မွေးရာပါခြေခွင်ခြင်းအတွက် ကုထုံးတစ်ခု
——————-
အမေဖြစ်သူသည် ကလေးကို ကြည့်ရင်း မျက်လုံးမှာမျက်ရည်တွေဝဲနေသည်။ ကလေးကို မောင်ဒေါက်တာ စမ်းသပ်ကြည့်လိုက်တော့ ခြေဖျားနှစ်ဘက်စလုံးက အတွင်းကိုလည်ပြီး အောက်ဘက်ကိုစိုက်နေသည်။ ဒူးနှင့်ပေါင်ကလည်း ခြေဖျားအနေအထားပေါ်လိုက်ပြီး ဘေးကိုကားနေသည်။ အများအခေါ်’ခြေခွင်’ ကလေး ဖြစ်နေခြင်း ဖြစ်သည်။
‘ကျွန်တော်တို့အခေါ်ကတော့ ဒါကို CTEV လို့ ခေါ်တယ်ဗျ။ Congenital Talipes Equino Varus ပေါ့။ Congenital (မွေးရာပါ) Talipes (ခြေဖျားပိုင်း) Equino (ခြေဖျားထောက်ပုံစံ) Varus (အတွင်းသို့လည်ခြင်း) ပေါ့ဗျာ။ အလွယ်အခေါ်တော့ Club foot (တင်းပုတ်ပုံခြေထောက်) လို့ ခေါ်လေ့ရှိကြတယ်’
ကလေးအမေက ခေတ်ပညာတတ်လူလတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်သည့်အတွက် မောင်ဒေါက်တာက ကလေး၏ရောဂါအကြောင်းကို အသေအချာရှင်းပြနေမိသည်။ ယခုကလေး ကိုယ်ဝန်နှုင့်တုန်းကပင် မောင်ဒေါက်တာ့ဆေးခန်းမှာ မကြာမကြာ လာပြနေကြဖြစ်သည်။ယခု မွေးပြီးတော့မှ တော်တော်ကြာတဲ့ အထိ မောင်ဒေါက်တာနှင့်မတွေ့ဖြစ်ဘဲ ကလေးအသက် လေးငါးလ ဖြစ်လာတော့မှ ခြေထောက်ပုံမှန် မဟုတ်မှန်း သတိထားမိသဖြင့် မောင်ဒေါက်တာ့ဆီလာပြကြခြင်း ဖြစ်လေသည်။
‘ဒါက မွေးရာပါ ခြေထောက်ပုံသဏ္ဍာန် အနေအထား အားနည်းလို့ဖြစ်လာတာပါ။ ကုလို့ရပါတယ် အစ်မ။ ဘာမှ မစိုးရိမ်ပါနဲ့။ ကလေးကကြီးလာရင် ပုံမှန်အတိုင်း လမ်းပြန်လျှောက်နိုင်မှာပါ’
‘ဟုတ်ကဲ့ ဆရာ။ ကျွန်မ စုံစမ်းကြည့်သလောက်ကတော့ ဒါမျိုးက ခွဲစိတ်မှ ရမှာဆို။ သည်လောက်ငယ်တဲ့ ကလေးကို ခွဲစိတ်ရပါ့မလားဆရာ။ အန္တရာယ်မရှိနိုင်ဘူးလားဟင်’
‘လုံးဝအန္တရာယ်မရှိဘူးတော့ မဆိုလိုပါဘူး။ ခွဲစိတ်မှုဆိုတာ လူကြီးတွေမှာလည်း မေ့ဆေးပေးရင် အန္တရာယ်ရှိနိုင်တာပါပဲ။ ဒါပေမယ့် အခု ကလေးတွေမှာ သည်လိုခြေခွင်တာတွေကို မေ့ဆေးပေးပြီး ခွဲစိတ်တဲ့အခါ ဘာဆိုးကျိုးမှ မတွေ့ရဘူးဆိုတာ သုတေသနစစ်တမ်းတွေအရ အားလုံးလက်ခံထားပြီးသားပါ။ ဒါကတပိုင်း။
နောက်တစ်ခုက ခွဲစိတ်ပြီးတော့ ခြေခွင်တာကို ပြုပြင်ကုသတယ်ဆိုတာဟာ ဟိုးအရင်ကလုပ်ခဲ့တဲ့ နည်းစနစ် ဖြစ်သွားပါပြီ။ အခုက ခွဲစိတ်မှုကို အဓိကမသုံးဘဲ ခြေထောက်အနေအထားကို ကျောက်ပတ်တီးကိုင်သလို ပြုပြင်လေ့ကျင့်စေခြင်းအားဖြင့် ပြောင်းလဲကုသနေကြပါပြီ’
