ခြေထောက်နှင့် ခြေချင်းဝတ်ကို အရိုးပေါင်း ၂၆ ခု၊ အဆစ်ပေါင်း ၃၃ ခုနှင့် အရွတ်ပေါင်း ၁၀၀ ကျော်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ၎င်းတို့အနက် ခြေဖနောင့်ရိုးသည် ခြေထောက်တွင်အကြီးဆုံး အရိုးတစ်ခုဖြစ်ပါသည်။
အကယ်၍ ခြေဖနောင့်ကို အလွန်အကျွံအသုံးပြုခဲ့လျှင် သို့မဟုတ် ခြေဖနောင့်တွင်ဒဏ်ရာရရှိခဲ့လျှင် ခြေဖနောင့်နာကျင်မှုကို ခံစားရနိုင်ပါသည်။ ထိုသို့နာကျင်ခြင်းသည် အနည်းငယ်နာကျင်ခြင်းမှသည် ပြင်းထန်သောနာကျင်ခြင်းအထိ ဖြစ်ပွားနိုင်ပါသည်။
သက်သာအောင် အိမ်တွင်ဘယ်လိုပြုလုပ်သင့်သလဲ
ခြေဖနောင့်နာကျင်ခြင်း သက်သာစေရန် မိမိနေအိမ်တွင် အောက်ပါအတိုင်းပြုလုပ်နိုင်ပါသည်။
– တတ်နိုင်သလောက် ခြေထောက်ကို အနားပေးပါ။
– တစ်နေ့လျှင် နှစ်ကြိမ်ခန့်၊ တစ်ကြိမ်လျှင် ၁၀ မိနစ် – ၁၅ မိနစ်ခန့် ခြေဖနောင့်ကို ရေခဲကပ်ပါ။
– ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်သည့် အကိုက်အခဲပျောက်ဆေးများကို သောက်သုံးပါ။
– မိမိနှင့် သင့်တော်အဆင်ပြေမည့် ဖိနပ်ကိုသာစီးပါ။
အကယ်၍ အထက်ပါအတိုင်းပြုလုပ်သော်လည်း ခြေဖနောင့်နာကျင်သည့်ဝေဒနာ သက်သာပျောက်ကင်းမှုမရှိခဲ့လျှင်သော်လည်းကောင်း၊ နာကျင်ခြင်း ပိုမိုဆိုးရွားလာ၍ အခြားလက္ခဏာများပါ ပေါ်ပေါက်လာခဲ့လျှင်သော်လည်းကောင်း ဆရာဝန်နှင့်ပြသရန် လိုအပ်ပါသည်။
ဘယ်အချိန်မှာဆရာဝန်နှင့်ပြသသင့်သလဲ
ခြေဖနောင့်နာကျင်သောအခါ နေအိမ်တွင်အနားယူခြင်း ပြုလုပ်သင့်ပါသည်။ အကယ်၍
- သီတင်းပတ် ၂ ပတ် ၃ ပတ်ခန့် ကြာသည်အထိ ရောင်ရမ်းနာကျင်သည့်ဝေဒနာ မပျောက်ကင်းသေးပါက
- နာကျင်မှုသည် ရုတ်တရက် ဆိုးရွားပြင်းထန်လာပါက
- ခြေဖနောင့်တွင် နီရဲလာပါက
- ခြေဖနောင့်တွင် ရောင်ရမ်းဖောင်းကားခြင်း ဖြစ်ပေါ်လာပါက၊
- ခြေဖနောင့်နာကျင်ခြင်းကြောင့် လမ်းမလျှောက်နိုင်ခဲ့ပါက ဆရာဝန်နှင့်ပြသတိုင်ပင်သင့်ပါသည်။
ခြေဖနောင့်နာကျင်ခြင်းမဖြစ်ပေါ်အောင် ဘယ်လိုကာကွယ်မလဲ
ခြေဖနောင့်နာကျင်မှုကိုဖြစ်စေသည့် အကြောင်းရင်းအားလုံးကို ကာကွယ်ရန်မဖြစ်နိုင်သော်လည်း ခြေဖနောင့်ဒဏ်ရာအနာတရ ရခြင်းကို ရှောင်ရှားခြင်းနှင့် နာကျင်မှုကို သက်သာစေရန် ပြုလုပ်နိုင်သည့် နည်းလမ်းများရှိပါသည်။
– မိမိ၏ ခြေထောက်နှင့်အနေတော်ဖြစ်၍ ခြေထောက်ကိုကောင်းစွာထောက်ပံ့မှုပေးနိုင်သော ဖိနပ်များကိုစီးပါ။
– ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများအတွက် သင့်တော်သော ဖိနပ်ကိုစီးပါ။
– လေ့ကျင့်ခန်းမပြုလုပ်ခင်တွင် အကြောလျှော့လေ့ကျင့်ခန်းကိုကောင်းစွာလုပ်ပါ။
– ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုသာစားသုံးပါ။
– ခြေထောက်ကိုအလွန်အမင်းအသုံးချပြီးလျှင် သို့မဟုတ် ကြွက်သားများနာကျင်ခဲ့လျှင် ကောင်းစွာအနားယူပါ။
– မိမိ၏ ကိုယ်အလေးချိန် အလွန်အမင်းမတတ်စေရန် ဂရုပြုပါ။
ဤနည်းလမ်းများကို ပြုလုပ်ခြင်းအားဖြင့် ခြေဖနောင့်နာကျင်ခြင်းမဖြစ်ပေါ်စေရန် ကာကွယ်နိုင်ပါသည်။
Author : Dr. CK