ကားမမူးအောင် ဘယ်လိုလုပ်မလဲ
ကားမူးတယ်ဆိုတာဟာ ကားစီးပြီးခရီးသွားတဲ့အခါတိုင်းနီးပါးမှာ မူးဝေအော့အန်တာဖြစ်ခြင်း ဖြစ်ပါတယ်။
ကားစီးပြီးခရီးသွားတဲ့အခါတိုင်းနီးပါးမှာ မူးဝေအော့အန်ခြင်းဝေဒနာကို ခံစားရတဲ့သူတွေရှိသလို ရထားစီးတဲ့အခါတိုင်းနီးပါး၊လှေ၊သဘောၤစီးတဲ့အခါတိုင်းနီးပါး၊လေယာဉ်စီးတဲ့အခါတိုင်းနီးပါး၊ကစားကွင်းက ရိုလာကိုစတာ၊ပင်လယ်ဓါးပြလှေစီးတဲ့အခါတိုင်းနီးပါးမှာ မူးဝေအော့အန်ခြင်းဝေဒနာကို ခံစားရတဲ့သူတွေလည်းရှိပါတယ်။
ဒီလိုဖြစ်တာကို ဆေးပညာအရ Motion Sickness လို့ခေါ်ပါတယ်။
အကြမ်းဖျင်းပြောရရင်တော့ ရွေ့လျားနေတဲ့ ယာဉ်တွေပေါ်စီးနင်းလိုက်ပါတဲ့အခါတိုင်းနီးပါးမှာ မူးဝေအော့အန်တာ ဖြစ်ခြင်းကို ဆိုလိုတာပါ။
ဖြစ်ရတဲ့အကြောင်းရင်းကတော့ ဦးနှောက်ဆီကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေကလာတဲ့ ရွေ့လျားမှု သတင်းပေးပို့ချက်တွေဟာ တခုနဲ့တခုသဟဇာတမဖြစ် မကိုက်ညီလို့ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ဦးနှောက်ဟာ ကျွန်တော်တို့ခန္ဓာကိုယ်ကြီးရွေ့နေလား၊လှုပ်နေလား၊ငြိမ်နေလားဆိုတာသိဖို့အတွက် အချက်ပြမှုတွေကို မျက်လုံးကနေ သာမက အတွင်းနား၊ကြွက်သား စတဲ့နေရာတွေကလည်းရယူပါတယ်။
ပြောရရင် အတွင်းနား နဲ့ ကြွက်သားတွေဟာလည်း ခန္ဓာကိုယ်လှုပ်ရှားမှုရှိနေခြင်း မရှိနေခြင်းကို အာရုံခံပေးတဲ့နေရာတွေဖြစ်ပါတယ်။
သတင်းအချက်အလက်ရယူတဲ့အခါမှာ တနေရာနဲ့တနေရာ က သတင်းပို့ချက်တွေက သဟဇာတမဖြစ်တာမျိုး မကိုက်ညီတာမျိုးဆိုရင် ဦးနှောက်က ရှုပ်ထွေးသွားပြီး Motion sickness ကိုခံစားရတတ်ပါတယ်။
နားလည်အောင် အကြမ်းဖြင်းပြောရရင် သင်ဟာ အမြန်လမ်းပေါ် Express ကားစီးပြီး ဖုန်းသုံးနေတယ်၊တီဗီကြည့်နေတယ်၊စာဖတ်နေတယ် ဆိုကြပါစို့။
အဲ့အခါမှာ မျက်လုံးဟာ ဦးနှောက်ဆီကို ကိုယ်ခန္ဓာ ရွေ့လျားမှုရှိမနေဘူးလို့ပဲ သတင်းပို့ပါတယ်။
သို့ပေမယ့် ကျွန်တော်တို့ရဲ့အတွင်းနားဟာ ကားရဲ့ရွေ့လျားမှုကိုအာရုံခံမိပြီး ခန္ဓာကိုယ်ကလည်းကားပေါ်မှာရှိနေတဲ့အတွက် ခန္ဓာကိုယ်က ရွေ့နေတယ်လို့အချက်အလက်ယူကာ ဦးနှောက်ကို သတင်းပို့ပါတယ်။
