ချောင်းဆိုးခြင်းသည် အသက်ရှူလမ်းကြောင်းရှိ ချွဲသလိပ်များနှင့် ကသိကအောက် အနှောင့်အယှက်ဖြစ်စေသောအရာများကို စွန့်ထုတ်ပစ်ရန် တုံ့ပြန်သည့်လုပ်ဆောင်ချက် ဖြစ်ပါသည်။
ချောင်းဆိုးခြင်းအမျိုးအစားနှစ်မျိုးရှိပါသည်။ ၎င်းတို့မှာ ချွဲသလိပ်မထွက်သော
ချောင်းခြောက်ဆိုးခြင်းနှင့် ချွဲသလိပ်ထွက်သော ချောင်းဆိုးခြင်းတို့ဖြစ်ပါသည်။
အောက်ပါတို့သည် အတွေ့ရများသော ချောင်းခြောက်ဆိုးခြင်း၏အကြောင်းရင်းများဖြစ်ပါသည်။
(၁) ပန်းနာရင်ကျပ်ရောဂါ
ပန်းနာရင်ကျပ်ရောဂါရှိသောသူများတွင် အသက်ရှူလမ်းကြောင်းသည် ရောင်ရမ်း၍ ကျဉ်းမြောင်းနေသည်ကို တွေ့ရှိရပါသည်။
ပန်းနာရင်ကျပ်ရောဂါနှင့် တွဲ၍တွေ့ရသော ချောင်းဆိုးခြင်းတွင် ချောင်းခြောက်ဆိုးခြင်းနှင့် ချွဲသလိပ်ထွက်သော ချောင်းဆိုးခြင်း နှစ်မျိုးစလုံးတွေ့ရတတ်သော်လည်း အများအားဖြင့်မူ ချောင်းခြောက်ဆိုးခြင်းကို ပိုမိုတွေ့ရှိရတတ်ပါသည်။
နာတာရှည်ချောင်းဆိုးခြင်းသည် ပန်းနာရင်ကျပ်ရောဂါ၏ အတွေ့ရများသော ရောဂါလက္ခဏာတစ်ခုဖြစ်ပြီး အောက်ပါရောဂါလက္ခဏာများကိုလည်းတွေ့ရှိရပါသည်။
- အသက်ရှူလျှင် ရွှီရွှီမြည်ခြင်း
- မောပန်းနေခြင်း
- ရင်ဘတ်အောင့်ခြင်း ( သို့ )တင်းကြပ်နေခြင်း
- အိပ်ပျော်ရန်ခက်ခဲခြင်း
- အသက်ရှူထုတ်သည့်အခါ လေချွန်သံကဲ့သို့ အသံထွက်ခြင်း စသည့်လက္ခဏာများကိုလည်း တွေ့ရှိရပါသည်။
(၂ ) အစာအိမ်အက်ဆစ်ချဉ်ရည် ဆန်တက်သောရောဂါ
အစာအိမ်နှင့် အစာရေမျိုပြွန်အက်ဆစ်ချဉ်ရည်ဆန်တက်သောရောဂါသည် အစာအိမ်အတွင်းရှိ အစာခြေသော အက်ဆစ်ချဉ်ရည်များ အစာရေမျိုပြွန်အတွင်းသို့ ဆန်တက်သော နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ထိုအစာအိမ်အက်ဆစ်သည် အစာရေမျိုပြွန်ကို မအီမသာဖြစ်စေ၍ ချောင်းဆိုးခြင်းကိုဖြစ်စေနိုင်ပါသည်။
၎င်းရောဂါတွင်တွေ့ရသော အခြားရောဂါလက္ခဏာများမှာ
- ရင်ပူခြင်း
- ရင်ဘတ်အောင့်ခြင်း
- အစားအစာ သို့မဟုတ် ချဉ်သော အရည်များ ခံတွင်းဆီသို့ ပြန်ဆန်တက်ခြင်း
- လည်ချောင်း၏အနောက်ဘက်တွင် အလုံးအကျိတ်ရှိသကဲ့သို့ခံစားရခြင်း
- နာတာရှည်ချောင်းဆိုးခြင်း
- နာတာရှည်လည်ပင်းနာခြင်း
- အစာနှင့်ရေ မျိုချရန် ခက်ခဲခြင်း စသည်တို့ဖြစ်ပါသည်။
(၃) ဦးခေါင်းခွံရှိ အခေါင်းပေါက်များ (Sinuses) ရောင်ရမ်းခြင်းရောဂါ
ဦးခေါင်းခွံရှိ အခေါင်းပေါက်များရောင်ရမ်းခြင်းရောဂါ (Sinusitis) သည် အအေးမိခြင်းနှင့် ဓာတ်မတည့်စေသောအရာများကိုရှူရှိုက်မိခြင်းကြောင့် ဖြစ်တတ်သောရောဂါတစ်မျိုးဖြစ်ပါသည်။
