DHA သည် Omega-3 Fatty Acids တစ်မျိုးဖြစ်ပါသည်။
ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်စေရန် DHA က ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း အတော်များများ သိရှိကြပြီးဖြစ်ပါသည်။
ဦးနှောက်အပေါ် DHA ၏ အကျိုးသက်ရောက်မှုများသည် ထိုမျှမကသေးပါ။
ငယ်ရွယ်စဉ်အချိန်တွင်သာမက ဘ၀တစ်လျှောက်လုံးတွင်လည်း အထူးသဖြင့် အသက်အရွယ်ကြီးရင့်လာသည့်အချိန်တွင် DHA သည် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာကောင်းကျိုးများစွာကို ပေးစွမ်းနိုင်ပါသည်။
အသက်အရွယ် ကြီးရင့်လာသောအခါ ဦးနှောက်အတွင်းတွင် ဓာတ်တိုး ဖိစီးမှုများ များပြားလာခြင်း၊ စွမ်းအင်ဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်များ ပြောင်းလဲလာခြင်းနှင့် DNA များ ပျက်စီးလာခြင်းစသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာလေ့ရှိပါသည်။
ထို့အပြင် ဦးနှောက်၏ အရွယ်အစား၊ အလေးချိန်နှင့် အဆီပါဝင်ဖွဲ့စည်းတည်ဆောက်ပုံတို့သည်လည်း ပြောင်းလဲလာကြပါသည်။
ထိုသို့ ဦးနှောက်၏ ချွတ်ယွင်းပြောင်းလဲလာမှုများသည် DHA ချို့တဲ့သောအခါ ပိုမိုဖြစ်ပွားတတ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
ဦးနှောက်ဆဲလ်အမြှေးပါး ဂုဏ်သတ္တိများ ပြောင်းလဲလာခြင်း၊ ဦးနှောက်အတွင်းရှိ အင်ဇိုင်းများ၏ လုပ်ဆောင်မှုများ ပြောင်းလဲလာခြင်းနှင့် အာရုံကြောဆဲလ်များ၏ လုပ်ငန်းဆောင်တာများ ပြောင်းလဲလာခြင်း စသည်တို့ ဖြစ်ပေါ်လာနိုင်ပါသည်။
အကျိုးဆက်အားဖြင့် အသက်အရွယ်ကြီးရင့်သူများတွင် မှတ်ဉာဏ်ချို့ယွင်းလာခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း ကျဆင်းလာခြင်း၊ ပြဿနာများကို ဖြေရှင်းရန် စဉ်းစားတွေးခေါ်မှုများ မလုပ်ဆောင်နိုင်တော့ခြင်း၊ စာပေဘာသာစကားများနှင့် ပတ်သက်၍ စွမ်းရည်များ ကျဆင်းလာခြင်း စသည့်ပြဿနာများကို ကြုံတွေ့ရနိုင်ပါသည်။
ထို့အပြင် DHA ပမာဏနည်းပါးခြင်းသည် ဦးနှောက်ပိုင်းဆိုင်ရာရောဂါများနှင့်လည်း ဆက်စပ်မှုရှိပါသည်။
ထိုသို့သော ဦးနှောက်ပိုင်းဆိုင်ရာရောဂါများတွင် အယ်ဇိုင်းမားသည် ဖြစ်ပွားမှုအများဆုံး ရောဂါတစ်ခုဖြစ်ပါသည်။
အသက် ၆၅ နှစ်နှင့်အထက် လူကြီးများ၏ ၄.၄ ရာခိုင်နှုန်းသည် အယ်ဇိုင်းမားရောဂါ ဖြစ်ပွားလေ့ရှိသည်။
အယ်ဇိုင်းမားရောဂါဖြစ်ပွားသောအခါ ဦးနှောက်၏လုပ်ငန်းဆောင်တာများသာမက စိတ်ပိုင်းဆိုင်ရာ အခြေအနေများနှင့် အမူအကျင့်ပိုင်းဆိုင်ရာများကိုပါ ပြောင်းလဲလာစေပါသည်။
အတိတ်ကာလ အချိန်တစ်ခုတွင် သို့မဟုတ် နေရာတစ်ခုတွင် ဖြစ်ပျက်ခဲ့သော အမှတ်တရဖြစ်ရပ်များကို ပြန်လည်စဉ်းစားတွေးတော မှတ်မိနိုင်ရန် အခက်အခဲများ ကြုံတွေ့လာခြင်းသည် အယ်ဇိုင်းမားရောဂါ၏ ဦးနှောက်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ၏ ကနဦးလက္ခဏာရပ်များပင် ဖြစ်ပါသည်။
အယ်ဇိုင်းမားရောဂါရှိသော လူနာများကို လေ့လာကြည့်သောအခါ ဦးနှောက်နှင့် အသည်းတို့တွင် DHA ပမာဏလျော့နည်းကာ EPA နှင့် DPA ပမာဏများ မြင့်တက်နေတတ်ကြပါသည်။
လေ့လာတွေ့ရှိချက်များအရ သွေးအတွင်း DHA ပမာဏ မြင့်မားနေမှုသည် မှတ်ဉာဏ်ချို့ယွင်းလာသောရောဂါများနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်ပွားမှုတို့ကို ကာကွယ်ပေးခြင်း သို့မဟုတ် စတင်ဖြစ်ပွားမှုကို နှေးကွေးစေအောင် ကူညီပေးနိုင်ကြောင်း တွေ့ရှိရပါသည်။