တစ်နေ့မှာ လူချော ဆေးခန်းလေးကို လူနာတစ်ယောက် အမျိုးသမီးကြီးပေါ့ လာပြတယ်….လာပြတာက သူ ဒူးနာနေလို့တဲ့…လူချော က ဒေါ်ဒေါ် ထိုင်ပါအုံး….လူချော အကြမ်းဖြင်းအကဲခတ်လိုက်တော့ (လူချောရဲ့ အကျင့်တစ်ခုပါ)….
လူနာ အဒေါ်ကြီးက ခပ်ဝဝ အသက်မေးတော့ (၅၀) တဲ့….သူဒူးနာနေတာ …ဝနေလို့လား…???
အဒေါ် ..ဒူးနာတာ ဘယ်လောက်ကြာပြီလဲ?
၄/၅နှစ်ရှိနေပါပြီ ဆရာရယ်…ဘာလုပ်လုပ် မပျောက်ဘူးဖြစ်နေတယ်…
အန်…သူဘာတွေများလုပ်ပြီလဲ !??
ဒေါ်ဒေါ် ဘာတွေလုပ်ထားလို့လဲ?
ဆေးသောက်တယ်လေ …ဆေးထိုးတယ်လေ… မသက်သာပါဘူး…သောက်ရင် အရမ်းကောင်းတယ်..ရပ်လိုက်ရင် ၁ရက်ဆို ပြန်နာလာတယ်…
လူချော ထပ်မေးရတော့မယ်… ဒေါ်ဒေါ် ဒူးက အလိုလို နာလာတာလား? ချော်လဲ၊ ဒဏ်ရာရတာရှိသေးလား?
ရှိဘူးဆရာ အလိုလိုနာနေတာ….
စနာတုန်းကကော ဒေါ်ဒေါ်က ခုလို ဝဝပဲလား…
ဘယ်ဟုတ်ပါ့မလဲ …နောက်ပိုင်းမှဝလာတာ မြင်မကောင်းဘူး….
??????????
လူချော စမ်းသပ်ရန် ကုတင်ပေါ် တတ်ပါအုံး…ဆိုတော့..သူ ထမရပါ….
အဲ့လိုပဲ ဆရာ ထိုင်ပြီးရင် ထမရတော့ဘူး….ညောင်းနေရော…လူချောတွဲပြီး ကုတင်ပေါ်တင်ပေးရတာပေါ့ …မနည်းလေးတာ….တစ်ခု သတိထားမိလိုက်တာက….သူ့ အရေပြားတွေ…ပါးပါးလေး….လူချောကိုင်ပြီးတွဲတင်လိုက်တာ…လက်အရာကြီးထင်ကျန်ခဲ့တယ်…
သွေးခြေဥသွားတယ်…ဒေါ်ဒေါ် အသားက နုလိုက်တာနော်လို့…ပြောမိသွားတယ်…အဲ့ကျမှ သူက အရင်ကအဲ့လို မနုပါဘူး …ကျမက အပြင်မှာအလုပ်လုပ်တာ…ဒူးနာလို့ နားလိုက်တာ…
အန်…???
ထားပါလေ…
လူချော စမ်းသပ်တော့….
သွေးတိုးနေတယ်….လူနာမေးကြည့်တော့ သွေးတိုးရှိတာ မသိဘူးတဲ့…ဆေးဆိုလို့ ဒူးနာ ဆေးပဲသောက်တာ…
နလုံး အဆုတ် စမ်းတယ် ….
ဒူးကို စမ်းမယ်ပေါ့ …ဒေါ်ဒေါ် ကျနော် ဒူးကိုစမ်းမယ်နော် နာနေရင်ပြောပါ…ရတယ် ဆရာ ..ခုမနာဘူး မနက်ကဆေးသောက်ထားတယ်…ဒူးက နည်းနည်းရောင်တယ် ….ဒါပေမဲ့ သူ့ခြေထောက်လေးတွေက သေးနေတယ်…ခြေထောက်ပဲလား…ဘယ်ဟုတ်မလဲ လက်ဖျံ လက်မောင်းတွေပါသေးနေတယ်…အလယ်ခန္ဓာကိုယ်ကပဲဝနေတာ…
လူချော ရိပ်မိလာပြီ!!!!!
ဗိုက်ကို လှမ်းကြည့်လိုက်တော့…ထပ်တွေ့ပါပြီ….အကြောတွေပြတ်နေတာ…
ဒေါ်ဒေါ် …သောက်နေတဲ့ဆေးက ဘာဆေးလဲ?
