သွေးအားနည်း ရောဂါ
” မေမေ သမီး ခေါင်းမူးနေလို့ ဒီနေ့ ကျူရှင်မသွားလို့ရလားဟင်”
သမီးဖြစ်သူမှ ဟင်းချက်နေသော ခင်ခင်လတ်အား လာပြောနေသည်။ သမီးကား ကျောင်းတက်ပျင်းသူ ဖြစ်သည်။ တစ်နေ့တစ်နေ့ကျူရှင် သွားရမည်ကိုလည်း ပျင်းသူဖြစ်သည်။ စာကျက်ရမည်ကိုလည်း ပျင်းသူဖြစ်သည်။
“ခေါင်းက မူးနေတာ တော်တော်ဆိုးလို့လား သမီး”
သမီးနဖူးလေးကို အသာစမ်းလိုက်သည်။
အဖျားများရှိနေသလားဟု ထင်သည်။ သမီးနဖူးကား အေးစက်သည်။ သမီးတွင် အဖျားမရှိပါ။ မျက်နှာကလေးကတော့ ညှိုးနေသည်။ တကယ်မူးနေတာလား ဟန်ဆောင်နေတာလားကတော့ သမီးမှသိမည်။
“ဒီနေ့တော့ ကျူရှင်နားလိုက်နော်။ နက်ဖြန်တော့ ပြန်တက်ရမယ်”
“ဟုတ်ကဲ့မေမေ”
သမီးမျက်နှာကိုလှမ်း အကဲလိုက် သည်။ အရင်ကဆိုရင်သမီးကား ပြုံးပျော်ရွှင်သွားမည်ဖြစ်သည်။ အခုတော့ သူ့အခန်းထဲပြန်ဝင်သွားသည်။ ခင်ခင်လတ် သမီးကို လှမ်းကြည့်နေလိုက်သည်။ သူ့အိပ်ယာလေးပေါ်တွင် အိပ်နေသည်။ ခါတိုင်း တီဗီ အစီအစဉ်များ အလွန်ကြိုက်တတ်သော သမီးကား တီဗီတောင် ထွက်မကြည့်ပဲ အိပ်နေသည်။
ထမင်း စားချိန်မှ ထွက်လာပြီး ထမင်းစားသည်။ ထမင်းစားပြီး သမီးကို ကျောင်းသင်ခန်းစာများကို ကြည့်ခိုင်းလိုက်သည်။ သမီးကား စာကြည့်စားပွဲတွင် စာကြည့်နေသည်။
သမီးကို အခုတစ်လောကြည့်ရသည်မှာ သိပ်တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းမရှိဟု ထင်သည်။ အရင်လို စိတ်မျိုးမဟုတ်ပဲ ငေးမှိုင်နေသည်ဟု ခင်ခင်လတ်ထင်သည်။ ၁၀ တန်းကျောင်းသူ သမီးတွင် ရည်းစားတွေများရနေပြီလားဟု အမေတစ်ယောက် အနေနှင့် စိုးရိမ်မိသည်။ ခင်ခင်လတ်တစ်ယောက် ကျောင်းတွင် စုံစမ်းကြည့်သည်။
သမီးသည် ကျောင်းတွင် လည်း လိမ္မာသော ကျောင်းသူတစ်ယောက်ဖြစ်သည်။ ကျူရှင်တွင် စုံစမ်းကြည့်သည်။ ကျူရှင်တွင်လည်း စာလုပ်သော ကျောင်းသားထဲတွင်ပါသည်။ သမီးကို ကြည့်ရသည်မှာ မလန်းဆန်း။ ညနေကျရင်တော့ ဆေးခန်းသွားပြမည်ဟု ဆုံးဖြတ်လိုက်သည်။ လမ်းထိပ်က ဆေးခန်းကိုပဲ အရင်သွားပြမည်။ ၁၀ တန်း ကျောင်းသူတစ်ယောက် ဆိုတော့ သမီးကို ခင်ခင်လတ်တို့ ဂရုစိုက်ရမည်။
“ကလေးကအရင်လို လန်းလန်းဆန်းဆန်းမဟုတ်လို့လာပြတာပါဆရာ ” ခင်ခင်လတ်တစ်ယောက် ဆရာဝန်အား ရှင်းပြလိုက်သည်။
