ဆီးချိုသွေးချိုရောဂါရှိသူများသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသည့် အစားအစာများကိုစားသုံးရန် မဖြစ်မနေလိုအပ်ပါသည်။
အချို့သောအစားအစာများသည် ဆီးချိုသွေးချို၏လက္ခဏာရပ်များကို ထိန်းသိမ်းရန်ကူညီပေးနိုင်ရုံသာမက ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာတို့ ကျန်းမာရန်နှင့် ကိုယ်ခံစွမ်းအား တိုးတက်စေရန် မြှင့်တင်ပေးနိုင်စွမ်းရှိပါသည်။
ထို့ကြောင့် သုတေသနလေ့လာတွေ့ရှိချက်များအရ ဆီးချိုသွေးချိုရောဂါ၏ အခြေအနေများကို တိုးတက်နိုင်စေရုံသာမက နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်ခြင်းကိုပါ ထိရောက်စွာကာကွယ်မှုပေးနိုင်သည့် အစားအစာများအကြောင်းကို ဆွေးနွေးတင်ပြလိုက်ရပါသည်။
၁။ ဘလူးဘယ်ရီ
ဘလူးဘယ်ရီတွင် နေ့စဉ် မရှိမဖြစ်လိုအပ်သည့်အာဟာရဓါတ်များပါဝင်ပါသည်။
ထို့အပြင် ခန္ဓာကိုယ်ဆဲလ်များမှ အင်ဆူလင်ကို ပိုမိုအသုံးချနိုင်လာကြသည်သာမက ဆီးချိုသွေးချိုရောဂါ၏ လက္ခဏာရပ်များကိုလည်း သက်သာလာစေကြောင်းတွေ့ရှိရပါသည်။
ထို့အပြင် ဆီးချိုသွေးချိုရောဂါကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်သည့် နှလုံးသွေးကြောနှင့်ပတ်သက်သည့် ရောဂါများကိုကာကွယ်ပေးနိုင်သည့် ရောင်ရမ်းမှုကိုသက်သာစေနိုင်သည့် ဂုဏ်သတ္တိများလည်း ဘလူးဘယ်ရီတွင် ပါဝင်ကြောင်းတွေ့ရှိရပါသည်။
၂။ လိမ္မော်သီး
လိမ္မော်သီးကဲ့သို့သော ချဉ်သောအသီးအနှံများသည် သွေးတွင်းသကြားဓါတ်များနှင့် ကိုလက်စထရော ပမာဏကို ထိန်းညှိပေးသည့်အပြင် ရောင်ရမ်းနာကျင်မှုကို သက်သာစေသည့် Hesperidin ဓာတုဒြပ်ပေါင်းလည်း ပါဝင်ပါသည်။ ထို့အပြင် အမျှင်ဓါတ်လည်း လုံလောက်စွာပေးနိုင်ပါသည်။
သတိပြုရမည်မှာ လိမ္မော်သီးကိုဖျော်ရည်ပြုလုပ်၍ စားသုံးခြင်းထက် အမွှာလိုက်စားသုံးခြင်းက ဆီးချိုသွေးချို ဖြစ်ပွားမှုကို များစွာလျော့နည်းစေကြောင်း တွေ့ရှိရပါသည် ။
၃။ ပဲအမျိုးမျိုး
ပဲအမျိုးမျိုးသည် အာဟာရဓါတ်ပြည့်စုံကြွယ်ဝသည့်အပြင် အချိုဓါတ်ပါဝင်မှု နည်းပါးခြင်းကြောင့် ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်နိုင်သည့်အစားအစာအဖြစ် ထင်ရှားလှပါသည်။
ထို့ပြင် သွေးပေါင်ချိန်ကိုလည်း ကျဆင်းစေကာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ရရှိစေသော အစားအစာတစ်ခုဖြစ်ပါသည်။
၄။ ချောကလက်အမည်း
လေ့လာတွေ့ရှိချက်များအရ Cocoa အနည်းဆုံး ၇၅% ပါဝင်သော ချောကလက်အမည်းများတွင် ပါဝင်သော polyphenols ဓါတ်သည် သွေးတွင်းအချိုဓါတ်များကို ထိန်းညှိရာတွင် ကူညီပေးနိုင်သည့်အပြင် သွေးပေါင်ချိန်ကိုလည်း လျော့ကျစေနိုင်ကြောင်း တွေ့ရှိရပါသည်။
၅။ ဟင်းသီးဟင်းရွက်များ