‘သြော် ဆရာရယ်။ ကလေးကို ခွဲစိတ်ရတာကြောက်ပါတယ်ဆိုမှ ကျောက်ပတ်တီးပါ စည်းရဦးမှာလားဟင်’
‘အင်း မဟုတ်ရင် ကလေးက ဘယ်နှယ့်လုပ်လမ်းလျှောက်နိုင်တော့မှာလဲ အစ်မရယ်။ စိတ်မပူပါနဲ့ သည်ကုသနည်းစနစ်အသစ်က အတော် အဆင်ပြေတဲ့ ကုထုံးပါ။ Ponsenti method လို့ ခေါ်ပါတယ်။ စတီထွင်ခဲ့တဲ့ အမေရိကက ဆရာဝန်ကြီးPonsenti ရဲ့ ကုထုံးလို့ ခေါ်ဝေါ်တာပေါ့။ ဒါနဲ့ အခု ကလေးက အသက်ဘယ်လောက်ရသွားပြီလဲဗျ’
‘ငါးလကျော်ပါပြီ ဆရာ’
‘ကောင်းတယ် အစ်မ။ အဲသည်ကုထုံးက ကလေးအသက်သုံးလေးလ ကျော်ဆိုရင် ကုရပိုအဆင်ပြေတယ်လို့ ဆိုထားတယ်။ အမှန်ကတော့ စောစောကုလေ ကလေးခြေထောက်ပြန်ကောင်းနိုင်ဖို့ ပိုလွယ်ကူလေပါပဲ။ ကလေးကြီးလာလေ ကုသမှုအောင်မြင်နိုင်မှုက ပိုလျော့လာလေ ဖြစ်တတ်တယ်ဗျ။ ဒါကြောင့်အခု အခြေအနေဆိုရင် မြန်မြန်ထက်ထက်သာ သွားရောက်ကုသမှု ခံယူလိုက်ပါ။ ကျွန်တော် သက်ဆိုင်ရာ အထူးကုဌာနကို လွှဲလိုက်ပါ့မယ်’
‘ကျွန်မလည်း လုပ်စရာရှိတာ လုပ်မယ်လို့ စဉ်းစားထားပြီးသားပါ ဆရာ။ ဒါပေမယ့် ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာသာ ဆရာနဲ့ အရင်လာတိုင်ပင်ကြည့်တာပါ။ တစ်ခုပဲ သိချင်တာက ဆရာအခု ပြောတဲ့ ကုထုံးနဲ့ ဆိုရင် ကလေးကို ခွဲစိတ်စရာမလိုတော့ဘူးပေါ့နော်’
‘အင်း ယေဘုယျအားဖြင့် ဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် သည်ဖနောင့်မှာလာတွယ်တဲ့ ခြေသလုံးကြွက်သားအဖျားပိုင်း (Archilles Tendon) ကိုတော့ အနည်းငယ်ခွဲစိတ်ပြီးပြုပြင်ရတာမျိုးလေးတော့ ရှိတတ်ပါတယ်။ အသေးစားခွဲစိတ်မှုလေးပါပဲ။ အဲဒါပြီးတော့မှ ကလေးခြေထောက်ကို POP လို့ခေါ်တဲ့ အများသိကြတဲ့ ကျောက်ပတ်တီးစည်းပြီး ပုံသွင်းလိုက်တာပေါ့။
ပြီးရင် တဖြည်းဖြည်းချင်းပုံမှန် ခြေထောက်ပုံစံရလာအောင် အဆင့်ဆင့် ဖြုတ်လိုက်၊ တက်လိုက်တော့ လုပ်ရတာပေါ့။ နောက်ပိုင်းကျတော့ POP ကိုခဏခဏ မလဲတော့ဘဲ Dennis Brown လို့ခေါ်တဲ့ ခြေထောက်ပုံသွင်းအကူကိရိယာလေး တပ်ထားလိုက်ရင် ရသွားတယ်။ အဲဒါက ကလေးစီးဖိနပ်ကလေးတွေကို ဘားတံလေးတွေနဲ့ ဆက်ထားပြီး ခြေထောက်ပြန်မခွင်အောင် ထိန်းထားလို့ရတဲ့ ကိရိယာပေါ့။ မြင်သာအောင် ပြောရရင် နှင်းလျောစကိတ်စီးတဲ့ Board (ဘုတ်ပြား) နဲ့ ဆင်တူတယ်’
