အကယ်၍ ထိခိုက်ရှနာဒဏ်ရာများနှင့် အပူလောင်ဒဏ်ရာများ ရရှိခဲ့ပါက ရောဂါပိုးမဝင်ရောက်စေရန် အနာကို ကောင်းမွန်မှန်ကန်သော နည်းလမ်းများဖြင့် သန့်စင်ဆေးကြောရန် လိုအပ်ပါသည်။ စနစ်ကျသော နည်းလမ်းများဖြင့် သန့်စင်ဆေးကြောခြင်းသည် ရောဂါပိုးဝင်ရောက်ခြင်းအပါအဝင် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများကိုလည်း မဖြစ်အောင် တားဆီးပေးနိုင်ပါသည်။ အောက်ပါနည်းလမ်းများသည် ထိခိုက်ရှနာဒဏ်ရာများနှင့် အပူလောင်ဒဏ်ရာများကို စနစ်တကျ သန့်စင်ဆေးကြောသော နည်းလမ်းများ ဖြစ်ကြ ပါသည်။
၁။ လက်ကိုသေချာစွာ ဆေးကြောပါ
ထိခိုက်ရှနာဒဏ်ရာများနှင့် အပူလောင်သောဒဏ်ရာများကို ကိုင်တွယ် သန့်စင်တော့မည်ဆိုသည့် အချိန်တိုင်းတွင် လက်ကို ဆပ်ပြာနဲ့ရေ သို့မဟုတ် လက်သန့်ဆေးရည်များဖြင့် သေချာစွာသန့်စင်ဆေးကြောရပါမည်။ ဖြစ်နိုင်လျှင် တစ်ခါသုံးလက်အိတ်များကို ဝတ်ဆင်သင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ဒဏ်ရာအတွင်းသို့ ရောဂါပိုးများ မဝင်ရောက်စေရန် ကာကွယ်ပေးနိုင်ပါသည်။
၂။ ဒဏ်ရာကို ဖြည်းညင်းစွာ ဖိထားပါ
အကယ်၍ဒဏ်ရာသည် သွေးထွက်နေပါက ဒဏ်ရာကို သန့်စင်သောအဝတ် သို့မဟုတ် ပိုးသတ်ထားသော ပိတ်စဖြင့် ဖြည်းညင်းစွာ ဖိထားနိုင်ပါသည်။ အကယ်၍ဒဏ်ရာသည် မီးလောင်၊ အပူလောင်ဒဏ်ရာများ ဖြစ်ခဲ့ပါမူ ထိုသို့ဖိ၍ပိတ်ထားခြင်းကို ရှောင်ကြဉ်ရပါမည်။ ဖြစ်နိုင်လျှင် ဒဏ်ရာရှိသော ခန္ဓာကိုယ်၏ အစိတ်အပိုင်းကို အမြင့်သို့ မြှောက်ထားရန်လိုအပ်ပါသည်။ အကယ်၍ ဒဏ်ရာကို ဖိထားသော အဝတ်စသည် သွေးများဖြင့် ရွှဲနင့်ကာ သွေးများကို ဆက်လက် မစုပ်ယူနိုင်တော့ပါက နောက်ထပ် အဝတ်စတစ်ခုကို လဲလှယ်ပေးရပါမည်။
၃။ ဒဏ်ရာကို သန့်စင်ဆေးကြောပါ။
အကယ်၍ဒဏ်ရာသည် သာမန်ထိခိုက်ရှနာမျှသာဖြစ်ခဲ့ပါက အောက်ပါအချက်များအတိုင်း ပြုလုပ် ပေးနိုင်ပါသည်။
- ဒဏ်ရာအတွင်းမှ အညစ်အကြေးများကို ဖယ်ရှားရန်အတွက် ဒဏ်ရာကို သန့်စင်သော ရေဖြင့် ဆေးကြောသင့်ပါသည်။
- ဒဏ်ရာတစ်ဝိုက်ဧရိယာကို နူးညံ့သော အဝတ်စ၊ ဆပ်ပြာအပျော့စားတို့ဖြင့် ဆေးကြော သန့်စင်နိုင်ပါသည်။ ထိုသို့ဆေးကြောသန့်စင်ရာတွင် ဆပ်ပြာကိုဒဏ်ရာအတွင်းသို့ မဝင်ရောက်စေရန် သတိပြုရပါမည်။ ဝင်ရောက်ခဲ့ပါက စပ်ခြင်း၊ နာကျင်ခြင်း စသည်တို့ကို ခံစားရနိုင်ပါသည်။
