မနက်မိုးလင်းတာနဲ့ ခါးနာနေတဲ့ပြဿနာ
မနက်အိပ်ရာနိုးနိုးချင်းမှာ ခါးနာကျင်ကိုက်ခဲနေတာဟာ အိပ်တဲ့ပုံစံမမှန်လို့၊ အိပ်ရာခင်း၊ခေါင်းအုံး စတာတွေ အသုံးပြုပုံ မမှန်လို့ စသဖြင့် အကြောင်းကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ တခါတလေမှာ ခုလို မိုးလင်းတာနဲ့ ခါးနာနေတာဟာ ရောဂါတခုခုနဲ့ သက်ဆိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။တနေ့တာလုံး ပျော်ရွှင်တက်ကြွစွာ ဖြတ်သန်းနိုင်ဖို့ရာ မနက်ခင်းမှာ ခုလိုဖြစ်နေရင် မလွယ်ကူလှပါဘူး။ဒါကြောင့် မနက်မိုးလင်းတဲ့အချိန် ခါးနာနေရတဲ့အကြောင်းရင်းများနဲ့ သက်သာအောင်လုပ်ပေးနိုင်တဲ့နည်းလမ်းများကို ပြောပြပေးသွားပါမယ်။
၁။အာရုံကြောမကြီးရှိ ချပ်ပြားလေးများ ယိုယွင်းပျက်စီးလာသောရောဂါ (Degenerative Disc Disease)
အသက်အရွယ်ကြီးရင့်လာတဲ့အခါ အာရုံကြောမကြီးမှာရှိတဲ့ ချပ်ပြားလေးတွေ( Discs) ဟာ သဘာဝအတိုင်း ယိုယွင်းပျက်စီးလာပြီး အထူးသဖြင့် ခါးနားက အာရုံကြောတွေအဝင်အထွက်လုပ်ရာမြောင်းကလေးတွေ ကျဉ်းလာပါတယ်။ဒါကိုပဲ အာရုံကြောအဆစ်ရောင်ရောဂါ (Spinal Arthritis) လို့ခေါ်သလို Degenerative Disc Disease လို့လည်း ခေါ်ပါတယ်။အာရုံကြောဝင်ထွက်ရာမြောင်းလေးတွေကျဉ်းလာတဲ့အတွက် အာရုံကြောတွေကို ဖိမိသလိုဖြစ်ပြီး ခါးတွေတင်းခဲနာကျဉ်တာ ၊ ရွှေ့ရပြုရခက်တာမျိုးတွေဖြစ်လာပါတယ်။တချို့မှာ သိပ်မနာပေမဲ့ တချို့မှာတော့ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲတတ်ပါတယ်။အထူးသဖြင့် မနက်ခင်းပိုင်းမှာ အဖြစ်များလေ့ရှိပါတယ်။
များသောအားဖြင့် ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေသောက်တာက ဒီဝေဒနာကို သက်သာစေပါတယ်။ဒါ့အပြင် ရေခဲကပ်တာ ရေနွေးအိတ်ကပ်တာ ကျန်းမာရေးခါးပတ်ပတ်တာ စသဖြင့်လည်း ကိုက်ခဲနာကျင်မှုသက်သာစေတဲ့နည်းလမ်းများစွာရှိပါတယ်။အရမ်းကို ဆိုးဆိုးရွားရွားနာကျင်တာမျိုးဆိုရင်တော့ ခွဲစိတ်ကုသမှုခံယူရနိုင်ပါတယ်။
၂။ခန္ဓာကိုယ်အနှံ့ နာကျင်ကိုက်ခဲနေသော နာတာရှည်ရောဂါတမျိုး (Fibromyalgia)
Fibromyalgia လို့ခေါ်တဲ့ ရောဂါသမားတွေမှာ မနက်မိုးလင်းရင် ခါးက တင်းတင်းကြီးဖြစ်ပြီး နာကျင်ကိုက်ခဲတတ်ပါတယ်။ခါးတင်မကပါဘူး။တခြားသော ခန္ဓာကိုယ်အနှံ့အပြားမှာလည်း တင်းခဲပြီး နာကျင်နေတတ်ပါတယ်။အခြားလက္ခဏာတွေဖြစ်တဲ့ မောပန်းတာ၊အိပ်မရတာ၊ခေါင်းကိုက်တာ၊ဗိုက်မအီမသာဖြစ်တာ၊အာရုံစိုက်မရတာ နဲ့ ခြေတွေလက်တွေ ထုံကျင်နေတာတွေလည်း ခံစားရနိုင်ပါတယ်။
ဒီရောဂါမှာလည်း အကိုက်အခဲပျောက်ဆေးနဲ့ အရောင်ကျဆေးတွေက အထိုက်အလျောက် သက်သာစေပါလိမ့်မယ်။လေ့ကျင့်ခန်းလုပ်တာ ၊ ကျန်းမာရေးနဲ့ညီတဲ့အစားအသောက်တွေစားတာ စတာတွေကလည်း ရောဂါသက်သာစေပါတယ်။
