နားကိုက်ခြင်းဝေဒနာသည် နားစည်၏အနောက်ဘက်ရှိ အရည်များနှင့် နားအလယ်ပိုင်းတွင် ကူးစက်ရောဂါပိုးများ ဝင်ရောက်ခြင်းနှင့် ဆက်စပ်နေလေ့ရှိပါသည်။
နားအတွင်းသို့ ကူးစက်ရောဂါပိုးများဝင်ရောက်သည့်အခါ အများစုမှာ ဗိုင်းရပ်စ်ရောဂါပိုးများ ဖြစ်လေ့ရှိသဖြင့် အများအားဖြင့် ပဋိဇီဝဆေးဝါးများ သုံးစွဲရန် လိုအပ်လေ့မရှိပေ။
တစ်ခါတစ်ရံ ထိခိုက်ဒဏ်ရာရရှိ၍သော်လည်းကောင်း၊ နားအတွင်းသို့ရေနှင့် အခြားအရည်များ ဝင်ရောက်ပိတ်မိနေခြင်းကြောင့်သော်လည်းကောင်း နားကိုက်ခြင်းဖြစ်ပွားတတ်ပါသည်။
နားကိုက်ခြင်း သက်သာပျောက်ကင်းစေရန် ကုသသည့်နည်းလမ်းများ
အောက်ပါနည်းလမ်းများကို ပြုလုပ်ပေးခြင်းဖြင့် နားကိုက်ခြင်းဝေဒနာကို သက်သာပျောက်ကင်းအောင် ပြုလုပ်နိုင်ပါသည်။
ရေနွေးအိတ်ကပ်ပေးခြင်း
မပူလွန်း မအေးလွန်းသည့် ရေနွေးအိတ်ဖြင့် နာကျင်နေသည့် နားတစ်ဝိုက်ကို ကပ်ပေးခြင်းအားဖြင့် နားကိုက်သည့်ဝေဒနာကို သက်သာပျောက်ကင်းစေရန်ပြုလုပ်ပေးနိုင်ပါသည်။
ရေနွေးငွေ့ရှူခြင်း
အအေးမိခြင်းနှင့် လည်ချောင်းနာခြင်းများသည် လေပြွန်ကို ဖောင်းကားခြင်း၊ ရောင်ရမ်းခြင်းများကို ဖြစ်စေနိုင်ပါသည်။ ထိုသို့ ဖောင်းကား၊ ရောင်ရမ်းခြင်းကြောင့် နားကို ဖိအားများ သက်ရောက်စေ၍ နာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါသည်။
ရေကို အပူပေးရာမှ ထွက်လာသည့်ရေနွေးငွေ့များကို ရှူခြင်း သို့မဟုတ် ရေနွေးငွေ့ထုတ်စက်များမှ ထွက်ရှိလာသည့်ရေနွေးငွေ့များကို ရှူခြင်းသည် လေပြွန်ကို ပြေလျော့သက်သာ၍ ပွင့်စေသောကြောင့် နား နာကျင်မှုကိုဖြစ်စေသည့် ဖိအားများကိုလျော့နည်းစေကာ နားကိုက်ခြင်းဝေဒနာများကို သက်သာစေနိုင်ပါသည်။
ကြက်သွန်ဖြူအဆီ
စျေးကွက်အတွင်းတွင် နားကိုက်ခြင်းဝေဒနာအတွက် အသုံးပြုနိုင်သည့် ကြက်သွန်ဖြူအဆီနှင့် သံလွင်ဆီတို့ကို ရောနှောထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်းအများအပြားရှိပါသည်။
၎င်းကြက်သွန်ဖြူအဆီသည် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကိုသေစေနိုင်သည့်အပြင် နားကိုက်ခြင်းဝေဒနာကိုလည်း သက်သာစေနိုင်ပါသည်။
သတိပြုရမည့်အချက်မှာ ထိုကြက်သွန်ဖြူအဆီကို ရေခဲသေတ္တာထဲတွင်သော်လည်းကောင်း၊ အေး၍ခြောက်သွေ့သည့်နေရာတွင်သော်လည်းကောင်း ထားရှိရမည်ဖြစ်ပြီး ပုလင်းကိုဖောက်၍ စတင်အသုံးပြုသည့်အချိန်မှစ၍ အချိန် ၂ ပတ်အတွင်းတွင်သာ အသုံးပြုသင့်ပါသည်။
အကယ်၍ ထိုကြက်သွန်ဖြူအဆီကို ဝယ်ယူ၍မရရှိခဲ့ပါက မိမိတို့အိမ်တွင်လည်း ပြုလုပ်အသုံးပြုနိုင်ပါသည်။
လိုအပ်သည့် ပစ္စည်းများမှာ ကြက်သွန်ဖြူငါးမွှာခန့်၊ အရည်အသွေးကောင်းမွန်သည့်သံလွင်ဆီ ၄ အောင်စ သို့မဟုတ် ခွက် တစ်ဝက်ခန့် နှင့် ယူကလစ်ဆီ အစက် ၂၀ ခန့် ဖြစ်ပါသည်။
ပြုလုပ်ရန်နည်းလမ်းမှာ ကြက်သွန်ဖြူနှင့်သံလွင်ဆီတို့ကိုရော၍ အိုးတစ်ခုအတွင်းသို့ထည့်ကာ အပူခပ်နွေးနွေးပေးပါ။ အနည်းဆုံး ၈ နာရီခန့် အပူပေးပြီးသည့်နောက်တွင် ကြက်သွန်ဖြူများကို တတ်နိုင်သလောက်ညှစ်၍ အဆီများ ရရှိရန်စုဆောင်းပါ။ ထို့နောက် ယူကလစ်ဆီကိုရော၍ ကောင်းစွာမွှေပြီး ပုလင်းအတွင်း၌ ထည့်ကာ ခြောက်သွေ့အေးမြသည့်နေရာတွင် သိမ်းဆည်းထားနိုင်ပါသည်။
