သည်းခြေကျောက်တည်တယ်ဆိုတာကို လူတော်တော်များများ ကြားဖူးကြမယ်လို့ထင်ပါတယ်… ဒီဆောင်းပါးမှာတော့ သည်းခြေကျောက်တည်တဲ့ အကြောင်းကို ကျန်းမာရေးဗဟုသုတအနေနဲ့ ပြောပြပေးသွားပါမယ်…
သည်းခြေကျောက်အကြောင်းမပြောခင် သည်းခြေဆိုတာ ဘာကိုခေါ်တာလဲလို့ အရင်ရှင်းပြဖို့လိုမယ်ထင်ပါတယ်… နောက်ပြီး လူတချို့အမှတ်မှားနေတဲ့ အကြောင်းလေးကိုရောပေါ့… မြန်မာနိုင်ငံက လူတော်တော်များများက ‘အမှတ်သည်းခြေ’ ဆိုတဲ့ စကားလုံးနဲ့ ရောထွေးပြီး သည်းခြေဆိုတာ အမှတ်အသားလုပ်ပေးတဲ့ မှတ်ဉာဏ်လို့ မှားယွင်းပြီးပြောတတ်ကြပါတယ်… တကယ်တော့ လုံးဝမှားပါတယ်… အမှတ်အသားလုပ်ပေးတဲ့ မှတ်ဉာဏ်ကို ကျနော်တို့ရဲ့ ဦးဏှောက်ကပဲ လုပ်ဆောင်ပေးတာပါ… သည်းခြေက မှတ်သားတဲ့ လုပ်ငန်းဆောင်တာ လုံးဝမလုပ်ပါဘူး…
သည်းခြေရဲ့ လုပ်ငန်းဆောင်တာက အသည်းကနေ ထုတ်ပေးလိုက်တဲ့သည်းခြေရည် (Bile) ကို သိုမှီးသိမ်းဆည်းပေးထားပြီး လူက အစာစားလိုက်တဲ့အခါ အစာထဲမှာပါလာတဲ့ အဆီတွေကို ချေဖျက်ပေးဖို့အတွက် သိမ်းထားတဲ့နေရာကနေ ညှစ်ထုတ်ပေးရတဲ့တာဝန်ပါ… ရှင်းအောင်ပြောရရင် အသည်းကထုတ်ပေးလိုက်တဲ့ သည်းခြေရည်တွေကို အစာမရှိတဲ့အချိန်မှာ အူသိမ်ဦးထဲကို တိုက်ရိုက်ဆင်းမသွားအောင်လို့ ကြားခံသိမ်းဆည်းထားပေးပြီး လိုအပ်တဲ့အချိန်မှာမှ ထုတ်ပေးတဲ့သဘောပါ…
ဒါကြောင့် အစာမစားတဲ့သူတွေမှာ သည်းခြေအိတ် (Gallbladder) ဟာ ပြည့်ဖောင်းနေပြီးတော့ ရေရှည်မှာ ကျောက်တည်တာမျိုးကိုဖြစ်စေပါတယ်… အစာစားပြီးတဲ့အချိန်မှာတော့ သည်းခြေရည်တွေကို ညှစ်ထုတ်ပေးပြီးသွားတဲ့အတွက် ပိန်ရံှု့နေတတ်ပါတယ်… သူ့ရဲ့ သိုလှောင်ထားနိုင်တဲ့ပမာဏကတော့ ၅၀ မီလီလီတာ (၂၅၀ မီလီလီတာဆန့် ဖန်ခွက်ရဲ့ ငါးပုံပုံ တစ်ပုံ)ဖြစ်ပါတယ်…
သည်းခြေအိတ်ဟာ သစ်တော်သီးပုံစံ ဒါမှမဟုတ် ရှေးခေတ်က အသပြာထည့်တဲ့အိတ်ရှုံ့နဲ့ပုံစံတူတဲ့ အိတ်တစ်ခုဖြစ်ပြီး ဝမ်းဗိုက်ညာဘက်အပေါ်ခြမ်းမှာရှိတဲ့ အသည်းညာဘက်ပိုင်းအခြမ်းရဲ့ အောက်ဘက်မှာ ကပ်လျက်တည်ရှိပါတယ်… သည်းခြေအိတ်ကနေ သည်းခြေပြွန် (Cystic Duct) တစ်ခုထွက်လာပြီး အသည်းကနေ သည်းခြေအိတ်ဆီကိုဆက်သွယ်ထားတဲ့ပြွန် (Common Hepatic Duct) နဲ့ ဆက်ထားပါတယ်… အဲ့ဒီသည်းခြေပြွန်နဲ့ အသည်းကနေလာတဲ့ပြွန်နှစ်ခုပေါင်းပြီး သည်းခြေထုတ်ပြွန်မကြီး (Common Bile Duct) အနေနဲ့ ဆက်သွားပါတယ်… အဲ့ဒီ သည်းခြေထုတ်ပြွန်မကြီးဟာ အူသိမ်ဦးထဲမဝင်ခင်မှာ မုန့်ချိုအိတ် (Pancreas) က ထွက်လာတဲ့ ပြွန်နဲ့ ပေါင်းစပ်ပါတယ်… နောက်ပြီးမှ အူသိမ်ဦးထဲကို ပွင့်ပါတယ်… အဲ့လို အူသိမ်ဦးထဲကိုပွင့်တဲ့ အပေါက်ဝကို Ampulla of Vater လို့ခေါ်ပြီး အဲ့အဝကို ထိန်းချုပ်ပေးထားတဲ့ ကျုံ့ဆန့်နိုင်တဲ့ ကြွက်သားကို Sphincter of Oddi လို့ခေါ်ပါတယ်…