ဒီလိုသဟဇာတမဖြစ်တဲ့သတင်းအချက်လက်နှစ်မျိုးကို လက်ခံရရှိတဲ့အခါမှာ ဦးနှောက်ဟာရှုပ်ထွေးသွားပြီး Motion sickness ကိုခံစားရပါတယ်။
မည်သူမဆို ကားမူးခြင်း ဖြစ်နိုင်ပါတယ်။
ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်မိခင်တွေ၊အကြောင်းကြောင်းကြောင့်ဆေးတချို့စွဲသောက်နေရတဲ့သူတွေမှာဆိုရင်ပိုဖြစ်နိုင်ခြေများပါတယ်။
အိပ်ရေးပျက်ပင်ပန်းနေတဲ့အချိန်မှာဆိုရင် ပိုဖြစ်လွယ်ပါတယ်။
ကားမူးခြင်းဖြစ်တဲ့အခါ ရုတ်တရက် ရင်ထဲအီလည်လည်ဖြစ်ကာ ဇောချွေးပြန်လာပြီး မူးတာ၊ပျို့တာ၊အန်တာ တွေကို ခံစားရပါတယ်။
ကားမူးတာကို လုံးဝမဖြစ်အောင် ပျောက်အောင် ကုသလို့မရပါဘူး။
သို့ပေမယ့် အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ကားမူးတာဖြစ်နိုင်ခြေနည်းအောင်၊ကားမူးတာသက်သာအောင် လုပ်နိုင်ပါတယ်။
ကားစီးတဲ့အခါ မူးပြီးအန်မှာစိုးတဲ့အတွက် အစာမစားသွားတာ မျိုးမလုပ်ပါနဲ့။
အစာမရှိရင် သွေးတွင်းအချိုဓါတ်ကျပြီး ကားမူးတာဖြစ်နိုင်ခြေပိုများသလို၊မူးတဲ့အခါမှာလည်း ပိုဆိုးနိုင်ပါတယ်။
ကားမစီးခင်အစာအနည်းငယ်စားဖို့လိုပါတယ်။အီတဲ့အစားစာတွေ၊အဆီအဆိမ့်တွေ၊ရင်ပြည့်စာတွေ၊အစပ်များတာတွေရှောင်ပြီး အစာကြေလွယ်မယ့်အစားစာတွေစားသွားပါ။
လူတအားကြပ်မယ့်ကားမျိုးကို တတ်နိုင်သမျှ မစီးပါနဲ့။
ကားစီးတဲ့အခါ ပြတင်းပေါက်နဲ့နီးတဲ့နေရာနေပါ။ကားရှေ့ခန်းမှာနေပါ။
ဘေးကရှုခင်းတွေကိုကြည့်မယ့်အစား အဝေးဆီကို မိုးကုတ်စက်ဝိုင်းဆီကိုသာကြည့်ပါ။မျက်စိညောင်းလာလျှင် မျက်စိခဏမှိတ်ထားနိုင်ပါတယ်။
စာဖတ်တာ၊ဖုန်းသုံးတာ၊တီဗီကြည့်တာတွေရှောင်ပါ။ခေါင်းကိုငြိမ်ငြိမ်ထားပါ။
ချိုချဉ်၊ရှုဆေးတွေဆောင်သွားပါ။သီးစုံဓါတ်ဆားဖျော်ယူသွားပါ။
Stugeron,Vertinil အစရှိတဲ့အမူးပျောက်ဆေးတွေကိုလည်း သောက်နိုင်ပါတယ်။
အမူးပျောက်ဆေးတွေကို ကားမစီးခင်တနာရီလောက်အလိုမှာသောက်ဖို့လိုပါတယ်။
ကားစီးမှစသောက်ရတာမဟုတ်ပါ။
Dr 528