မေးခိုင်ရောဂါပိုးသည် Clostridium tetani ရောဂါကြောင့်ဖြစ်ပွားရသည့် ပြင်းထန်သည့် ကူးစက်ရောဂါတစ်ခုဖြစ်ပါသည်။
အကယ်၍ ထိုဘက်တီးရီးယားရောဂါပိုးများသည် အနာအတွင်းသို့ ဝင်ရောက်ခဲ့ပါက ထိုရောဂါပိုးများမှ ထုတ်လုပ်လိုက်သော အာရုံကြောအဆိပ်အတောက်များသည် ကြွက်သားများလှုပ်ရှားမှုကို ထိန်းချုပ်ပေးသည့် အာရုံကြောစနစ်များအား အနှောင့်အယှက်ပြု တိုက်ခိုက်ပါတော့သည်။
ထို့ကြောင့် ပြင်းထန်သော ကြွက်သားကျုံ့ဆန့်တောင့်တင်းခြင်း၊ အသက်ရှူရန် ပြင်းထန်စွာခက်ခဲခြင်းများကို ဖြစ်ပေါ်စေကာ နောက်ဆုံးတွင် သေဆုံးသည်အထိ ဖြစ်ပွားနိုင်ခြေရှိပါသည်။
မေးခိုင်ရောဂါကို ကုသနိုင်သည့်နည်းလမ်းများရှိသော်လည်း လူတစ်ဦးနှင့်တစ်ဦးအပေါ်တွင် ထိရောက်မှု၊ အကျိုးသက်ရောက်မှု မတူညီပေ။ ထို့ကြောင့် မေးခိုင်ရောဂါပိုးကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ မေးခိုင်ရောဂါကာကွယ်ဆေးများကို ထိုးနှံခြင်းပင်ဖြစ်ပါသည်။
မေးခိုင်ရောဂါပိုးသည် မြေကြီး၊ အညစ်အကြေးများနှင့် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုတော်တော်များများတွင် တည်ရှိနေနိုင်သည့်အတွက်ကြောင့် ထိုအရာဝတ္ထုများကြောင့် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပါက ရောဂါကူးစက်နိုင်ခြေရှိပါသည်။ အထူးသဖြင့် မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံဖူးခြင်းမရှိသောသူများနှင့် ကာကွယ်ဆေးထိုးနှံဖူးသော်လည်း နောက်ထပ်အားဖြည့်ကာကွယ်ဆေးများကို ထပ်မံထိုးနှံခြင်းမရှိသည့်သူများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။
ရောဂါလက္ခဏာများ
မေးခိုင်ရောဂါကူးစက်ခံရပြီး ၇ ရက်မှ ၁၀ ရက်အတွင်းတွင် ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ပါသည်။
သို့သော် အချို့သောသူများတွင် ၄ ရက်မှ သီတင်းပတ် ၃ ပတ်အထိ ကြာမြင့်တတ်သကဲ့သို့ အချို့သူများတွင်မူ လပေါင်းများစွာကြာမှ ရောဂါလက္ခဏာများ ပေါ်ပေါက်လာတတ်ပါသည်။ ရောဂါကူးစက်ခံရပြီး အချိန်တိုအတွင်းတွင် ရောဂါလက္ခဏာများပေါ်ပေါက်လာပါက ပိုမိုပြင်းထန်လေ့ရှိပါသည်။
ကြွက်သားတွင်ပေါ်ပေါက်သော ရောဂါလက္ခဏာများတွင် ကြွက်သားများတောင့်တင်းခြင်းနှင့် လှုပ်ရှားမှုပြုလုပ်ရန် ခက်ခဲခြင်းများ ပါဝင်ပါသည်။
အများအားဖြင့် ပါးစပ်အဖွင့်အပိတ်ကို ပြုလုပ်ပေးသော အောက်မေးရိုးကြွက်သားများမှ စတင်လေ့ရှိပါသည်။
ထို့နောက် ကြွက်သားတောင့်တင်းမှုသည် လည်ပင်းနှင့် လည်ချောင်းကြွက်သားများဆီသို့ ပျံ့နှံ့သွားကာ အစာ၊ ရေ မျိုချရခက်ခဲခြင်းများ ဖြစ်ပေါ်လာတတ်ပါသည်။