အိပ်ရာကမထခင် ဒူးကိုရင်ဘတ်အထိဆွဲတင်တဲ့လေ့ကျင့်ခန်းမျိုး၊ လက်မောင်းတွေကို အပေါ်ကို ဆန့်တန်းတာမျိုးစတဲ့ အကြောလျော့လေ့ကျင့်ခန်းမျိုးတွေ လုပ်သင့်ပါတယ်။အိပ်ရာထပြီးပြီးချင်း ရေနွေးနွေးလေးနဲ့ချိုးတာကလည်း တင်းမာနေတဲ့ကြွက်သားတွေကို ပြေလျော့စေပါလိမ့်မယ်။ဒါ့အပြင် ခါးကို သက်တောင့်သက်သာရှိစေမဲ့ ခေါင်းအုံးနဲ့ အိပ်ရာခင်းမျိုးတွေလည်း ရွေးချယ်သင့်ပါတယ်။
ရောဂါကြောင့်မဟုတ်တဲ့ မနက်ပိုင်းခါးနာခြင်းအကြောင်းများ
(၁)အိပ်ရာကနေရုတ်တရက်အမြန်ထတတ်ခြင်း
မနက်ပိုင်းခါးနာတဲ့ဝေဒနာကနေ ကာကွယ်ဖို့ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ဘယ်လောက်ပဲ အနားရထားပါစေ ရုတ်တရက် ဝုန်းခနဲဆိုသလို ထလိုက်တာ ၊ အရှေ့ကိုအများကြီးကုန်းလိုက်တာမျိုးတွေက ခါးကို သက်ရောက်မှုရှိပါစေမယ်။ဒီလို မဖြစ်စေဖို့
အိပ်ရာအစွန်းကို တဖြေးဖြေးချင်း ရွှေ့ပါ
အိပ်ရာပေါ်မှာ လက်နှစ်ဖက်ထောက်အားသုံးပြီး ခြေထောက်နှစ်ဖက်ကို ကုတင်အောက်ချပါ။
စက္ကန့်အနည်းငယ်စောင့်ပြီးမှ ဖြေးဖြေးချင်းထပါ
(၂) လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် ထပ်ခါထပ်ခါ လုပ်ခြင်း
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပြီး ခါးနာသက်သာစေပါတယ်။ဒါပေမဲ့ အလွန်အကျွံလုပ်မိရင်တော့ ခါးနာတာကို ပိုပြီးဆိုးပါစေလိမ့်မယ်။
(၃) အိပ်စက်ပုံ မှားယွင်းခြင်း
အချို့သော အိပ်စက်တဲ့ပုံစံတွေဟာ ခါးတွေ လည်ပင်းတွေကို ပိုလို့တောင်မှ နာကျင်ကိုက်ခဲစေတတ်ပါတယ်။ဒီလိုဖြစ်လို့ အိပ်စက်တဲ့ပုံစံကို လုံးဝပြောင်းပစ်စရာတော့ မလိုပါဘူး။ခေါင်းအုံးလေးတွေထားပြီး ဖြေရှင်းလို့ရပါတယ်။
ကျောနဲ့အိပ်တဲ့သူတွေ – – – ဒူးအောက်ဘက်မှာ ခေါင်းအုံးခံအိပ်ပါ
ဘေးတစောင်းအိပ်တဲ့သူတွေ – – – ခြေထောက်နှစ်ချောင်းကြားမှာ ခေါင်းအုံးညှပ်အိပ်ပါ
မှောက်အိပ်တဲ့သူတွေ – – – ဗိုက်အောက်မှာ ခေါင်းအုံးခံအိပ်ပါ
ဆေးခန်းသွားဖို့ လိုမဲ့ အခြေအနေ
ခု ပြောပြခဲ့တဲ့နည်းလမ်းတွေသုံးလို့မှ ခါးကိုက်တာ မသက်သာလာဘူးဆိုရင်တော့ ဆေးခန်းသွားဖို့ လိုပါလိမ့်မယ်။နေ့စဉ်လုပ်ငန်းဆောင်တာတွေ မဆောင်ရွက်နိုင်တော့တဲ့အထိ ၊ လှုပ်လိုက်တာနဲ့ မခံမရပ်နိုင်အောင် နာနေတဲ့အထိ ဖြစ်တာဆိုရင်တော့ သေသေချာချာ ကုသမှုခံယူရပါမယ်။ခါးကိုက်တာအပြင် ဆီးဝမ်းမမှန်တဲ့ပြဿနာ၊ လက်မောင်းတွေ ခြေထောက်တွေမှာ အားနည်းသလို အားမရှိသလိုဖြစ်တာ နဲ့ အသက်ရှုမဝတာစတဲ့လက္ခဏာတွေပါ ခံစားရတယ်ဆိုရင်တော့ ဆေးခန်းပြကိုပြသင့်ပါတယ်။ဒီအခါမှာ CT ရိုက်တာ X -rays ရိုက်တာအစရှိသဖြင့် ရောဂါရှာဖွေရေးတွေလုပ်ဖို့ လိုလာနိုင်ပါတယ်။
Dr.KG