နားအတွင်းသို့ထည့်သည့်အခါ နားတစ်ဖက်ကို အစက် ၂ စက်ခန့် ထည့်နိုင်ပါသည်။ လိုအပ်လျှင် နာရီဝက်တစ်ခါ ထပ်မံထည့်နိုင်ပါသည်။ ၂ ရက်မှ ၇ ရက်အထိ ပြုလုပ်ပေးနိုင်ပါသည်။
ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်သည်လည်း နားကိုက်ခြင်းအတွက် ကောင်းမွန်သည့် ပစ္စည်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။
နားကိုက်သည့်ဝေဒနာစတင်ခံစားရသည်နှင့် ပန်းသီးရှာလကာရည် အစက်အနည်းငယ်ကို နားအတွင်းသို့ထည့်၍ တစ်မိနစ်ခန့်ထားပြီး နားကိုစောင်းကာ ရှာလကာရည်များကို အပြင်သို့ပြန်လည် ထွက်စေခြင်းအားဖြင့် နားကိုက်ခြင်းဝေဒနာ သက်သာအောင်ပြုလုပ်နိုင်ပါသည်။ ၁၂ နာရီကြာပြီးသည့်နောက်တွင် နောက်ထပ်တစ်ကြိမ် ထပ်မံပြုလုပ်နိုင်ပါသည်။
ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို ဂွမ်းဖြင့်စွတ်၍ နားအတွင်းသို့အစက်အနည်းငယ်ခန့် ချပေးခြင်းအားဖြင့်လည်း နားကိုက်ခြင်းဝေဒနာကိုသက်သာစေနိုင်ပါသည်။
တစ်မိနစ်ခန့်ထား၍ နားကိုစောင်းကာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို အပြင်သို့ပြန်လည်ထုတ်ပြီးသည့်အချိန်တွင် ရေခပ်နွေးနွေးဖြင့် နားတစ်ဝိုက်ကိုဆေးကြောသင့်ပါသည်။
ကြက်သွန်နီ
ကြက်သွန်နီကိုလည်း နားကိုက်ခြင်းဝေဒနာအတွက် အသုံးပြုနိုင်ပါသည်။
အချို့သောသူများသည် ကြက်သွန်နီကို နှစ်ခြမ်းခြမ်း၍ တစ်ခြမ်းကို ကိုက်နေသည့်နားပေါ်တွင် တင်ထားခြင်းအားဖြင့် နားကိုက်ခြင်းဝေဒနာကိုသက်သာစေရန် ပြုလုပ်ကြပါသည်။
အချို့သူများမှာမူ ကြက်သွန်နီကို အလယ်အလတ်အရွယ် အပိုင်းများဖြစ်အောင် ပြုလုပ်ပြီး အပူအနည်းငယ်ပေး၍ ထိုအပိုင်းများကို နားအတွင်းသို့ ထည့်သွင်းထားခြင်းအားဖြင့် သက်သာပျောက်ကင်းအောင် ပြုလုပ်လေ့ရှိပါသည်။
အချို့သူများမှာမူ ကြက်သွန်နီ အပိုင်းအစများကို ပူနွေး၍စိုထိုင်းနေသော အဝတ်တစ်ခုဖြင့်ထုပ်၍ နားအတွင်းသို့ ထည့်သွင်းထားလေ့ရှိကြပါသည်။
အခြားနည်းလမ်းတစ်ခုမှာ ကြက်သွန်နီကို အရည်ညှစ်၍ အပူအနည်းငယ်ပေးပြီး နားအတွင်းသို့ အစက်အနည်းငယ် ချခြင်းဖြစ်ပါသည်။ ၁၀ မိနစ် ၁၅ မိနစ်ခန့်ထား၍ ကြက်သွန်နီအရည်ကို ပြန်လည်ထုတ်ပြီးသည့်နောက်တွင် နားကိုရေနွေးဖြင့် ပြန်လည်ဆေးကြော သန့်စင်ပေးရပါမည်။
သတိပြုရမည့် အချက်များ
နားကိုက်ခြင်း ဝေဒနာနှင့် ပတ်သက်ပြီး အောက်ပါအချက်များကို သတိပြုသင့်ပါသည်။
နား၏အတွင်းပိုင်းအထိရောက်ရှိအောင် မည်သည့်အရာနှင့်မျှမထိုးသင့်ပါ။ ထိုသို့ပြုလုပ်ပါက ထိခိုက်ဒဏ်ရာ ရရှိကာ အကြားအာရုံချို့တဲ့ခြင်းပြဿနာများ ဖြစ်ပေါ်လာနိုင်ပါသည်။
အကယ်၍နားကိုက်ခြင်းဝေဒနာသည် အလွန်အမင်းပြင်းထန်ဆိုးရွားခဲ့ပါက သို့မဟုတ် နားကိုက်ခြင်းနှင့်အတူ အပူချိန် ၁၀၄° ဖာရင်ဟိုက်ခန့် ကိုယ်ပူဖျားနာခဲ့ပါက သို့မဟုတ် နားအတွင်းမှ အရည်များ၊ ပြည်များ စသည့်အရာများ ထွက်လာပါက ဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုအပ်ပါသည်။
Author : Dr. မွန်