“သမီးဘာတွေ ခံစားနေရလဲ ” ဆရာဝန်မှ သမီးအား စိတ်ရှည်ရှည်နှင့် မေးနေသည်။
“တစ်ခါတစ်လေကျရင် ခေါင်းမူးတယ်ဆရာ။ တစ်ခါတစ်လေကျရင် မောတယ်။ တစ်ခါတစ်လေကျရင် ရင်ထဲမှာ တစ်မျိုးကြီးပဲ နေလို့မကောင်းဘူး။ အိပ်လိုက်ရင်တော့ နည်းနည်း သက်သာပါတယ် ” သမီးက သူဖြစ်သည်များကို ပြောပြနေသည်။
အမေကို မပြောသော ရင်ထဲမှာ မကောင်းဘူးတို့ တစ်ခါတစ်လေ မောတယ်ဆိုသည်များပင် ပါနေသည်။ အမေကို ဘာလို့မပြောတာလဲဟု ခင်ခင်လတ် စိတ်မကောင်းဖြစ်သွားသည်။ သမီးသည် အမေဖြစ်သူကို ခံစားရသည်များကို အကုန်မဖွင့်ပြောပဲ ဘာလို့များ မျိုသိပ်ထားရသနည်းဟု စဉ်းစားနေမိသည်။
“ခေါင်းမူးတယ်ဆိုလို့ မျက်မှန်များတက်ဖို့လိုသလားဆိုပြီး မျက်မှန်လည်း သွားစစ်ကြည့်ပြီးပါပြီဆရာ။ သမီး ရဲ့မျက်လုံးက ကောင်းပါတယ်။ မျက်မှန်လည်း တက်စရာမလိုပါဘူး ”
ခင်ခင်လတ် မျက်စိကို စစ်ဆေးကြည့်ပြီးကြောင်း ရှင်းပြနေသည်။ ဆရာဝန်မှ သမီးအား စမ်းသပ်ကြည့်သည်။
” ကလေးက ဓမ္မတာလာတာ ကြာပြီလား” သမီးက မဖြေ။ ခင်ခင်လတ်ပဲ ဝင်ဖြေလိုက်ရသည်။
” ၆ တန်းနှစ်က စလာတာပါ ဆရာ ”
” ကလေး က သွေးဆင်းတာများလား အမေ”
“များပါတယ်ဆရာ။ တစ်ခါလာရင် ၅ ရက်ကျော် ၆ ရက်လောက်လာတာပါ ”
သမီးက စကားတစ်ခွန်းမှ မဟ။
“ကလေးကို ဘာအားဆေးတွေများ တိုက်ထားလဲ အမေ ”
“ကလေး ကို အာရုံကြောအားကောင်းဆေးတိုက်ပါဆိုလို့ အာရုံကြောအားကောင်းဆေးပဲ တိုက်ထားပါတယ်။ တခြားဘာဆေးမှ မတိုက်ထားပါဘူး ”
” ကလေးကို သံဓာတ်အားဆေး မတိုက်ဖူးဘူးပေါ့။”
“မတိုက်ဖူးပါဘူး ဆရာ။ သမီးကို အိမ်မှာ အာဟာရရှိအောင်ကျွေးပါတယ်။ အိမ်မှာ စုံစုံလင်လင်ကျွေးနေတော့ အားဆေးတိုက်စရာမလိုဘူးထင်လို့ ဘာအားဆေးမှ မတိုက်ပါဘူး ” ဆရာဝန်သည် စမ်းသပ်ကုတင်ဘေးမှ စားပွဲပေါ်တွင် ပြန်ထိုင်လိုက်သည်။
“တစ်ချို့ မိန်းကလေးတွေက ဓမ္မတာလာတာ အရမ်းများပါတယ်။ ဒီလို မိန်းကလေးမျိုးဆိုရင် တစ်လတစ်ခါ ခန္ဓာကိုယ်ထဲကနေ သွေးတွေ ထွက်သွားတဲ့အတွက် မိန်းကလေးတွေမှာ သွေးအားနည်းရောဂါ ခံစားရတတ်တယ်။ အခု ကလေးက ဓမ္မတာလာတာ များတဲ့အတွက် သွေးအားနည်းရောဂါခံစားနေရတာပါ။ ဒါကြောင့်မူးတယ်မောတယ်။ ရင်ထဲမှာ နေလို့မကောင်းဘူးလို့ ပြောနေတာပါ။ အာဟာရရှိအောင်လည်း ကျွေးရပါတယ်။ ဒါ့အပြင် လိုအပ်ရင်လည်း သံဓာတ်အားဆေးလည်း တိုက်သင့်ပါတယ်။ မိန်းကလေးတွေမှာ အများဆုံးဖြစ်တာကတော့သွေးအားနည်းရောဂါပါ” ဆရာဝန်မှ စိတ်ရှည်ရှည် ရှင်းပြနေသည်။