ဆရာ… ဥုံဖွဆေးလေ….
ဆရာမသိဘူးလား ရပ်ကွက်ထဲမှာနာမည်ကြီးလေ…ဘာဖြစ်ဖြစ်သောက်လို့ရတယ်..ဖျားလို့သောက်ရင် ခဏဆို အဖျားကျ…ချောင်းဆိုးတာလား ညဘက်သောက် မနက်ဆိုပျောက်တယ်…ခုလဲဒူးနာတာ သောက်နေတာ….ပျောက်တယ်လေ..ဒါပေမဲ့ ကြာနေတော့ ဘာများဖြစ်မလဲလို့ လာပြကြည့်တာပါ…
လူချော….ခေတ္တခဏ စွန့်အ သွားခဲ့တယ်…ရက်စက်လိုက်တာ ဒေါ်ဒေါ်ရယ်…
လူချော သေချာရှင်းပြရတော့မယ်….ဆိုတာ ၁၀၀%သေချာပါပြီ…သူတို့ လမ်းလွဲနေပြီ!!!!
လူချောက ဒေါ်ဒေါ် ဆီးချိုစစ်ဖူးလား….မေးတော့ လို..လို့လားတဲ့…ဟုတ်ကဲ့ဆိုတော့..ဆရာလိုမယ်ထင်ရင်လုပ်လေတဲ့…စစ်လိုက်တော့ ၄၀၀ကျော်နေပါတယ်…ဒေါ်ဒေါ် ဆီးချိုပါရှိနေတယ်…ဟုတ်လား ..အဲ့ကျမှ လန့်သွားတော့..ဆရာ ကျမ ဘာလုပ်ရမလဲတဲ့….
သောက်နေတဲ့ ဆေးပါရင်ပြပါလား ဆိုတော့မှ,..ပါတာပေါ့ သွားလေရာယူသွားတယ်…နာရင်သောက်ဖို့တဲ့…
ကြည့်လိုက်တော့ လူချော …..ထင်နေတဲ့ ဆေးက ….
သူတို့အတွက် ဥုံဖွဆေးပါလား….နော်…
ဒေါ်ဒေါ် …အဲ့ဆေးက ဒူးနာသောက်ဆေးလို့ ဘူပြောတာလဲမေးတော့..ဆေးဆိုင်ကပေးထားတာပါတဲ့ သောက်နေတာ ၄နှစ်လောက်ရှိပြီတဲ့….
သူတို့ ဥုံဖွဆေးက ကောင်းတာတွေရှိပါတယ်…သူ့နေရာနဲ့သူသုံးရမှာပါ…ကြာကြာသုံးမယ်ဆိုရင် အမှန်တကယ်တတ်ကျွမ်းတဲ့သူနဲ့ တိုင်ပင်ရပါမယ်…ခုတော့ …ဆေးရဲ့ ဆိုးကျိုးတွေသူခံစားနေရပြီ။
ဆေးကြောင့် အနာသက်သာတာ မှန်ပါတယ်…သူကြောင့် အရမ်းဝလာတယ်…သွေးတိုး၊ ဆီးချို ဖြစ်လာတယ်။ အကြောတွေထုံထိုင်းညောင်းလာတယ်…အထိုင်အထ ခက်လာတယ်…ဗိုက်ကြောတွေပြတ်လာတယ်….အားလုံးခြုံကြည့်ရင်…Cushing Syndrome လို့ခေါ်တဲ့ ရောဂါဖြစ်သွားတာပါ…အရေပြားတွေပါး…သွေးခြေဥ အကုန်ဖြစ်တာပါ။
ကုသရတာ အရမ်းခက်ပါတယ်
ဒူးနာပျောက်အောင်လဲကုရခက်တယ်
သွေးတိုး ဆီးချို ထိန်းရတာ ပိုခက်တယ်
ဝနေတာ ပိန်အောင် လုပ်မရ…
တော်တော် ခက်ပါတယ်…
လူချော သေချာရှင်းပြ ..တော့မှသူနားလည်လာတော့တယ်….
ခုထိ လူချော…ကိုမှန်မှန်လာပြနေတာ ခုဆို သူ့ သွေးတိုး၊ ဆီးချို ထိန်းနိုင်လာပါပြီ! ဒူးနာလဲ မနည်းသက်သာလာပါတယ်….
ကျေးဇူးပြု၍ ဥုံဖွ သိပ်မလုပ်ကြပါနဲ့လို့….
ဆက်လက်ကြိုးစားပါအုံးမည်။
Author: မောင်လူချော (အရေးပေါ်ကုသမှုဆေးပညာ)