DHA သည် Omega-3 Fatty Acids တစ်မျိုးဖြစ်ပါသည်။
DHA သည် ဦးနှောက်နှင့် မျက်လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို များစွာအထောက်အကူ ပေးနိုင်ပါသည်။
Omega-3 Fatty Acids များဖြစ်ကြသော DHA နှင့် EPA တို့သည် ခန္ဓာကိုယ်၏ ရောင်ရမ်းခြင်းဖြစ်စဉ်များကို လျော့ပါးပျောက်ကင်းစေရန် အကူအညီပေးသည့်အပြင် နှလုံးရောဂါကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါသည်။
ခန္ဓာကိုယ်အတွက် များစွာအရေးပါလှသော်လည်း အနည်းငယ်သော DHA ပမာဏကိုသာ ခန္ဓာကိုယ်က ထုတ်လုပ်နိုင်စွမ်းရှိပါသည်။ ထို့ကြောင့် အစားအစာများနှင့် အခြားဖြည့်စွက်အာဟာရများမှ DHA ကို ရရှိစားသုံးရန်လိုအပ်ပါသည်။
သိပ္ပံဆိုင်ရာ သုတေသနပြုလေ့လာတွေ့ရှိချက်များအရ DHA ၏ ကောင်းကျိုးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ကလေးများတွင် ဦးနှောက်နှင့်မျက်လုံးများ၏ ပုံမှန်ဖွံ့ဖြိုးမှုကို အကူအညီပေးခြင်း
ကလေးများ၏ ဦးနှောက်နှင့် မျက်လုံးများသည် ကိုယ်ဝန်ဆောင်ကာလ တတိယ ၃ လပတ်နှင့် မွေးဖွားပြီးသည့်နောက် ကလေး၏အသက်အစောပိုင်းနှစ်များတွင် လျင်မြန်စွာကြီးထွားဖွံ့ဖြိုးလာလေ့ရှိပါသည်။
ထိုသို့ကြီးထွားဖွံ့ဖြိုးရန်အတွက် DHA သည် မရှိမဖြစ် လိုအပ်ပါသည်။
ထို့ကြောင့် ကိုယ်ဝန်ဆောင်ကာလနှင့် နို့တိုက်ကျွေးနေသည့်အချိန်တွင် မိခင်တွင်လုံလောက်သော DHA ပမာဏရရှိရန် လိုအပ်ပါသည်။ အကယ်၍ ကလေးငယ်သည် လမစေ့ဘဲမွေးဖွားလာခဲ့ပါက DHA ပမာဏ ပိုမိုလိုအပ်မည်ဖြစ်ပါသည်။
မျက်လုံး၏ အခြားသောရောဂါအခြေအနေများကို တိုးတက်စေရန် ကူညီပေးခြင်း
DHA သည် မျက်လုံးခြောက်သွေ့သည့်ရောဂါနှင့် ဆီးချိုသမားများတွင် ဖြစ်ပွားတတ်သည့် မျက်လုံးဆိုင်ရာ ပြဿနာများကိုလည်း တိုးတက်ကောင်းမွန်စေကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် မျက်စိရေတိမ်ဖြစ်နိုင်သည့် အလားအလာများကိုလည်း လျော့ချပေးနိုင်ကြောင်းတွေ့ရှိရပါသည်။
နှလုံးနှင့် ပတ်သက်သောရောဂါများကို လျော့နည်းသက်သာစေခြင်း
Omega-3 အဆီများကို နှလုံးကျန်းမာရေးအတွက် အသုံးပြုရန်သင့်တော်ကြောင်း ကျန်းမာရေးပညာရှင်အများအပြားက ထောက်ခံထားကြပါသည်။
DHA နှင့် EPA တို့သည် နှလုံး ရုတ်တရက်အမောဖောက်ခြင်းဆိုင်ရာ ပြဿနာများကို လျော့နည်းစေနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် ခန္ဓာကိုယ်အတွက် ကောင်းမွန်သည့် ကိုလက်စထရောများဖြစ်သည့် HDL များကို တိုးတက်လာစေ၍ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိသော ကိုလက်စထရောများဖြစ်သည့် LDL ပမာဏကိုလည်း ကျဆင်းစေကြောင်း တွေ့ရှိရပါသည်။
လမစေ့ဘဲ ကလေးမီးဖွားခြင်းဖြစ်စဉ်ကို လျော့ချပေးခြင်း
ကိုယ်ဝန်ဆောင်ကာလ ၃၄ ပတ်ထက်စော၍ ကလေးမီးဖွားခြင်းကို လမစေ့ဘဲ ကလေးမီးဖွားခြင်းဟု သတ်မှတ်ပါသည်။ ထိုသို့ လမစေ့ဘဲ မွေးဖွားခြင်းသည် ကလေးများတွင် များစွာသော ကျန်းမာရေးပြဿနာများကို ဖြစ်စေပါသည်။
ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း DHA ပါဝင်သော ဖြည့်စွက်စာများ စားသုံးခြင်းသည် အမျိုးသမီးများတွင် လမစေ့ဘဲ ကလေးမီးဖွားခြင်းကိုများစွာ ကာကွယ်မှုပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် DHA ပါဝင်သော အစားအစာများ ဖြည့်စွက်စာများနှင့် ကိုယ်ဝန်ဆောင်အားဆေးများကို သောက်သုံးသင့်ပါသည်။
ကျန်ရှိနေသေးသည့် DHA ၏ ကောင်းကျိုးများကို အပိုင်း ၂ တွင် ဆက်လက်ဆွေးနွေး တင်ပြပေးသွားပါမည်။
Author : Dr. Mon