ခေါင်းတွေ မခံမရပ်နိုင်အောင် ကိုက်ခဲဖူးလား။ ခံစားဖူးတဲ့သူအတွက်တော့ အတော်ဆိုးတဲ့ဝေဒနာဆိုတာ သိကြပါတယ်။ စစ်တမ်းတွေအရလည်း ခေါင်းကိုက်တာဟာ ခါးနာတာပြီးရင် အဖြစ်များဆုံး နာတာရှည် ပြဿနာတစ်ခုလို့ ဆိုပါတယ်။
တကယ်ကိုက်ပြီဟေ့ဆို အလုပ်ပျက်အကိုင်ပျက် မစားနိုင်မသောက်နိုင် ယုတ်အစွဆုံး စကားတောင်ပြောနိုင်ဖို့ခက်ခက်ပါပဲ။ ဒါပေမဲ့လည်း ခေါင်းမတရားကိုက်တဲ့အခါ အိပ်ရာထဲခွေခေါက်နေပြီး သူ့အလိုလိုသက်သာသွားအောင် စောင့်နေတာမျိုးထက် ပိုပြီးထိရောက်လျင်မြန်စွာ သက်သာစေမယ့်နည်းလမ်းတွေ ရှိတယ်ဆိုတာ သတင်းကောင်းပါးပါရစေ။
၁။ ဆေးသောက်ခြင်း
ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေကလည်း ခေါင်းကိုက်သက်သာအောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့တစ်နေ့အကြိမ်ရေ အများကြီးသောက်တာမျိုး ပမာဏအများကြီးသောက်တာမျိုး နှစ်ရှည်လများ စွဲစွဲလမ်းလမ်းသောက်သုံးတာမျိုးဆိုရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်တာမျိုးတွေဖြစ်တတ်လို့ သတိချပ်စရာပါ။ အကိုက်အခဲပျောက်ဆေးသောက်ရင် အစားစားပြီးမှသောက်တာမျိုး အစာနဲ့နီးနီးသောက်တာမျိုးလေးတွေ လုပ်သင့်ပါတယ်။
၂။ အခြားနည်းလမ်းများ
ကံကောင်းထောက်မစွာပဲ ဆေးသောက်စရာမလိုဘဲနဲ့ ခေါင်းကိုက်မြန်မြန်သက်သာစေမယ့် နည်းလမ်းတွေလည်း ရှိပါတယ်။
– မျက်လုံးတွေမှိတ်ပြီး အနားယူလိုက်ပါ
ဒါက လွယ်လွယ်လေးနဲ့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ တိတ်ဆိတ်ငြိမ်သက်ပြီး အလင်းရောင်မှိန်မှိန်အခန်းမျိုးမှာ ဖြစ်ဖို့တော့လိုပါတယ်။ တစ်နာရီ နှစ်နာရီလောက် အိပ်ပျော်သွားရင် ခေါင်းကိုက်တာ သိသိသာသာ လျော့ကျသွားမှာပါ။
– လည်ပင်းနဲ့ နားထင်ဘေးတွေကို နှိပ်နယ်ပေးပါ
ဒီနေရာတွေကို နှိယ်နယ်ပေးခြင်းအားဖြင့် သွေးလှည့်ပတ်မှုကောင်းစေပြီး ခေါင်းကိုက်ခဲတာ သက်သာစေပါလိမ့်မယ်။ လည်ပင်းကို ကြပ်ပူထိုးတာ ရေနွေးထုတ်ကပ်တာ စတာတွေလုပ်ပါ။ အပူနဲ့ မသက်သာရင် ရေခဲကပ်ကြည့်ပါ။
– နားနားနေနေ နေပါ
တရားထိုင်တာ၊ အသက်ပြင်းပြင်းရှုထုတ်တာမျိုးတွေ လုပ်ပါ။ ဒါ့ပြင် မျက်စိအေးမယ့်ပုံတစ်ခုခုကို ခဏလောက်အချိန်ပေးပြီး ကြည့်ပါ။
– စိတ်ဖိစီးမှုတွေကို နည်းနိုင်သမျှနည်းအောင် လုပ်ထားဖို့တော့ လိုပါမယ်
ဆူညံတဲ့ ပတ်ဝန်းကျင်တွေကို ရှောင်ပါ။ အလုပ်ကို စောစောရောက်အောင် သွားတာဟာလည်း နောက်ကျပြီးသွားတာထက် စိတ်ချမ်းသာစေပါသတဲ့။ ကလေးဝေယျာဝစ္စနဲ့ အိမ်အလုပ်တွေလုပ်ဖို့ ဇနီး ဒါမှမဟုတ် ခင်ပွန်းကို ခဏတာ အကူအညီတောင်းပါ။
– အစားအသောက်ဆင်ခြင်ပါ
ဆေးလိပ်၊ အရက်နဲ့ ကော်ဖီတွေ တတ်နိုင်သလောက် ရှောင်ပါ။ မရှောင်နိုင်ရင် လျှော့ပါ။ အစားပုံမှန် အချိန်မှန်စားဖြစ်အောင်လည်း ဂရုစိုက်ပါ။
မသက်သာမချင်း အလုပ်ပျက်အကိုင်ပျက်အောင် ဒုက္ခပေးမယ့် ခေါင်းကိုက်တာကနေ မြန်မြန်သွက်သွက် သက်သာစေမယ့်နည်းလမ်းလေးတွေကိုတော့ ပြောပြလိုက်ပါပြီ။ လိုက်လုပ်ကြည့်ဖို့တော့ မပျင်းနဲ့နော်။
Author: Dr. Pyay Nyein