- ဆေးကြောသန့်စင်ပြီးသည့်အချိန်တွင် ဒဏ်ရာအတွင်း အမှိုက်သရိုက် ဖုန်မှုန့်များ ကျန်ရှိနေပါက ဇာဂနာ၊ ညှပ်စသည်တို့ဖြင့် ဖယ်ရှားရှင်းလင်းနိုင်ပါသည်။ ထိုသို့ရှင်းလင်းရန်အတွက် အသုံးပြုမည့် ဇာဂနာ၊ ညှပ်တို့ကို ပိုးသတ်ဆေးဖြင့် ရှေးဦးစွာ သန့်စင်ရန်လိုအပ်ပါသည်။
- ထို့နောက် ဒဏ်ရာကို ပိုးသတ်ဆေးရည် သို့မဟုတ် ခရင်မ် တစ်မျိုးမျိုးဖြင့် လိမ်းပေးနိုင်ပါသည်။
- အကယ်၍ဒဏ်ရာသည် အပူလောင်၊ မီးလောင်ဒဏ်ရာများဖြစ်ခဲ့ပါက ရေအေးဖြင့် ၁၀ မိနစ် ၁၅ မိနစ်ခန့်ဆေးကြောရန် လိုအပ်ပါသည်။ ထို့နောက် စိုစွတ်အေးမြသောအဝတ်တစ်ခုကို ဒဏ်ရာအပေါ်သို့ တင်ထားပေးနိုင်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်ကို ပြသသင့်သလဲ
အကယ်၍ ထိခိုက်ရှနာဒဏ်ရာရရှိသူသည်
- အသက် ၁ နှစ်အောက်ကလေးဖြစ်နေခဲ့လျှင်သော်လည်းကောင်း
- ဒဏ်ရာသည် သွေးမတိတ်လျှင်သော်လည်းကောင်း
- ဒဏ်ရာ၏အနားသတ်များ မညီမညာ ဖွာလန်ကြဲနေလျှင်သော်လည်းကောင်း
- ဒဏ်ရာသည်နက်လျှင်သော်လည်းကောင်း၊ ကြီးမားလျှင်သော်လည်းကောင်း၊ အရိုးအဆစ် တစ်နေရာကိုဖြတ်သန်း၍ တည်ရှိခဲ့လျှင်သော်လည်းကောင်း
- ဒဏ်ရာသည်မသန့်စင်သော အရာဝတ္ထုတစ်ခုခုကြောင့် ရရှိခဲ့လျှင်သော်လည်းကောင်း သို့မဟုတ် ဒဏ်ရာအတွင်းသို့ အညစ်အကြေးများဝင်ရောက်ခဲ့လျှင်သော်လည်းကောင်း၊ သန့်စင်ဆေးကြောပြီးသော်လည်း ဒဏ်ရာအတွင်း အမှိုက်သရိုက်များ ကျန်ရှိနေသေးလျှင်သော်လည်းကောင်း
- ဒဏ်ရာသည် လူ သို့မဟုတ် အခြားသတ္တဝါ တစ်ကောင်ကောင်၏ အကိုက်ခံရခြင်းကြောင့် ရရှိခဲ့လျှင်သော် လည်းကောင်း
- ဒဏ်ရာသည် မျက်နှာ သို့မဟုတ် မျိုးပွားအင်္ဂါ တစ်ဝိုက်တွင် တည်ရှိခဲ့လျှင်သော်လည်းကောင်း
- မီးလောင်၊ အပူလောင်ဒဏ်ရာများမှ ကြီးမားသည့် မီးလောင်ရေကြည်ဖုများ ဖြစ်ပေါ်လာခဲ့လျှင်သော်လည်းကောင်း
- အကြီးစား မီးလောင်ဒဏ်ရာများ၊ အပူလောင်ဒဏ်ရာများရရှိခဲ့လျှင်သော်လည်းကောင်း
ဆရာဝန် သို့မဟုတ် ကျန်းမာရေး ဝန်ထမ်းတစ်ဦးဦးနှင့် အမြန်ဆုံးပြသရန် လိုအပ်ပါသည်။
အကယ်၍ဒဏ်ရာသည် လက်မဝက် သို့မဟုတ် ထိုထက်ပိုပြီးကြီးမားခဲ့ပါက ဒဏ်ရာအားချုပ်ရန်လိုအပ်မည် ဖြစ်ပါသည်။
Author : Dr. CK