နာတာရှည်ချောင်းဆိုးရောဂါတွင် ဖြစ်ပွားသော အချိန်ကာလကြာရှည်စွာချောင်းဆိုးနေခြင်းသည် ကျန်းမာရေးဆိုင်ရာ အခြေခံ ပြဿနာတစ်ခုခုရှိကြောင်း ဖော်ပြနေသည့်လက္ခဏာတစ်ရပ်ပင် ဖြစ်ပါသည်။
နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်ပွားစေသော ကျန်းမာရေး ပြဿနာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ကာလရှည်ကြာစွာ ဆေးလိပ်သောက်သုံးခြင်း
ဆေးလိပ်ကို အချိန်ကာလကြာရှည်စွာ သောက်သုံးခြင်းသည် နာတာရှည်ချောင်းဆိုးခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုပင်ဖြစ်ပါသည်။
ပန်းနာရင်ကျပ်ရောဂါ
ပန်းနာရင်ကျပ်ရောဂါသည် အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူသည့်အခါ အသံမြည်ခြင်း စသည့် လက္ခဏာများ ဖြစ်ပွားလေ့ရှိသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခု ဖြစ်ပါသည်။
တစ်ခါတစ်ရံ နာတာရှည်ချောင်းဆိုးခြင်းသည် ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားနေကြောင်းကို သတိပြုမိစေသည့် တစ်ခုတည်းသော ရောဂါလက္ခဏာဖြစ်နေတတ်ပါသည်။
အေးမြသည့်လေနှင့်ထိတွေ့ခြင်း၊ လေထုညစ်ညမ်းမှုများနှင့်ထိတွေ့ခြင်း၊ ပန်းဝတ်မှုန်၊ မီးခိုး၊ ရေမွှေး စသည်တို့နှင့် ထိတွေ့ခြင်းများကြောင့် ပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏာများသည် ပိုမိုဆိုးရွားလာတတ်ပါသည်။
အစာအိမ်ချဉ်ရည်ဆန်တက်ခြင်း
အစာအိမ်အတွင်းမှ အက်စစ်နှင့် အခြားအရာများ အစာရေမျိုပြွန်အတွင်းသို့ ဆန်တက်သောအခါ လေလမ်းကြောင်း ကျုံ့ဆန့်ခြင်းကိုဖြစ်စေ၍ မောခြင်းနှင့် ချောင်းဆိုးခြင်းများကို ဖြစ်ပေါ်စေတတ်ပါသည်။
ပြင်းထန်သည့် အစာအိမ်ချဉ်ရည်ဆန်တက်ခြင်းကြောင့် အဆုတ်အတွင်းသို့ အရာဝတ္ထုများ ဝင်ရောက်ကာ ချောင်းဆိုးခြင်းအပါအဝင် အဆုတ်တစ်ရှူးများ ပျက်စီးခြင်းကိုပါ ဖြစ်စေနိုင်ပါသည်။
အချို့သော အစာအိမ်ချဉ်ရည်ဆန်တက်ခြင်းပြဿနာများတွင် ရင်ပူခြင်းကိုလုံးဝမခံစားရဘဲ နာတာရှည်ချောင်းဆိုးခြင်းပြဿနာများသာ ဖြစ်ပေါ်တတ်ပါသည်။
ကူးစက်ရောဂါများ
ဗိုင်းရပ်စ်၊ ဗက်တီးရီးယားနှင့် မှိုရောဂါများကြောင့် ဖြစ်ပွားတတ်သော လေပြွန်ရောင်ရမ်းခြင်းနှင့် နမိုးနီးယားရောဂါတို့သည်လည်း ချောင်းဆိုးခြင်းများကို ဖြစ်ပွားစေတတ်ပါသည်။ အအေးပတ်ခြင်းနှင့် တုပ်ကွေးရောဂါများတွင် ချောင်းခြောက်ဆိုးလေ့ရှိပါသည်။
ပန်းနာရင်ကျပ်ရှိသောသူများတွင် လေလမ်းကြောင်းအပေါ်ပိုင်း ဗိုင်းရပ်စ်ရောဂါပိုးများ ကူးစက်ခံရသောအခါ ချောင်းဆိုးတတ်ပြီး ထိုကူးစက်ရောဂါများ ရောဂါပျောက်ကင်းသွားပြီးသည့်နောက် အတော်ကြာသည်အထိ ချောင်းဆိုးခြင်းများ ဆက်လက်ဖြစ်ပွားတတ်ပါသည်။
လတ်တလောလေပြွန်ရောင်ခြင်းနှင့် နာတာရှည်လေပြွန်ရောင်ခြင်းတို့သည်လည်း သွေးပါသည့် ချောင်းဆိုးခြင်း၏ အကြောင်းရင်းများ ဖြစ်ကြပါသည်။
ကြက်ညှာချောင်းဆိုးရောဂါ
ကြက်ညှာချောင်းဆိုးရောဂါသည် Bordetella pertussis ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားသော ကူးစက်မှုမြင့်မားသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါသည်။
ထိုရောဂါတွင် ပြင်းထန်သည့် ချောင်းဆိုးခြင်းများဖြစ်ပွားတတ်ပြီး ကလေးငယ်များတွင် အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်ပွားနိုင်ခြေရှိပါသည်။ သို့သော် ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
လူကြီးများတွင် ကြက်ညှာချောင်းဆိုး ရောဂါသည် နာတာရှည်ချောင်းဆိုးခြင်း၏ အကြောင်းရင်းများထဲက တစ်ခုဖြစ်ပါသည်။
အချို့သောဆေးဝါးများ
သွေးပေါင်ချိန်မြင့်တက်ခြင်းကို ကုသသည့် အချို့သောသွေးကျဆေးများသည် နာတာရှည်ချောင်းဆိုးခြင်းကိုဖြစ်ပေါ်စေနိုင်ပါသည်။
နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်သည့် အဖြစ်နည်းသောအကြောင်းရင်းများ
– ဓာတ်မတည့်ခြင်း
– လည်ပင်းနောက်ဘက်တွင် အကျိတ်အဖုရှိခြင်း
– နှလုံးရောဂါဖြစ်ခြင်း
– နာတာရှည် လေပြွန်ပိတ်ဆို့ အဆုတ်ရောဂါဖြစ်ခြင်း
– အဆုတ်လေခိုရောဂါ (Emphysema) ဖြစ်ခြင်း စသည်တို့ဖြစ်ပါသည်။
Author : Dr. CK