သည်းခြေအိတ်ဟာ အသည်းကစစ်ထုတ်ပေးလိုက်တဲ့ သည်းခြေရည်တွေကို သိုလှောင်သိမ်းဆည်းထားစဉ်မှာ ပိုပြီးပြစ်အောင် အရည်အချို့ကို ပြန်စုပ်ယူပေးပါတယ်… အစာစားချိန်ရောက်မှသာ အစာထဲမှာပါတဲ့အဆီတွေကို ချေဖျက်ဖို့အတွက် ညှစ်ထုတ်ပေးရတာဖြစ်တာမို့ အစာမစားဘဲ အကြာကြီးနေတဲ့သူတွေမှာ သည်းခြေရည်အနည်ထိုင်မှုပိုများပြီး သည်းခြေအိတ်ထဲမှာ ကျောက်တည်လွယ်ပါတယ်… နောက်ပြီး အဆီတွေအများကြီးစားတာမျိုး၊ အဝလွန်တာမျိုး၊ အသည်းရောဂါနဲ့ သည်းခြေလမ်းကြောင်း ပိုးဝင်တဲ့အခြေအနေမျိုးတွေမှာ ပိုပြီး ကျောက်တည်နိုင်ပါတယ်…
သည်းခြေကျောက်တည်တာက အသက် ၄၀ကျော်တဲ့ အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်… ပဋိသန္ဓေတားဆေး သောက်နေတာ၊ ကိုယ်ဝန်ရှိတာ၊ ဆီးချိုရောဂါရှိတာ၊ အဝလွန်တာတွေကြောင့် ကျောက်ပိုတည်နိုင်တာ ဖြစ်ပါတယ်… နောက်ပြီး ပိန်ချင်လို့ ကိုယ်အလေးချိန်ကို အချိန်တိုအတွင်း အမြန်လျှော့ချကြတဲ့သူတွေမှာလည်း ကျောက်ပိုတည်နိုင်ပါတယ်…
ကျောက်တည်သူတွေရဲ့ ၈၀ ရာနှုန်းဟာ ကျောက်တည်တဲ့ လက္ခဏာမပြကြပါဘူး… ဒီလို လက္ခဏာမပြဘဲ တည်နေတဲ့ကျောက်တွေကို ဆိတ်ငြိမ်ကျောက် (Silent Stones) တွေလို့ခေါ်ပါတယ်… ၁ – ၄ ရာနှုန်းမှာတော့ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းကနေ စူးရစ်ပြီးတော့အောင့်တတ်တဲ့လက္ခဏာပြပါတယ်… ဒီလိုအောင့်တာဟာ နာရီဝက်ကနေ နာရီပေါင်းများစွာအထိ ကြာနိုင်ပြီးတော့ အထူးသဖြင့် ညဘက်ပိုင်းတွေ၊ အဆီစားပြီးတဲ့အချိန်တွေ၊ အရည်တစ်ခုခုသောက်ပြီးတဲ့အချိန်တွေမှာ အမြဲလိုလိုဖြစ်တတ်ပါတယ်…
သည်းခြေမှာတည်တဲ့ကျောက်တွေက အဆီကနေဖြစ်တဲ့ကျောက် (Cholesterol Stone)က အများဆုံးဖြစ်ပြီး ၃၅ ရာနှုန်းကနေ ၉၀ရာနှုန်းအထိရှိပါတယ်… များသောအားဖြင့် တစ်လုံးထဲရှိတတ်ပြီး အဝါနုရောင်၊ အစိမ်းရင့်ရောင်၊ အညိုရောင်၊ မြေဖြူခဲရောင် ရှိတဲ့ ဘဲဥပုံသဏ္ဍာန်ကျောက်တွေဖြစ်ပါတယ်… နောက်ပြီး ဘီလီရူဘင် (Bilirubin) လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းတွေကြောင့်ဖြစ်တဲ့ကျောက်က ၂ – ၃၀ ရာနှုန်းရှိပြီး အနက်ရောင်ဖြစ်ပါတယ်… အဆီနဲ့ ရောင်ခြယ်ပစ္စည်းတွေရောစပ်လို့ဖြစ်တဲ့ကျောက် (Mix stone)တွေကတော့ အညိုရောင်ရှိပြီး ၄ – ၂၀ ရာနှုန်းအထိ ရှိပါတယ်…
