အစာနင်ခြင်း
အစာနင်တာက ခံစားရတာ တကယ်ဆိုးပါတယ်။ အစာနင်တာက အသက်အရွယ်မရွေး လူမရွေးဖြစ်တတ်တယ်။ အစာနင်တာလား၊ စို့နေသလို့ဖြစ်တာလား၊ အစာမြိုချရခက်တာလား တော့ကွဲကွဲပြားပြား သိဖို့လိုပါတယ်။ အစာနင်တာတွေက အစာရေမြိုလမ်းကြောင်းမှာ တခုခုဖြစ်တာတွေကြောင့်လည်းဖြစ်တယ်။
အစာရေမြိုအပြင်ကနေ အလုံးအကျိတ်တွေကဖိထားတဲ့အခါလည်း ဖြစ်တယ်။ ဘာမှမရှိဘဲလည်း စို့နေသလို မြိုချရခက်တယ်။ တခြားသော အာရုံကြောဆိုင်ရာရောဂါတွေ၊ ကြွက်သားအားနည်းတဲ့ရောဂါတွေ၊ လေဖြတ်ထားတဲ့လူနာတွေမှာလည်း ဖြစ်နိူင်တယ်။ အစာနင်တာ တစ်ခုခုရှိပြီဆို တကယ်နင်တာလားဆိုတာ သေချာဖို့လိုတယ်။ တချို့တွေကျတော့ စိတ်ပူပန်တဲ့အခါ၊ စိတ်တိုတဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါမှာ ဖြစ်တတ်တယ်။ အထဲမှ တခုခုစို့နေသလိုခံစားရပြီး အစားရော ရေရော မြိုချမရတာပါ၊
အခြားအချိန်ဆို ကောင်းတတ်ကြတယ်။ နောက်တစ်ခုက လေဖြတ်ထားတဲ့လူနာတွေပါ၊ သူတို့ကတော့အစာရော ရေရော မြိုချတယ်ဆိုသီးတတ်ကြတယ်။ အာရုံကြောအားနည်းတဲ့ ရောဂါရှိသူတွေ၊ ကြွက်သားအားနည်းတဲ့ ရောဂါရှိသူတွေမှာလည်း အစားမြိုချတဲ့အခါမှာ သီးတတ်ကြတယ်၊ ဒါတွေကြောင့် ဒီလူနာတွေမှာ နှာခေါင်းပိုက်တပ်ထားကြတာပါ၊ ဒါမျိုးတွေမှာ အစားမြိုချဖို့တောင် ခက်နေတတ်ပါတယ်။
နောက်တခုကတော့ အစာမြိုချတဲ့လမ်းကြောင်းတလျောက်မှာ အပြင်က အလုံးအကျိတ်တွေက လာဖိနေလို့ပါ၊ ဥပမာအားဖြင့် အဆုတ်ကင်ဆာအကျိတ်၊ ပြွန်ရေဂလင်းအကျိတ်၊ လည်ပင်းကြီးအကျိတ်၊ သွေးကြောကြီးတာကဖိထားတတ်ပါတယ်၊ ဒီလိုတွေမှာဆိုရင်တော့ အစားနင်တာ အပြင် ရောဂါတစ်ခုချင်းစီရဲ့လက္ခဏာတွေလည်း တွေ့ရတတ်ပါတယ်။
တချို့သူတွေက အာခေါင်ခြောက်တာတွေကြောင့် အစားမြိုချရခက်တတ်တယ်။ အစာလမ်းကြောင်းတစ်လျှောက်လည်း ခြောက်သွေ့နေတော့ မြိုချရင်လွယ်လွယ်မကျဘဲ နင်နေတတ်တယ်။ နာတတ်တယ်၊ အာခေါင်တွေခြောက်နေတတ်တာကလည်း အစားအသောက် အနေအထိုင်ကြောင့်လား ရောဂါတွေကြောင့်လားဆိုတာ တခြားဘာတွေပါ ခံစားနေရလည်းဆိုတာပေါ်မူတည်ပါတယ်။
နောက်ဆုံးတခုကတော့ အစာရေမြိုတစ်လျှောက်မှာ ဖြစ်တတ်တာတွေပါ၊ အစာနင်တာသက်သက်တော့ မဟုတ်တော့ဘူး၊ မြိုချရတာခက်တာ နာတာတွေဖြစ်နိူင်တယ်၊ အစာရေမြိုတစ်လျှောက်လည်း ပူနေတတ်တယ်၊ ဘာတွေကြောင့် ဖြစ်တတ်လည်းပေါ့၊ Achalasia လို့ခေါ်တဲ့အစာရေမြိုရဲ့အောက်ဘက်မှာရှိတဲ့ ကျုံ့နိုင်ဆန့်နိူင်တဲ့ ကြွက်သားက တောက်လျှောက်ကျုံ့နေတဲ့အခါလည်း အစာနင်တာ မြိုချရခက်တာဖြစ်ပါတယ်၊ အစာရေမြိုကင်ဆာ၊ အစာအိမ်ကင်ဆာတွေမှာလည်း ဖြစ်တတ်ပါတယ်၊ GORD လို့ခေါ်တဲ့ရင်ပူတတ်တဲ့ရောဂါမှာ လည်းကြာလာတဲ့ အခါအစာရေမြိုကျဉ်းတာတွေ ဖြစ်လာစေတတ်ပါတယ်။ အစာနင်တာက အချိန်တိုင်းဖြစ်နေတယ်။ တခြားလက္ခဏာတွေလည်း ခံစားရတာရှိတယ်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်တွေပြသပြီး ကုသမှုခံယူပါ၊ ဖြစ်နေတဲ့ရောဂါကို စစ်ဆေးပါ၊ ကုလို့ရတာလည်း ရှိပါတယ် ဆိုတာလည်း သတိပြုစေချင်ပါတယ်။
Author: Dr. CST