နာမည်ဆန်းသောတုပ်ကွေးတစ်မျိုး
ယခုအချိန်က တုပ်ကွေးခေတ်ဖြစ်လေသည်။ လူတိုင်းခေတ်မီအောင် အနည်းနှင့်အများ တုပ်ကွေးဖြစ်ကြသည်။ သင် နည်းနည်းမှ နှာစေးချောင်းဆိုးမဖြစ်၊ ဖျားနာကိုက်ခဲမှု မဖြစ်သေးလျှင် လူရာမဝင်သည်ဟုပင် ဆိုရမည်။ လေ့လာကြည့်လျှင် တုပ်ကွေးဟူသည် အမျိုးမျိုးအဖုံဖုံ ရှိနေကြသည်ကို တွေ့ရပေမည်။
ရိုးရိုးသာမန်ဖြစ်နေကျ အအေးမိတုပ်ကွေးမှသည် ယခုခေတ်ပေါ် H1N1 ရာသီတုပ်ကွေးအပြင် နှစ်တိုင်းသတင်းကြီးနေကျ သွေးလွန်တုပ်ကွေး၊ ထို့အပြင် တိရစ္ဆာန်များမှာပါဖြစ်လာသော ကြက်တုပ်ကွေး၊ ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေးစသည်ဖြင့် စုံလင်လှသည်။
သို့သော် ၎င်းတို့အပြင် အခြားထူးခြားသော တုပ်ကွေးတစ်မျိုးကို လူတွေသတိမထားမိဘဲ ရှိနေတတ်သည်။ ၎င်းမှာ….
‘ဆင်တုပ်ကွေး ဖြစ်တာဖြစ်ရမယ်’
‘ရှင်…ဘာပြောတာလဲဆရာ’
‘သြော် ညီမရောဂါက ဆင်တုပ်ကွေးရောဂါပါလို့ ပြောတာပါ’
‘ဟင် ဆရာရယ် ကျွန်မ တိရစ္ဆာန်ရုံတွေဘာတွေလည်း အခုတလော မသွားမိပါဘူး’
‘အမ် မဆိုင်ဘူးလေ…ဆင်တုပ်ကွေးဆိုတာက…’
‘ဆင်ကနေ ကူးတဲ့ တုပ်ကွေးမဟုတ်ဘူးလား ဆရာ’
‘အာ မဟုတ်ပါဘူး ဒုက္ခပါပဲ။ အဲ ဆင်တုပ်ကွေးဆိုတာက တကယ်တော့ ဘယ်သူစတီထွင်လိုက်တဲ့ အခေါ်အဝေါ်လည်းဆိုတာ ကျွန်တော်လည်း မသိဘူးဗျ။ သေချာတာတော့ ဆင်ကနေလူကို ကူးတာ မဟုတ်ဘူး။ ပုံမှန် တုပ်ကွေးထက် အဆများစွာ ပိုပြင်းလို့ ဆင်နဲ့နှိုင်းပြီးခေါ်တာလားတော့ မပြောတတ်ဘူး’
‘သြော် ဒါဆို ကြက်တုပ်ကွေးတို့လို၊ ဝက်တုပ်ကွေးတို့လို တိရစ္ဆာန်တွေနဲ့ ထိတွေ့ပြီးကူးတဲ့ရောဂါမျိုးမဟုတ်ဘူးပေါ့နော်။ မသိပါဘူးဆရာရယ် အခုခေတ်က ရောဂါတွေကလည်း အဆန်းတွေကြီးပဲဆိုတော့ ကျွန်မလည်း ဆင်ကနေကူးတဲ့ ဆင်တုပ်ကွေးရောဂါဆိုတာများ ရှိနေသလားဆိုပြီးထင်မိတာပါ’
‘အင်း အဲဒါတော့ ကျွန်တော်လည်း မရှင်းပြတတ်ဘူး။ တကယ်က အင်္ဂလိပ်လိုဆိုရင် သည်ရောဂါကို ချစ်ကင်ဂန်းညား (Chikungunya) ခေါ်တယ်ဗျ။ သွေးလွန်တုပ်ကွေးလို ခြင်ကနေတစ်ဆင့်ကူးတတ်တဲ့ တုပ်ကွေးရောဂါတစ်မျိုးပဲ’
