လည်ချောင်းနာတယ်ဆိုတာ လူတိုင်းနီးပါးဖြစ်ဖူးကြပါတယ်။ လွယ်လွယ်ကူကူလည်း ဖြစ်တတ်တယ်။ လည်ချောင်းနာတိုင်း အာသီးရောင်တာတော့မဟုတ်ပါဘူး၊ အာသီးမရောင်ဘဲ ရိုးရိုးလည်ချောင်းနာတာလည်း ဖြစ်နိုင်တယ်။
အာသီးရောင်တာပါဖြစ်လာရင် လည်ချောင်းနာတာက ဖြစ်တတ်တယ်၊ အဖျားလည်းရှိတတ်တယ်၊ ဗိုင်းရပ်စ်ပိုးတွေ ဗက်တီးရီးယားပိုးတွေကြောင့် ဖြစ်တတ်တယ်။
ရိုးရိုးလည်ချောင်းနာတာက ခဏတဖြုတ်လောက်ပဲလည်း ကြာတတ်တယ်၊ တချို့ဆို တစ်မနက်လောက်ပဲ၊ နေပူတဲ့အသွားများတဲ့အခါ ရေခဲရေအများကြီးသောက်မိတဲ့အခါ ရေသောက်နည်းတဲ့အခါ၊ အအေးမိတဲ့အခါ၊ အငွေ့အမှုန်တွေ ရှူမိတာများတဲ့အခါ၊ အသံအသုံးပြုတာများသွားတဲ့အခါ ဖြစ်တတ်တယ်၊ ဒါမျိုးတွေမှာ များတာနည်းတာတွေမရှိတတ်ဘူး။
လည်ချောင်းနာတာက စဖြစ်ခါစမှာ တော်တော်ဆိုးပါတယ်၊ တံထွေးတောင်အနိုင်နိုင်မျိုချရတာပါ၊ ဘာကြောင့်ပဲလည်ချောင်းနာနာ ဖြစ်စမှာတော့ ရိုးရိုးရေကိုများများသောက်ပါ၊ ဆားနဲ့ရေနွေးပလုတ်ကျင်းပါ၊ အာခေါင်ထဲအထိရောက်အောင်ကျင်းရပါတယ်၊ အပြင်ထွက်ရမယ်ဆိုလည်းနေပူကိုကာကွယ်ပါ၊ အငွေ့အမှုန်တွေရှောင်ပါ၊ လိုလျှင် နှာခေါင်းစည်းတပ်ပါ၊ အသံကိုသိပ်မသုံးပါနဲ့ လည်ပင်းကိုဆန့်ထားပြီး ခေါင်းအနည်းငယ်မော့ထားရင် သက်သာတတ်တယ်။
ဒါနဲ့မှမသက်သာရင်တော့ –
- ပူရှိန်ပြားလိုငုံဆေးတွေ ငုံပေးကြည့်ပါ။ ရိုးရိုးလည်ချောင်းနာတာတွေက ပြန်ပျောက်ပါတယ်။
- လည်ချောင်းလည်းနာတယ်၊ အာသီးယောင်တယ်၊ ဖျားတယ်နုံးနေတယ်ဆိုရင်တော့ ဆေးခန်းပြဖို့လည်းလိုပါလိမ့်မယ်။
- အပေါ်ကပြောတာတွေအပြင် ပိုးသတ်ဆေးပါသောက်ဖို့လိုတတ်ပါတယ်။
အာသီးခဏခဏယောင်နေတတ်ရင် ဂရုစိုက်ပါ၊ အသက်ငယ်ငယ်ရွယ်ရွယ်လည်း ဖြစ်မယ်၊ ခဏခဏလည်ချောင်းနာတယ်၊ အာသီးယောင်တယ်၊ ဖျားတယ်ဆိုတာတွေက နောက်ပိုင်းတွေမှာ နှလုံး၊ လေးဘက်နာတွေဖြစ်တတ်ပါတယ်။ အဖျားမရှိဘဲ အာသီးပဲ ခဏခဏယောင်ပြီး လည်ချောင်းနာတယ်ဆိုရင်လည်း နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်တွေပါပြထားဖို့ လိုအပ်တတ်ပါတယ်။
Author: Dr. CST