ဆီးချိုရောဂါသည် နာတာရှည်ရောဂါတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ဆီးချိုရောဂါ၏ လက္ခဏာများကို သိရှိနားလည်ခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်များကို ထိန်းသိမ်းရာတွင် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
ဆီးချိုရောဂါစတင်ဖြစ်ပွား၍ လက္ခဏာများ စတင်ပေါ်ပေါက်လာသည့်အခါ တစ်ဦးနှင့် တစ်ဦး တူညီလေ့မရှိကြပေ။
အများစုမှာ ဆီးချိုရောဂါ၏ အဖြစ်များသော လက္ခဏာများကို ခံစားရလေ့ရှိကြသော်လည်း အနည်းငယ်မှာ ရှားပါးသည့် လက္ခဏာများကို တွေ့ကြုံရလေ့ရှိပါသည်။
အောက်ပါတို့သည် ဆီးချိုရောဂါရှိကြောင်း ညွှန်ပြနေသည့် လက္ခဏာများမှ အချို့ဖြစ်ကြပါသည်။
လည်ကုပ်ပေါ်ရှိအရေပြားများ အမည်းရောင်ပြောင်းလာခြင်း
ဆီးချိုရောဂါဖြစ်နိုင်ကြောင်း သတိပေးသည့် လက္ခဏာတစ်ရပ်မှာ အရေပြားပေါ်တွင် အထူးသဖြင့် လည်ကုပ်တစ်ဝိုက်ရှိ အရေပြားပေါ်တွင် ထူထဲသော အမည်းရောင်အကွက်များ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
တစ်ခါတစ်ရံ လည်ကုပ်တွင်သာမက ပေါင်ခြံများနှင့် ချိုင်းများတွင်လည်း ဖြစ်ပွားတတ်ပါသည်။
ဤသို့ဖြစ်ရခြင်းသည် သွေးတွင်းတွင် ပုံမှန်ထက်များပြားနေသည့် အင်ဆူလင်များက အရေပြားတွင်ရှိသည့် ဆဲလ်များကို အမည်းရောင်ခြယ်များ ပိုမိုလျင်မြန်စွာထုတ်လုပ်ရန်အတွက် လှုံ့ဆော်ပေးသောကြောင့် ဖြစ်ပါသည်။
ဤသို့သောအခြေအနေသည် အများအားဖြင့် အမျိုးအစား ၂ ဆီးချိုရောဂါနှင့် ဆက်စပ်နေတတ်ပါသည်။
ကူးစက်ရောဂါများ မကြာခဏဖြစ်ပွားခြင်း
ဆီးချိုရောဂါရှိခြင်းသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ကျဆင်းစေသည့်အတွက်ကြောင့် မကြာခဏ ကူးစက်ရောဂါများဖြစ်ပွား၍ ဖျားနာနိုင်သည့်အလားအလာများကို ပိုမိုများပြားလာစေပါသည်။
ထို့အပြင် သွေးအတွင်းတွင် သကြားဓာတ်များပြားနေခြင်းသည် ခန္ဓာကိုယ်ကို ခုခံကာကွယ်ပေးသည့် သွေးဖြူဥများ သွေးစီးကြောင်းအတွင်း သွားလာလှုပ်ရှားရန်အတွက် ပိုမိုခက်ခဲစေသည့်အတွက်ကြောင့် ကူးစက်ရောဂါပိုးများကို ပြန်လည်တိုက်ခိုက်နိုင်သည့် အရည်အသွေးများကို ကျဆင်းလာစေပါသည်။
အမြင်အာရုံဆိုင်ရာ ပြောင်းလဲလာခြင်း
အမြင်အာရုံဆိုင်ရာ ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာသည့်အခါ လူအများစုသည် မျက်စိဆရာဝန်နှင့် ပြသရန် တွေးတောလေ့ရှိပါသည်။ ထိုသို့ အမြင်အာရုံဆိုင်ရာ ပြောင်းလဲလာခြင်းသည် ဆီးချိုရောဂါ၏ သတိပေးလက္ခဏာတစ်ခုဖြစ်သည် ဆိုခြင်းကို မမေ့သင့်ပါ။
ထို့အပြင် ဆီးချိုကြောင့်ဖြစ်ပေါ်လာတတ်သည့် သွေးပေါင်ချိန်များတက်လာခြင်းသည်လည်း မျက်လုံးအပါအဝင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးအပေါ်တွင် အကျိုးသက်ရောက်မှုများ ရှိစေနိုင်ပါသည်။
ထို့ကြောင့် မျက်စိဝေဝါးခြင်း၊ အရာဝတ္ထုများအား အာရုံစူးစိုက်၍ ကြည့်ရှုရန်ခက်ခဲခြင်း စသည့်ပြဿနာကို ကြုံတွေ့ရနိုင်ပါသည်။
မူးဝေ၍ မိုက်ခနဲ ဖြစ်ခြင်း
မူးဝေ၍မိုက်ခနဲဖြစ်ခြင်းသည် သွေးပေါင်ချိန်ကျဆင်းသောကြောင့်ဖြစ်သည်ဟု အများစု မှတ်ယူထားကြပါသည်။ သို့သော် ထိုသို့ဖြစ်ခြင်းသည် သွေးတွင်းသကြားဓာတ်များ မြင့်တက်နေသည့်အခါတွင်လည်း ဖြစ်နိုင်ကြောင်း သိရှိထားသင့်ပါသည်။
ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတတ်သည့် သွေးပေါင်ချိန်မြင့်တက်ခြင်းသည်လည်း ခေါင်းမူးခြင်းများကို ဖြစ်စေနိုင်ပါသည်။