‘ဘာနာမည်ကြီးလဲမသိဘူးနော် ဆရာ’
‘အဲဒါ အာဖရိကတိုက်က စတွေ့တဲ့ရောဂါမို့ သူတို့အခေါ်အဝေါ်အတိုင်းမှည့်ထားတာပါ။ အဓိပ္ပာယ်ကတော့ bent over or broken တဲ့။ ဆိုတော့ သူဖြစ်ရင် လူတွေက အဆစ်တွေနာကျင်လို့ ကုန်းကုန်းကွေးကွေးနေနေရတယ်ဆိုတဲ့ အဓိပ္ပာယ်လို့ ယူဆကြတယ်’
‘အဲဒါဆို သွေးလွန်တုပ်ကွေးလို ကူးတာဆိုတော့ သွေးလွန်တုပ်ကွေးလိုမျိုး အရမ်းစိုးရိမ်ရတာများ ရှိသလားဆရာ’
‘ပြောရမယ်ဆိုရင်တော့ အဲသည်ဆင်တုပ်ကွေးရော သွေးလွန်တုပ်ကွေးရော နှစ်ခုစလုံးက အေးဒီးစ် Aedes ခြင်ခေါ်တဲ့ နေ့ခင်းဘက်ထွက်တတ်တဲ့ ခြင်အမျိုးအစားတစ်ခုတည်းကနေပဲ ကူးစက်တာဗျ။ ဆင်တုပ်ကွေးထက်စာရင် ခြင်တုပ်ကွေးလို့ခေါ်တာမှ ပိုမှန်ဦးမယ်ထင်တယ်။
ထားပါတော့ စိုးရိမ်ရသလားဆိုရင်တော့ သွေးလွန်တုပ်ကွေးနဲ့ယှဉ်ရင်တော့ မစိုးရိမ်ရဘူးလို့ပြောရမယ်။ ဒါပေမယ့် ရိုးရိုးတုပ်ကွေးထက်စာရင်တော့လည်း စိုးရိမ်ရတယ်လို့ပြောရဦးမှာပါပဲ။ သူက ဖြစ်ပြီဆိုရင် (အဲသည်ရောဂါပိုးကိုသယ်ဆောင်ထားတဲ့ ခြင်အကိုက်ခံရပြီဆိုပါတော့) အဲသည်ကိုက်ကိုက်ပြီးချင်း တန်းပြီးရောဂါမဖြစ်ဘူးဗျ။
ကိုယ်ထဲမှာ ရောဂါပိုးတွေပွားများလာပြီး ရောဂါလက္ခဏာစပြဖို့က အချိန်တစ်ခုကြာတတ်တယ်။ အစပျိုးကာလ incubation period လို့ခေါ်တယ်။ အဲဒါက ၃ ရက်ကနေ တစ်ပတ်အထိကြာတယ်။ အဲဒါ ပြီးတော့မှ ရောဂါ လက္ခဏာ စပြတာ။ အဓိက လက္ခဏာက အခု ဒီက ညီမ ဖြစ်သလို အပြင်းဖျားတာရယ်၊ အရေပြားမှာ အနီကွက်တွေ ထွက်တာရယ်နဲ့ အသိသာဆုံးကတော့ အဆစ်တွေနာကျင်ကိုက်ခဲတာပဲဗျ’
‘ဟုတ်တယ်ဆရာရယ် အဆစ်တွေကိုက်တာမှ လက်တွေတောင် မမြောက်နိုင်ဘူး’
‘ဟုတ်တယ် သူ့အတွက် စိုးရိမ်ရတယ်ဆိုတာက အဲဒါပဲ။ အဆစ်တွေနာကျင်လွန်းတော့ လေးဘက်နာဖြစ်သလို ပုံမှန်လှုပ်ရှားသွားလာဖို့တောင် မလွယ်တော့ဘဲ လူမမာလုံးလုံးဖြစ်ကုန်တာ။ အဲဒါ သူ့ရဲ့ပြသ၁နာပဲ။ ဟို သွေးလွန်တုပ်ကွေးတို့ ရာသီတုပ်ကွေး H1N1 တို့လို အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်တာက အတော်နည်းပါတယ်။