သုတေသနမှတ်တမ်းများအရ သက်သတ်လွတ်စားသုံးသောသူများသည် အမျိုးအစား ၂ ဆီးချိုရောဂါကို ဖြစ်ပွားနိုင်ခြေပိုမိုနည်းပါးကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် သွေးပေါင်ချိန်များ ကျဆင်းစေ၍ ခန္ဓာကိုယ်အတွင်း မကောင်းသော အဆီဓါတ်များကို လျော့နည်းစေကာ အကျိုးပြု ကိုလက်စထရောများကိုလည်း မြင့်တက်လာစေပါသည်။
၆။ သံလွင်ဆီ
ခန္ဓာကိုယ်အတွင်းတွင်ရှိသော မကောင်းသော ပြည့်ဝဆီများကို ကျန်းမာရေးအတွက်သင့်တော်သည့် မပြည့်ဝသောဆီများဖြင့် အစားထိုးခြင်းသည် လူတိုင်းအတွက်အရေးပါကြောင်း ဆေးပညာရှင်များက ယူဆထားကြပါသည်။
ဆီးချိုသွေးချိုရှိသူများသည် နှလုံးရောဂါနှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားသည့်အတွက်ကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ လှုပ်လှုပ်ရှားရှားနေထိုင်ခြင်း၊ သွေးတွင်းအချိုဓါတ်များကို အမြဲမပြတ်တိုင်းတာခြင်းများအပါအဝင် ကောင်းမွန်သောအဆီများကို စားသုံးခြင်းကဲ့သို့သော အစားအသောက်အနေအထိုင်များကို ထိန်းသိမ်းရန် လွန်စွာမှအရေးကြီးပါသည်။
သံလွင်ဆီကိုစားသုံးပေးခြင်းအားဖြင့် သွေးတွင်းအချိုဓါတ်များကို ထိန်းညှိနိုင်စေရန်ကူညီပေးရုံသာမက ခန္ဓာကိုယ်၏ဆဲလ်များက ဂလူးကို့စ်ဓါတ်ကိုအသုံးပြုရာတွင်လည်း ပိုမိုတိုးတက်လာစေပါသည်။
၇။ Probiotics
သွေးတွင်းအချိုဓါတ်များကို ထိရောက်စွာထိန်းသိမ်းနိုင်ရန်အတွက် ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများပါဝင်သော အစားအစာများကိုစားသုံးခြင်းနည်းလမ်းသည် မကြာသေးမီနှစ်ပိုင်းများအတွင်းက လူသိများ ထင်ရှားလာပါသည်။
ထိုသို့သော ကောင်းကျိုးများရရှိနိုင်ရန်အတွက် Probiotics ပါဝင်သောအစားအစာများကို အနည်းဆုံး သီတင်းပတ် ( ၈ ) ပတ်ထက်ပို၍ စားသုံးရန်လိုအပ်မည်ဖြစ်ပါသည်။
၈။ သစ်ဂျပိုးခေါက်
လေ့လာတွေ့ရှိချက်များအရ သစ်ဂျပိုးခေါက်သည် သွေးတွင်းအချိုဓါတ်များကို လျော့ကျစေရန်အတွက် များစွာအကျိုးကျေးဇူးပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
သွေးတွင်းအချိုဓါတ်များကို လျော့ကျစေရာတွင် သစ်ဂျပိုးခေါက်၏ အစွမ်းသတ္တိများကို ပိုမိုတိကျစွာသိရှိနိုင်စေရန်အတွက် စမ်းသပ်လေ့လာမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။
၉။ ကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီးတွင် သွေးတွင်းသကြားဓါတ်များကို လျော့ကျစေနိုင်သည့် charantin၊ vicine နှင့် Polypeptide-p များအပြင် အခြားသောအာဟာရဓါတ်များစွာလည်း ပါဝင်ကြောင်းတွေ့ရှိရပါသည်။
သုတေသနတွေ့ရှိချက်များအရ ကြက်ဟင်းခါးသီးသည် သဘာဝအတိုင်းသွေးတွင်းအချိုဓါတ်များကို ကျဆင်းစေသည့်အထိရောက်ဆုံးသော အစားအစာများထဲမှ တစ်ခုဖြစ်ပါသည်။
Author : Dr. မိုး (ဆေး ၁)