အသည်းအဆီဖုံးခြင်း
အသည်းအဆီဖုံးတယ်ဆိုတာ ဒီဘက်ခေတ်ပိုင်းမှာ အာထရာဆောင်းရိုက်တိုင်း တွေ့နေတတ်ကြတယ်၊ အမျိုးသားရော၊ အမျိုးသမီးရောမှာ တွေ့ရတတ်တယ်။ ဝတဲ့သူတွေမှာပိုဖြစ်တတ်တယ်၊ ပိန်တဲ့သူတွေမှာလည်း အနည်းနဲ့အများတော့ တွေ့နေရတတ်တယ်။အသည်းအဆီဖုံးတာမှာ နှစ်ပိုင်းရှိပါတယ်၊ အသည်းနဲ့ ဆဲလ်လေးတွေမှာ အဆီတွေလာစုနေတာလား၊ အသည်းယောင်နေတာလားဆိုတာပါ။
လူတစ်ယောက် အသည်းအဆီဖုံးနေတယ်ဆိုပြီး အာထရာဆောင်းမှာ ပြခဲ့ရင် အသည်းအင်ဇိုင်းလေးတွေပါ ပြန်စစ်ကြည့်သင့်တယ်၊ အဖြေတွေမကောင်းဘူးဆို စိတ်မချရဘူးပေါ့၊ ဝတဲ့သူတွေသွေးအဆီများတဲ့သူတွေ၊ ဆီးချိုရောဂါသည်တွေမှာ ဖြစ်နိုင်တယ်။ အသည်းအဆီဖုံးတာသက်သက်က ဘာမှခံစားရပါဘူး၊ အဆီဖုံးတာများတာနဲ့အမျှတော့ အသည်းကြီးလာသလိုဖြစ်ပြီး ထိုင်တဲ့အခါ ဗိုက်ထဲအောင့်နေသလို၊ အစာစားတဲ့အခါ နည်းနည်းစားရုံ ပြည့်လာသလို အစာမကြေသလိုတွေ ခံစားရတတ်ပါတယ်။
အသည်းအဆီဖုံးတာက များသောအားဖြင့်တော့ ဘာဒုက္ခမှမပေးတတ်ဘူး၊ ဒါပေမယ့် တခါတလေမှာ အဆီဖုံးတာတင်မကဘဲ အသည်းဆဲလ်တွေပါ ယောင်တာတွေဖြစ်လာရင် နောက်ပိုင်းမှာအသည်းခြောက်တာတွေပါ ဖြစ်နိုင်တယ်။ အသည်းအဆီဖုံးတာကို ကုလို့ရလားဆို မရပါဘူး၊ ထပ်မဖြစ်အောင် ပိုမများအောင် တော့ထိန်းလို့ရပါတယ်၊ ဝတဲ့သူတွေ ဝိတ်လျှော့ရမယ်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ရမယ်၊ အဆီ၊ အဆိမ့်၊ အငံတွေ၊ အချိုတွေ၊ လျှော့စားရမယ်၊ ဆီးချိုသည်တွေ ဆီးချိုသေချာထိန်းရမယ်၊ အရက်သောက်မယ်ဆိုရင် သတ်မှတ်တဲ့ ပမာဏ လောက်ပဲသောက်ရမယ်၊ အလွန်အကျွံသောက်ခြင်း ကိုရှောင်ရမယ်၊ မလိုဘဲဘာဆေးမှမသောက်သင့်ဘူး။
အသည်းအဆီဖုံးဖြစ်လို့ အသည်းအားဆေးသောက်ရမလား ဆိုတာလည်းရှိတယ်၊ သောက်လို့ရပါတယ်၊ ဒါပေမယ့် အသည်းအားဆေးက အသည်းအဆီဖုံး ကိုကုပေးတာမဟုတ်ပါဘူး၊ အသည်းအားဆေးသက်သက်ပါ၊ အသည်းအဆီဖုံးဖြစ်တဲ့သူဟာ အသည်းအင်ဇိုင်းစစ်တာတွေ အာထရာဆောင်းရိုက်တာတွေကို ပုံမှန်လေးစစ်သွားလို့ရပါတယ်၊ အဖြေတွေကောင်းနေသရွေ့တော့ဘာမှလုပ်ဖို့မလိုပါဘူး၊ ဒါပေမယ့်စစ်တဲ့အဖြေတွေမှာ များနေတာတွေ့ရှိလာရင်တော့ သက်ဆိုင်ရာဆရာဝန်တွေနဲ့တိုင်ပင်ထားဖို့လိုပါတယ်။
Author: Dr. CST