ကျောက်တည်တဲ့နေရာက သည်းခြေအိတ်ထဲမှာဆိုရင် Cholelithiasis လို့ခေါ်ပါတယ်… အဲ့ကျောက်က အပြင်ထွက်လာပြီး သည်းခြေထုတ်ပြွန်မကြီးထဲမှာသွားပိတ်နေရင် Choledocholithiasis လို့ခေါ်ပြီး အဲ့လိုပိတ်နေလို့ အနောက်ကသည်းခြေရည်တွေ ရှေ့ဆက်မစီးနိုင်တော့ဘဲ သည်းခြေလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းတာမျိုး ကိုတော့ Cholangitis လို့ခေါ်ပါတယ်… အဲ့ဒီကျောက်ကပဲ အူသိမ်ဦးထဲကိုထွက်တဲ့အပေါက်ဖြစ်တဲ့ Ampulla of Vater မှာ သွားပိတ်နေရင် မုန့်ချိုအိတ်ပြွန်ရဲ့ လမ်းကြောင်းကိုပါ ပိတ်မိသလိုဖြစ်ပြီး မုန့်ချိုအိတ်ပါ ရောင်ရမ်းတတ်ပါတယ်…
သည်းခြေကျောက်တည်တာကြောင့် နောက်ဆက်တွဲအနေနဲ့ သည်းခြေအိတ်ရောင်တာ၊ မုန့်ချိုအိတ်ရောင်တာ၊ အသည်းရောင်တာတွေလည်း ဖြစ်တတ်ပါတယ်… ဒီနောက်ဆက်တွဲရောဂါတွေဖြစ်လာပြီဆိုရင်တော့ နာကျဉ်တာက ငါးနာရီကျော်ကြာလာတာ၊ အသားဝါလာတာ၊ ဖျားလာတာ၊ အန်လာတာ၊ ရေနွေးကြမ်းအရောင်လို ဆီးအရောင်ရင့်ရင့်သွားတာတွေ ဖြစ်လာနိုင်ပါတယ်… ဖြစ်တဲ့နေရာကိုလိုက်ပြီး ရောဂါလက္ခဏာအနည်းငယ်ကွဲပြားနိုင်ပါတယ်…
သည်းခြေကျောက်တည်တာကို သောက်ဆေးတွေနဲ့ ကုသပေးကြသလို ရောဂါလက္ခဏာပြင်းထန်တဲ့သူတွေမှာ သည်းခြေကို ခွဲစိတ်ပြီး ကျောက်ထုတ်တာမျိုးတွေလုပ်လို့ရပါတယ်… ဒါပေမယ့် သည်းခြေကိုခွဲစိတ်ပြီး ကျောက်ထုတ်တာက ကျောက်ပြန်တည်နိုင်ခြေများတဲ့အတွက် သည်းခြေအိတ်တစ်ခုလုံးကို ခွဲစိတ်ထုတ်မှသာ ကျောက်ပြန်တည်တဲ့ဘေးက ၉၉ရာနှုန်း လွတ်ကင်းမှာဖြစ်ပါတယ်… ခွဲစိတ်ပြီးရင် လူအများစုက ကောင်းသွားပေမယ့် ၁၀ – ၁၅ရာနှုန်းကတော့ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းမှာ အမြဲလိုလို နာကျဉ်နေတာမျိုးဖြစ်နိုင်တဲ့အပြင် နာတာရှည် ဝမ်းပျက်တာမျိုးလည်းဖြစ်နိုင်ပါတယ်…
ဒါကြောင့်မို့ ဖြစ်မှ ကုသတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်ပါတယ်… တိရစ္ဆာန်အဆီတွေ အများကြီးစားတာ၊ အစာမစားဘဲ အကြာကြီးနေတာ၊ ကိုယ်အလေးချိန်ကို အမြန်ချတာမျိုး မလုပ်ဘဲနဲ့ အဝမလွန်အောင်ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းသိမ်းတာမျိုးနဲ့ပဲ သည်းခြေကျောက်တည်တာကို ကြိုတင် ကာကွယ်ကြရမှာဖြစ်ပါတယ်…
နိဂုံးချုပ်အနေနဲ့ ဒီ ‘သည်းခြေကျောက်တဲ့လား’ ဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြီးရင် သည်းခြေကျောက်ဆိုတာ ဘာကိုဆိုလိုတယ်၊ သည်းခြေကျောက်က ဘာကြောင့်တည်တယ်၊ သည်းခြေကျောက်မတည်အောင် ဘယ်လိုနေထိုင်စားသောက်သင့်တယ်ဆိုတာတွေကိုသိရှိနားလည်ပြီး လိုက်နာကျင့်ကြံနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း…။ ။
AUTHOR – ဒေါက်တာနေလင်းအောင်