သွားကိုက်ခြင်းအကြောင်းရင်းများ
သွားကိုက်ခြင်းသည် သွားပိုးစားခြင်းကြောင့် သွားတွင် ဒဏ်ရာအနာတရ ရခြင်းကြောင့်လည်းကောင်း၊ သွားနှင့်သွားဖုံးကြားတွင် ရောဂါပိုးများဝင်ရောက်ခြင်းနှင့် ပြည်တည်ခြင်းကြောင့်လည်းကောင်း၊ သွားကို တစ်စုံတစ်ခုနှင့် ထိခိုက်မိသောကြောင့်လည်းကောင်း သွားကိုက်ခြင်းများဖြစ်တတ်ပါသည်။
ထို့အပြင် သွားအတွင်း ရောဂါပိုးများဝင်ရောက်၍ ပြည်တည်ကာ ထိုမှတစ်ဆင့် သွား၏အမြစ်များနှင့် အနီးတစ်ဝိုက်သို့ ရောဂါကူးစက်ခြင်းကြောင့်လည်း သွားကိုက်ခြင်းဖြစ်ပွားနိုင်ပါသည်။
ညဘက်အိပ်စက်သည့်အချိန်တွင် သွားကြိတ်တတ်သည့်အလေ့အကျင့်ကြောင့်လည်း သွားများကို ထိခိုက်ပျက်စီးစေကာ သွားနာခြင်းများ ဖြစ်စေနိုင်ပါသည်။
တစ်ခါတစ်ရံ တတိယမြောက်အံသွား (အံဆုံး) များကို သန့်ရှင်းရေးပြုလုပ်ရန်အတွက် ကောင်းစွာအဆင်မပြေမှုကြောင့် ရောဂါပိုးများခိုအောင်းကာ သွားပိုးစားခြင်း၊ သွားဖုံးများ ရောဂါပိုးဝင်ရောက်ခြင်းတို့ ဖြစ်ခြင်းကြောင့်လည်း သွားကိုက်နိုင်ပါသည်။
သွားကိုက်ခြင်းကိုသက်သာစေရန် နေအိမ်တွင်းပြုလုပ်ခြင်း
သွားကိုက်ခြင်းကိုနေအိမ်တွင်း သက်သာစေရန်ပြုလုပ်ခြင်းသည် ပြင်းထန်သော သွားကိုက်သည့်ဝေဒနာကို ယာယီခဏတာသက်သာစေရန် လုပ်ဆောင်ခြင်းသာဖြစ်ပြီး သွားကိုက်သည့်ရောဂါကို အမြစ်ပြတ်အောင် ကုသခြင်းမဟုတ်ပေ။
ထို့ကြောင့် နေအိမ်တွင် သွားကိုက်ဝေဒနာများကို သက်သာအောင်ပြုလုပ်ပြီးသည့်နောက်တွင် မိမိတို့၏သွားဆရာဝန်နှင့်ပြသကာ သွားကိုက်ရသည့်အကြောင်းရင်းများကို ရှာဖွေကာ အမြစ်ပြတ်ကုသရန်လိုအပ်ပါသည်။
သွားကိုက်ခြင်းဝေဒနာကိုသက်သာစေရန် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်သည့် အကိုက်အခဲပျောက်ဆေးများနှင့် နာကျင်ရောင်ရမ်းမှုကိုသက်သာစေသည့် ဆေးဝါးများကို သောက်သုံးနိုင်ပါသည်။
ထို့အပြင် လေးညှင်းဆီသည်လည်း ထုံကျင်စေနိုင်၍ နာကျင်မှုကို လျော့နည်းစေနိုင်သည့် အစွမ်းသတ္တိရှိခြင်းကြောင့် သွားကိုက်ခြင်းဝေဒနာကိုသက်သာစေရန် အသုံးပြုလေ့ရှိကြပါသည်။ ထိုသို့ လေးညှင်းဆီကိုအသုံးပြုသောအခါ ပမာဏအနည်းငယ်ကိုအသုံးပြုသင့်ပါသည်။ သို့မဟုတ် လေးညှင်းဆီ အစက်အနည်းငယ်ခန့်ကို သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းထဲသို့ ရောထည့်၍ ပိုမိုပျော့ပျောင်းအောင် ပြုလုပ်နိုင်ပါသည်။ လေးညှင်းဆီကိုအသုံးမပြုမီတွင် ဆားရည် ခပ်နွေးနွေးဖြင့်သော်လည်းကောင်း၊ ရေနွေးသက်သက်ဖြင့်သော်လည်းကောင်း ပါးစပ်ကိုသေချာစွာ ဆေးကြောပလုတ်ကျင်းရန်လိုအပ်ပါသည်။ ထို့နောက် ဂွမ်းလုံးတစ်ခုတွင် လေးညှင်းဆီနှင့် သံလွင်ဆီအရောကို စွတ်ကာ နာကျင်နေသည့် သွားနှင့်သွားဖုံးဧရိယာပေါ်တွင်ထားကာ မိနစ်အနည်းငယ်ခန့် ဖိကိုက်ထားနိုင်ပါသည်။
အကယ်၍ လေးညှင်းဆီကို အလွယ်တကူမရရှိနိုင်ပါက သံလွင်ဆီ သီးသန့်ကို အသုံးပြုခြင်းသည်လည်း သွားကိုက်ခြင်းကို အတိုင်းအတာတစ်ခုအထိ သက်သာပျောက်ကင်းအောင်ပြုလုပ်ပေးနိုင်ပါသည်။
ထို့အပြင် နာကျင်နေသည့်သွားဖြင့် အစားအစာများဝါးစားခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်သလို ပူလွန်း၊ အေးလွန်းသောအစားအစာများ စားခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါသည်။
ဆားရည်နွေးနွေးဖြင့်မကြာခဏ ပလုတ်ကျင်းပေးခြင်းသည်လည်း ထိရောက်သည့်နည်းလမ်းတစ်ခု ဖြစ်ပါသည်။
Author : Dr. CK