ခန္ဓာကိုယ်အတွင်းရှိအူလမ်းကြောင်းတွင် ဘက်တီးရီးယား သန်းပေါင်းများစွာ ရှိပါသည်။ ထိုဘက်တီးရီးယားများတွင် ၈၀% က အကျိုးပြု ဘက်တီးရီးယားဖြစ်ပြီး ၂၀% မှာ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသော ဘက်တီးရီးယားများဖြစ်ပါသည်။
တစ်ဖန် ခန္ဓာကိုယ် ခုခံအားစနစ်၏ ၈၀% သည် အူလမ်းကြောင်းအတွင်းတွင် တည်ရှိနေပါသည်။ ထို့အပြင် ဆီးချိုရောဂါ၊ အူမကြီးကင်ဆာ၊ စိတ်ကျရောဂါ၊ အဝလွန်ခြင်းတို့နှင့်လည်း ထိုဘက်တီးရီးယားများက ဆက်စပ်မှုရှိပါသည်။
ထိုအကျိုးပြု ဘက်တီးရီးယားများက ခန္ဓာကိုယ်၏ ကျန်းမာရေးကို မည်သို့မည်ပုံ အထောက်အကူပြုနိုင်သည် ဆိုသည့်အကြောင်းကို ယခုဆောင်းပါးတွင် ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။
၁။ အစာခြေခြင်း
ခန္ဓာကိုယ်ရှိအကျိုးပြု ဘက်တီးရီးယားများသည် အစာခြေခြင်းနှင့် ခြေပြီးသော အာဟာရဓာတ်များကို စုပ်ယူမှုအပေါ်တွင် များစွာအကူအညီပေးပါသည်။ အကယ်၍ ခန္ဓာကိုယ်တွင် ထိုအကျိုးပြု ဘက်တီးရီးယား အရေအတွက်ကျဆင်းလာပါက အစာခြေစနစ်နှင့် အူလမ်းကြောင်းလှုပ်ရှားမှုတို့အပေါ်တွင် အနှောင့်အယှက် ဖြစ်လာစေကာ Irritable Bowel Syndrome ကဲ့သို့သော အူရောင်ရမ်းခြင်းနှင့် အခြားပြဿနာများကို ဖြစ်လာစေနိုင်ပါသည်။
၂။ ခုခံအားစနစ်
ခန္ဓာကိုယ်ခုခံအားစနစ်၏ ၈၀% သည် အူလမ်းကြောင်းအတွင်းတွင် တည်ရှိနေသည့်အတွက်ကြောင့် အဆိုပါ အကျိုးပြု ဘက်တီးရီးယားများသည် ခန္ဓာကိုယ်တစ်ခုလုံး၏ ခုခံအားစနစ်ပေါ်တွင် များစွာလွှမ်းမိုးမှုရှိပါသည်။
ထိုဘက်တီးရီးယားများ၏ အရေအတွက်သာမက အရည်အသွေးများပါ တိုးတက်ကောင်းမွန်နေပါက ခန္ဓာကိုယ်၏ ခုခံအားစနစ် မြင့်တက်နေမည်ဖြစ်ပါသည်။
အကယ်၍ မကြာခဏ ဖျားနာ ချူချာနေခဲ့ပါက အူလမ်းကြောင်းအတွင်းရှိ အကျိုးပြု ဘက်တီးရီးယားများ၏ အရေအတွက် မလုံလောက်ခြင်းကြောင့် ဖြစ်နေနိုင်ပါသည်။
ထို့ကြောင့် ထိုဘက်တီးရီးယားများ၏ အရေအတွက်နှင့် အရည်အချင်းကို ပြည့်မီအောင်ကြိုးစားခြင်းအားဖြင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြှင့်တင်နိုင်ပါသည်။
၃။ စိတ်ကျန်းမာရေး
အူနံရံများတွင် အာရုံကြောဆဲလ်များ သန်းနှင့်ချီ တည်ရှိနေပါသည်။ ထိုအာရုံကြောဆဲလ်များက Serotonin ကဲ့သို့သော အာရုံကြောသတင်းပေးပို့သည့်ဓာတုဒြပ်ပေါင်းများကို ထုတ်လွှတ်ပေးပါသည်။
Serotonin သည် ခန္ဓာကိုယ်၏ စိတ်အခြေအနေကို ထိန်းသိမ်းပေးသော ဟော်မုန်းတစ်မျိုးလည်းဖြစ်ပါသည်။
ထို့ကြောင့် အူလမ်းကြောင်းအတွင်း အကျိုးပြု ဘက်တီးရီးယားများ၏ အရေအတွက်များပြားနေမှုသည် စိုးရိမ်စိတ်များကို နည်းပါးစေ၍ ပိုမိုပျော်ရွှင်သော စိတ်အခြေအနေကို ဖန်တီးပေးပါသည်။
၄။ ကိုယ်အလေးချိန်
အူလမ်းကြောင်းအတွင်းတွင် အကျိုးပြုဘက်တီးရီးယားများနည်းပါးလာခြင်းသည် အဝလွန်ခြင်းနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိထားပါသည်။
ထိုအကျိုးပြု ဘက်တီးရီးယားများ၏ အရေအတွက်ကို ပြန်လည်မြင့်တက်စေသည့် နည်းလမ်းတစ်ခုမှာ ထိုဘက်တီးရီးယားများပါဝင်သော အစားအစာများစားသောက်ခြင်းနည်းလမ်းပင်ဖြစ်ပါသည်။
၅။ အရေပြား
အူလမ်းကြောင်းအတွင်းရှိအကျိုးပြု ဘက်တီးရီးယားများသည် အရေပြားကျန်းမာရေးကိုလည်း များစွာလွှမ်းမိုးမှုရှိကြောင်းကို အံ့သြဖွယ်ရာတွေ့ရှိရပါသည်။
များစွာသောလေ့လာတွေ့ရှိချက်များအရ အူလမ်းကြောင်းအတွင်း အကျိုးပြု ဘက်တီးရီးယားများ နည်းပါးခြင်းသည် အရေပြားပေါ်တွင် ဝက်ခြံ၊ ညှင်း၊ အစက်အပြောက်များနှင့် အခြားအရေပြားပြဿနာများကို ဖြစ်စေကြောင်းတွေ့ရှိရပါသည်။
၆။ သွေးတွင်းသကြားဓာတ်
အူလမ်းကြောင်းအတွင်းရှိ အကျိုးပြု ဘက်တီးရီးယားများ အရေအတွက်နှင့် အရည်အသွေး ပြည့်ဝမှုသည် သွေးတွင်းသကြားဓာတ်များကို ထိန်းချုပ်နိုင်ခြင်းအပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။
မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ အူလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားများ၏ အရေအတွက်သည် အသက်ငယ်ရွယ်စဉ်ကာလကတည်းက စတင်ဖြစ်ပွားတတ်သည့် အမျိုးအစား (၁) ဆီးချိုရောဂါကိုသာမက အမျိုးအစား (၂) ဆီးချိုရောဂါကိုပါ လွှမ်းမိုးမှုရှိကြောင်းတွေ့ရှိရပါသည်။