကြာလိုက်။ ဦးသာထူးရဲ့ နီရဲနေသောမျက်နှာ ခြေဖဝါး လက်ဖဝါးတွေ အနီရောင် လျော့သွားသည်။
“ဘယ်လိုလဲ ရင်ဘတ်အောင့်တာ မောတာသက်သာရဲ့လား”
“သက်သာတယ်ဆရာ ကျေးဇူးတင်လိုက်တာ ဆရာကတကယ်တော်တာပဲ”
“သိပ်လည်းပျော်မနေနဲ့ဦးဗျ။ အခုလောလောဆယ် သက်သာအောင် လုပ်ပေးထားပေမယ့် သွေးပျစ်တာဖြစ်တဲ့ အကြောင်းတွေက အများကြီးရှိတော့ ဖြစ်တဲ့အကြောင်းရင်းကို သေချာရှာပြီးမကုရင် သိပ်မကြာခင်ပြန်ဖြစ်မှာပဲ။ ဒီတော့ ဖြစ်တဲ့အကြောင်းရင်းကိုရှာပြီး ကုဖို့ရယ် နောက်သွေးမပျစ်အောင်ကာကွယ်ဖို့အတွက်ရယ် နောက်ဆက်တွဲဆိုးကျိူးတွေ မဖြစ်အောင် ကာကွယ်ဖို့ရယ်အတွက် အထွေထွေသမားတော်တယောက်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ ထပ်လုပ်ဖို့လိုတယ်။ ကျွန်တော်ရေးပေးလိုက်တဲ့ ဆရာကြီးဆီသွားပြလိုက်ပါ။ နောက်ပြီး ဆေးလိပ်သောက်တာ၊ ဆိုင်ကယ်မီးခိုးတွေ ရှုတာ ရှောင်ဖို့လည်းလိုတယ်။ အားကစား၊ ကိုယ်လက်လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ရမယ်”
“ဟုတ်ကဲ့ဆရာ ဆရာညွန်တဲ့ အထွေထွေသမားတော်နဲ့ မနက်ဖြန်သွားပြလိုက်ပါမယ်’’
Dr 528