တစ်ခါတစ်ရံ မျက်နှာကြွက်သားများလည်း ထိခိုက်တောင့်တင်းလေ့ရှိပါသည်။
ဝမ်းဗိုက်နှင့် ခြေလက်ရှိ ကြွက်သားများလည်း အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။
လည်ပင်းနှင့် ရင်အုပ်ကြွက်သားများ ထိခိုက်မှုရှိလာသည့် အချိန်မျိုးတွင် အသက်ရှူရခက်ခဲခြင်းများပေါ်ပေါက်လာလေ့ရှိပါသည်။
ကလေးများတွင် မေးခိုင်ရောဂါကူးစက်ခြင်း ပြင်းထန်ပါက ကျောကုန်းကြွက်သားများ ထိခိုက်မှုရှိခြင်းကြောင့် ခန္ဓာကိုယ်သည် လေးကိုင်းသဏ္ဌာန် ကျောကော့နေခြင်းများဖြစ်ပေါ်လာလေ့ရှိပါသည်။
ထို့အပြင် ဝမ်းအတွင်းသွေးစသွေးနများပါရှိခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ လူနာကို အနည်းငယ်ထိကိုင်လိုက်သည်နှင့် ပြင်းပြင်းထန်ထန်တုန့်ပြန်မှုများဖြစ်ပေါ်လာခြင်း၊ လည်ချောင်းနာခြင်း၊ ချွေးထွက်ခြင်း၊ ရင်တုန်ခြင်း စသည့်လက္ခဏာများလည်းပေါ်ပေါက်လေ့ရှိပါသည်။
ကုသခြင်း
မည်သည့်ထိခိုက်ဒဏ်ရာရမှုမဆို ဒဏ်ရာအား သေချာစွာသန့်ရှင်းရေးပြုလုပ်ရန်လိုအပ်ပါသည်။
မေးခိုင်ရောဂါပိုးကူးစက်နိုင်ခြေများသော ထိခိုက်ဒဏ်ရာများရရှိခဲ့လျှင် ဆေးဖက်ဆိုင်ရာပညာရှင်များနှင့် ပြသတိုင်ပင်ကုသရန် လိုအပ်ပါသည်။
ထို့အပြင် အောက်ပါဒဏ်ရာအနာတရအမျိုးအစားများသည် မေးခိုင်ရောဂါကို ပိုမိုဖြစ်ပေါ်စေရန် အလားအလာများစေနိုင်ပါသည်။
- ၆ နာရီကျော်ကြာအောင် မကုသဘဲထားရှိထားသည့် ကြီးမားသည့်ဒဏ်ရာများနှင့် မီးလောင်ဒဏ်ရာများ
- တစ်ရှူးပမာဏ အတော်အသင့်ဆုံးရှုံးမှုဖြစ်ပေါ်စေသော ဒဏ်ရာများနှင့် မီးလောင်ဒဏ်ရာများ
- အညစ်အကြေးများ သို့မဟုတ် မြေကြီးများနှင့် ထိတွေ့မှုဖြစ်ခဲ့သော ထုတ်ချင်းပေါက်ဒဏ်ရာများ
- အရိုးကျိုးသည့်အပိုင်းအစများ အပြင်ဘက်သို့ ထိုးထွက်ပေါ်ထွက်နေသည့် ပြင်းထန်သည့် အရိုးကျိုးခြင်းများ
- သွေးဆိပ်တက်ခြင်းဖြစ်စေနိုင်သည့် ဒဏ်ရာများသို့မဟုတ် မီးလောင်ဒဏ်ရာများ စသည့် ဒဏ်ရာအနာတရများရရှိခဲ့ပါက မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပြီးသည့်တိုင် Tetanus Immunoglobulin (TIG) ကို ချက်ချင်းထိုးနှံရန်လိုအပ်ပါသည်။
ထို့အပြင် ဘက်တီးရီးယားပိုးများ ပွားများခြင်းနှင့် အဆိပ်အတောက်ထုတ်လုပ်ခြင်းကို ကာကွယ်ရန်အတွက် ပဋီဇီဝဆေးဝါးအချို့လည်း လိုအပ်ကောင်းလိုအပ်မည်ဖြစ်ပါသည်။ ကြွက်သားများ တောင့်တင်းခြင်းကို သက်သာစေသောဆေးဝါးများဖြင့်လည်း ကုသရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။
Author : Dr. မွန်