‘အင်း အဲဒါဆို ကလေးတော့ နာမလားမသိဘူးနော်’
‘ကလေးအတွက် နေရခက်တဲ့အနေအထားတော့ ရှိတာပေါ့။ ချော့မောပြီးတော့ လုပ်ရတာလဲရှိမှာပါပဲ။ ဒါပေမယ့် သူအသက်ကြီးလေ သည်ခြေထောက်က သူ့အတွက် ပိုဒုက္ခပေးလေ ဖြစ်မှာလေ။ ငယ်တုန်းမှာ ကုရတာက ပိုပုံသွင်းလို့လွယ်လို့ အဆင်ပြေမှာပါအစ်မရယ်။ တော်ကြာနေ ကလေးက လမ်းစလှမ်းလျှောက်တော့မှာလေ။ အဲသည်တော့မှ အခြားကလေးနည်းတူ မသွားလာနိုင်ရင် ကိုယ်ကျိုးနည်းကုန်မှာ မဟုတ်လား။ သည်လောက်တော့ အမေရော ကလေးရော သည်းခံလိုက်ပါဗျာ’
‘အင်း ကျွန်မနားလည် ပါပြီ ဆရာ…အဲဒါက ကုသမှုခံယူရရင် အချိန် ဘယ်လောက်ကြာတတ်လဲမသိဘူးနော်’
‘သူက ကျွန်တော် သိသလောက် တစ်ဆင့်ချင်း အချိန်ယူပြီး လုပ်ရတာပါ။ ပထမ စစချင်း အဆင့်မှာ သုံးပတ်လောက်အချိန်ယူပြီး ကလေးခြေထောက်ကို ပုံသွင်းရပါတယ်။ နောက်သုံးလကနေ ကလေးအသက် လေးငါးနှစ်လောက် အထိကို တဖြည်းဖြည်းချင်း ပုံသွင်းတာတွေလျှော့သွားပြီး ခုနက ပြောတဲ့ အကူကိရိယာလေးကိုပဲ အချိန်ပိုင်းနဲ့ တပ်ဆင်သွားရတာပေ့ါ’
အမေဖြစ်သူသည် သူ့ကလေးငယ်ကို ထိုသို့ ကြီးမားသောကုသမှု ပုံစံဖြင့် ကုသရမည်ကို စိတ်ပူနေဟန်တူနေသည်။ မပူပါနှင့်ဟုလည်း ပြောလို့မရပါ။ ဘယ်သူမဆို သည်အခြေအနေကို စိတ်ပူကြမည်သာ။ အဓိကကတော့ လုပ်စရာရှိတာလုပ်ပြီးစိတ်ပူရသည်က ဘာမှမလုပ်ဘဲထိုင်ပြီး စိတ်ကုန်နေရသည်ထက်တော့ တော်သေးသည် မဟုတ်လား။
‘ကဲ အစ်မရေ သည်လောက်ချစ်စရာကောင်းတဲ့ ကလေးလေးကို တစ်သက်လုံး ဒုက္ခိတ မဖြစ်အောင် အားလုံးကြိုးစားပြီး ကုသမှု ခံယူကြတာပေါ့ဗျာနော်’
ကလေးအမေက မောင်ဒေါက်တာ့ ပြောစကားကို အဆုံးထိနားထောင်ပြီး ခေါင်းတစ်ချက်ညိတ်ကာ ကြိုးစားပြီးပြုံးပြရှာသည်။ အမေတစ်ယောက်၏ သည်အပြုံးနှင့်ပင် ကလေးငယ်အတွက် ကုသမှုမှန်သမျှ အဆင်ပြေအောင်မြင်သွားမည်ဟု မောင်ဒေါက်တာ ယုံကြည်မိပေသည်။
ဒေါက်တာထွန်းလင်း
Ref: The Posenti Technique for the Treatment of Congenital Club Foot (Journal of Bangladesh Orthopaedic Society)