၎င်းရောဂါတွင် နှာခေါင်းအတွင်းရှိ အမြှေးပါးများမှ ချွဲသလိပ်များကို ပုံမှန်ထက် ပို၍ထုတ်ပေးပါသည်။ ထိုချွဲသလိပ်များသည် နှာခေါင်းမှနေ၍ လည်ချောင်းဆီသို့ ကျဆင်းခြင်းကြောင့် ချောင်းဆိုးခြင်းလက္ခဏာများ ဖြစ်လာစေပါသည်။
အခြားရောဂါ လက္ခဏာများမှာ
- လည်ပင်းနာခြင်း
- နှာရည်ယိုခြင်း
- လည်ပင်း၏အနောက်ဘက်တွင် အလုံးအကျိတ်ရှိသကဲ့သို့ခံစားရခြင်း
- အစာ၊ ရေ မျိုချရန်ခက်ခဲခြင်း
- ညဘက်တွင် ချောင်းဆိုးခြင်း တို့ဖြစ်ပါသည်။
(၄) ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်း
ဗိုင်းရပ်စ်ရောဂါပိုးကြောင့် အအေးမိတုပ်ကွေးရောဂါဖြစ်သောအခါတွင်လည်း ချောင်းခြောက်ဆိုး ခြင်းလက္ခဏာခံစားရကြောင်း တွေ့ရှိရပါသည်။
တုပ်ကွေးရောဂါ၏ အခြားရောဂါလက္ခဏာများ သက်သာပျောက်ကင်းပြီးနောက် ချောင်းဆိုးခြင်းလက္ခဏာများ ကျန်ရစ်နေတတ်ပါသည်။
တုပ်ကွေးဖြစ်ပြီးကျန်ရစ်သော ချောင်းဆိုးခြင်းသည်လည်း ချောင်းခြောက်ဆိုးခြင်းအမျိုးအစားဖြစ်ပြီး နှစ်လခန့်ကြာသည်အထိ ခံစားရလေ့ရှိကြောင်းတွေ့ရှိရပါသည်။
အခြားတွေ့ရခဲသော ချောင်းခြောက်ဆိုးခြင်းအကြောင်းရင်းများ။
(၁) သွေးပေါင်ကျဆေးတစ်မျိုးဖြစ်သော( ACE inhibitors ) ဆေးဝါးများကြောင့် ချောင်းခြောက်ဆိုးခြင်း
သွေးပေါင်ကျစေခြင်း အပါအဝင် အခြားရောဂါ အခြေအနေအချို့တွင် သောက်သုံးရသော ACE inhibitors ဆေးဝါးအုပ်စု၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခုမှာ ချောင်းခြောက်ဆိုးခြင်း ဖြစ်ပါသည်။
(၂) ကြက်ညှာချောင်းဆိုးရောဂါ
ကလေးငယ်များတွင် အတွေ့ရများသော ကြက်ညှာချောင်းဆိုးရောဂါသည် ချောင်းခြောက်ဆိုးခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ပါသည်။
ထိုရောဂါ၏ ကနဦးပိုင်းအဆင့်တွင် အအေးမိတုပ်ကွေး ရောဂါ လက္ခဏာနှင့် ရောထွေးမှားယွင်းတတ်ပြီး နောက်ပိုင်းတွင် အလွန်ဆိုးရွားပြင်းထန်သော ချောင်းခြောက်ဆိုးခြင်းလက္ခဏာများ ဖြစ်ပေါ်လာကြောင်းတွေ့ရပါသည်။
(၃) အဆုတ်ကင်ဆာရောဂါ
ချောင်းခြောက်ဆိုးခြင်းသည် အဆုတ်ကင်ဆာရောဂါ၏ လက္ခဏာတစ်ခု ဖြစ်ပါသည်။ အဆုတ်ကင်ဆာတွင် တွေ့ရသော ချောင်းဆိုးခြင်းသည် မည်သည့်နည်းနှင့်မျှကုသ ပျောက်ကင်းခြင်းမရှိကြောင်း တွေ့ရပါသည်။
အောက်ပါ အခြားလက္ခဏာများဖြစ်သော
- ချောင်းဆိုးသွေးပါခြင်း
- မောပန်းနေခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူရွှီရွှီမြည်ခြင်း
- အသံအောလာခြင်း
- ခန္ဓာကိုယ် အလေးချိန်ကျဆင်းလာခြင်း တို့ကိုလည်း အဆုတ်ကင်ဆာရောဂါတွင် တွေ့ရှိရပါသည်။
Author : Dr. မိုး (ဆေး ၁)