ထို့အပြင် သွေးတွင်း၌ သကြားဓာတ်မြင့်မားနေမှုသည် မကြာခဏဆီးသွားခြင်းကို ဖြစ်စေ၍ ခန္ဓာကိုယ်အား ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုသို့ခန္ဓာကိုယ်တွင် ရေဓာတ်ပမာဏ နည်းပါးနေခြင်းသည် ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေပါသည်။ ထို့ကြောင့် မူးဝေခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်းနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ပေါ်ပေါက်လာတတ်ပါသည်။
ဂနာမငြိမ်ဖြစ်ခြင်း
ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်အခြေအနေ မကြာခဏပြောင်းလဲခြင်းသည်လည်း ဆီးချိုရောဂါ၏ နောက်ထပ်လက္ခဏာတစ်ရပ်ပင် ဖြစ်ပါသည်။
သွေးတွင်းသကြားဓာတ်ပမာဏသည် စိတ်အခြေအနေ မကြာခဏပြောင်းလဲခြင်းများနှင့် ပတ်သက်နေတတ်ပါသည်။
ထို့ကြောင့် ပုံမှန်ထက်ပိုမိုများပြားသော သို့မဟုတ် ပုံမှန်ထက် ပိုမိုနည်းပါးသော သွေးတွင်းသကြားဓာတ်ပမာဏသည် စိတ်ပိုင်းဆိုင်ရာခံစားမှုများကို ရိုက်ခတ်မှုရှိနိုင်ပါသည်။
သို့ရာတွင် သွေးတွင်းသကြားဓာတ်များပုံမှန်အတိုင်းပြန်လည် ဖြစ်သည့်အခါ ထိုသို့သော စိတ်အခြေအနေ မကြာခဏပြောင်းလဲမှုများ၊ ဂနာမငြိမ်ဖြစ်ခြင်းများ လျော့ပါးသက်သာသွားကြောင်း တွေ့ရှိရပါသည်။
ကိုယ်အလေးချိန်ကျဆင်းခြင်း
ခန္ဓာကိုယ်မှ အင်ဆူလင်ကို မထုတ်လုပ်နိုင်ခြင်းကြောင့် သို့မဟုတ် အင်ဆူလင်ကို ကောင်းမွန်စွာ အသုံးမပြုနိုင်ခြင်းကြောင့် ခန္ဓာကိုယ်ရှိဆဲလ်များက စွမ်းအင်ကိုထုတ်လုပ်ရန်လိုအပ်သည့် ဂလူးကို့စ်များကို လုံလောက်စွာမရရှိသည့်အခါ အဆီများနှင့် ကြွက်သားထုများကို ဖြိုဖျက်ကာ စွမ်းအင်အတွက် သုံးစွဲလာကြပါတော့သည်။ ထို့ကြောင့် ခန္ဓာကိုယ်၏ အလေးချိန်သည်လည်း ရုတ်တရက် ကျဆင်းသွားတတ်ပါသည်။
ယားယံခြင်း
သွေးအတွင်း သကြားဓာတ်များမြင့်မားနေမှုသည် ခန္ဓာကိုယ်တွင်ရှိသော အာရုံကြောများကို ထိခိုက်ပျက်စီးစေပါသည်။
အထူးသဖြင့် ခြေထောက်နှင့် လက်တွင်ရှိသော အာရုံကြောများကို ထိခိုက်လေ့ရှိကြပါသည်။ ထိုအခါယားယံခြင်းများ ဖြစ်ပေါ်လာတတ်ပါသည်။
ထို့အပြင် သွေးတွင်းသကြားဓာတ်မြင့်တက်နေမှုကြောင့် သွေးကြောများပျက်စီးခြင်းသည် ခြေလက်များတွင် သွေးလှည့်ပတ်စီးဆင်းခြင်းကို လျော့ကျသွားစေပါသည်။
ထို့ကြောင့် ခြေလက်အရေပြားများ ခြောက်သွေ့လာ၍ ယားယံခြင်းနှင့် အရေခွံကွာခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။
အသက်ရှူသည့်အခါ သစ်သီးမွှေးအနံ့ရရှိနေခြင်း
အသက်ရှူသည့်အခါ သစ်သီး မွှေးရနံ့ ရရှိနေခြင်းသည်လည်း အခြားလူသိနည်းသည့် ဆီးချိုရောဂါ၏ လက္ခဏာတစ်ရပ်ဖြစ်ပါသည်။
ခန္ဓာကိုယ်မှ အင်ဆူလင်ကို အသုံးပြု၍ စွမ်းအင်များကို ထုတ်လုပ်နိုင်မှုမရှိသောအခါ အဆီဆဲလ်များကို ဖြိုဖျက်၍ စွမ်းအင်ထုတ်လုပ်ရပါသည်။
ထိုသို့ဖြိုဖျက်သည့် ဖြစ်စဉ်တွင် သစ်သီးမွှေးရနံ့ရှိသည့် ကီတုန်းဟုခေါ်သည့် အက်ဆစ်တစ်မျိုးထွက်ပေါ်လာပါသည်။
ထိုကြောင့် အသက်ရှူသည့်အခါ သစ်သီးအနံ့သို့မဟုတ် လက်သည်းအရောင်တင်ဆေး အနံ့ ရရှိနေတတ်ပါသည်။
ခြေလက်များနာကျင်ခြင်း
သွေးတွင်းသကြားဓာတ်များမြင့်တက်နေမှုကြောင့် အာရုံကြောများ ထိခိုက်ပျက်စီးသည့်အခါ ခြေလက်များတွင် နာကျင်ခြင်းသို့မဟုတ် အကြောတက်ခြင်းများဖြစ်ပေါ်လာတတ်ပါသည်။
တစ်ခါတစ်ရံ ထုံကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း စသည့်ဝေဒနာများလည်းဖြစ်ပေါ်လာတတ်ပါသည်။