“ဟုတ်ကဲ့ပါ ဆရာ ကျွန်မ မသိလို့ သမီးကို ဆေးမတိုက်မိတာပါ။ ကျွန်မသမီးကို တိုက်ပါမယ်။” ခင်ခင်လတ် တစ်ယောက် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
၁၀ တန်းကျောင်းသူ သမီးကို မိမိလောက် ဂရုစိုက်သည့်သူ ရှိလိမ့်မည်ဟု မထင်။ သမီးစားချင်တာလည်း ကျွေးသည်။ အာဟာရပြည့်အောင်လည်း ကျွေးနေသည့်အတွက် အားဆေး တိုက်စရာမလိုဟု ထင်ထားခြင်းဖြစ်သည်။
“သမီးမိန်းကလေးမွေးထားပြီဆိုရင် သမီးတွေကို ဂရုစိုက်ရပါတယ်။ ဓမ္မတာလာတာ များလား။ နည်းလား။ မှန်လားပေါ့။ များရင်သွေးအားနည်းတတ်တယ်။ အဲဒါမျိုးဆိုရင် သမီးကို သံဓာတ်အားဆေး ပြန်တိုက်ရမယ်လို့မှတ်ထားပါ။ ”
ဆရာဝန်မှ နောက်တစ်ကြိမ် ခင်ခင်လတ်ကို မှာနေသည်။
“ဟုတ်ကဲ့ပါဆရာ ကျွန်မ နောက်ဆိုရင် သတိထားပါ့မယ်။”
ခင်ခင်လတ် တစ်ယောက် ဆရာဝန်ကို ကတိပေး၍ ဆေးခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ သူ အပျိုတုန်းကလည်း သံဓာတ်အားဆေး မသောက်ဖူးသည့်အတွက် သမီးကို သံဓာတ်အားဆေး တိုက်ရကောင်းမှန်းမသိခြင်းဖြစ်သည်။
သမီးကို ကိုယ်ဝန်ဆောင်မှ ကိုယ်ဝန်ဆောင်အားဆေး သောက်ဖူးခြင်းဖြစ်သည်။ အခုတော့ သမီးကို သံဓာတ်အားဆေး အမြဲတိုက်ရမည်။ သမီးသည် ဓမ္မတာလာတာ များသည့်အတွက် သမီးသည် သွေးအားနည်းနေသည်။ ခင်ခင်လတ်တစ်ယောက် စိတ်ထဲမှ ပြောနေမိသည်။
ခင်ခင်လတ်တို့ သားအမိနှစ်ယောက် ဆေးခန်းမှ အပြန်လမ်းတွင်
” သမီးက ခေါင်းမူးတယ်လို့ပြောရင် မေမေက သမီး မူယာမာယာများတယ်လို့မေမေကထင်နေတာ။ အခု မေမေ စိတ်ရှင်းသွားပြီမလား ဆရာဝန်ကြီးက သွေးအားနည်းနေလို့ ဒီလိုမျိုးဖြစ်နေတာတဲ့”
သမီးကား အမေကို စကားနာထိုးနေသေးသည်။
“အေးပါ သမီးရယ် မေမေ အခု သမီးကိုနားလည်ပါပြီ။ သမီးလေး မူယာမာယာ များနေတာ မဟုတ်ပါဘူး ”
သမီးကား ကျေနပ်စွာ ပြုံးလိုက်သည်။ သမီးအပြုံး ကား မိမိအတွက် ခွန်အားများဖြစ်ကြောင်း သမီးလေး သိပါစေ။
Author: Dr. အေးချမ်းမိုး