ရှားရှားပါးပါး တစ်ချို့ဦးနှောက်ရောင်တာမျိုးအထိတော့ ဖြစ်ဖူးတတ်တာတော့ ရှိတယ်တဲ့။ အတော်တော့ရှားပါတယ်။ အရပြားမှာ အနီကွက်တွေ ထွက်တာကတော့ စိတ်မပူပါနဲ့ သူ့ဟာသူ ပျောက်သွားမှာပါ။ ဒါပေမယ့် မပျောက်ခင် ယားပြီး အရေခွံတွေကွာလာတတ်တယ်။ အဲဒါဆိုရင်တော့ ကုတ်တာခြစ်တာမျိုးမလုပ်ပါနဲ့။ သက်သာအောင် သောက်ဆေးလိမ်းဆေးပေးလိုက်လို့ရပါတယ်’
‘အဖျားကရော ဆရာ။ တာရှည်ဦးမှာလား။ အခုဆိုဖျားနေတာ သုံးရက်ရှိပြီ’
‘ပုံမှန်ကတော့ အလွန်ဆုံးကြာ တစ်ပတ်ပါပဲ။ သက်သာအောင် ဆေးသောက်၊ အားရှိအောင်နေ၊ အစာပျော့ပျော့စား၊ ရေများများသောက်။ အဲဒါဆို မြန်မြန်နေကောင်းပါတယ်။ တစ်ခုပဲ တစ်ချို့က အဖျားကျသွားပြီဆိုပြီး အလုပ်ပြင်းပြင်းထန်ထန်တွေကို မြန်မြန်ဆန်ဆန်ပြန်လုပ်တတ်တယ်။ အဲဒါမျိုးဆိုရင် အဖျားကရှင်းရှင်းမပျောက်ခင် တစ်ကျော့ပြန်တက်လာတတ်တယ်။ Saddle fever ခေါ်တယ်ပေါ့။ ဒါမျိုးတော့ တစ်ချက်သတိထားဖို့လိုပါတယ်’
‘ကျေးဇူးပါပဲ ဆရာ၊ သမီးက ကိုယ့်ကိုယ့်ကို H1N1 ဖြစ်နေပြီထင်ပြီး လူကြားထဲလည်းမသွားရဲ၊ Mask နှာခေါင်းစည်းကြီးတတ်ပြီး တစ်ချိန်လုံးနေနေမိတာ’
‘သြော် ဒါမျိုးသတိထားတာလည်း မမှားပါဘူး။ ဒါပေမယ့် အားလုံးက H1N1 ပဲ သတိထားကြပြီး ပုံမှန်ဒုက္ခပေးနေကြ သွေးလွန်တုပ်ကွေးတို့၊ အခု ဆင်တုပ်ကွေးတို့ကို မေ့နေကြမှာပဲ စိုးလို့ပါ။ ဒါကြောင့် ခြင်ကတစ်ဆင့်ဖြစ်တဲ့ ဒီဆင်တုပ်ကွေးအပြင်းစားတွေကို ကာကွယ်ဖို့လည်း လုပ်ကြစေချင်တယ်။
အားလုံးသိပြီးတဲ့အတိုင်း ကိုယ့်အိမ်ဝန်းကျင်မှာ ရေစီးရေလာကောင်းအောင်၊ ရေဝပ်နိုင်တဲ့နေရာတွေနည်းအောင်၊ ခြင်အန္တရာယ်ကာကွယ်နိုင်တဲ့ ခြင်ထောင်၊ အကျီင်္လက်ရှည် စတာတွေကို များများအသုံးပြုကြအောင် ဝိုင်းဝန်းလုပ်ဆောင်ကြပါဦးလို့ တိုက်တွန်းရင်း…ကဲ…ဒီလောက်ပါပဲဗျာ’
ဒေါက်တာထွန်းလင်း
ref: https://www.cdc.gov/chikungunya/index.html