ပြင်းထန်သောအရေပြားပိုးဝင်ခြင်းသည် အရေပြားကို ကာကွယ်ပေးသည့်အလွှာများကို ဖြတ်သန်းဖောက်ဝင်၍ အရေပြားအတွင်းသို့ ပြင်းထန်သည့် ဘက်တီးရီးယားကူးစက်ရောဂါပိုးများ ဝင်ရောက်ခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
အရေပြား၏အောက်သို့ရောက်ရှိသောအခါ ထိုဘက်တီးရီးယားများသည် ပွားများ၍ အရေပြားကိုရောင်ရမ်းစေသည့် ဓါတုပစ္စည်းများကို ထုတ်လွှတ်ပါတော့သည်။
ထိခိုက်ရှနာဒဏ်ရာရသော နေရာမှတစ်ဆင့် အများအားဖြင့် ရောဂါပိုးများ ဝင်ရောက်လေ့ရှိသော်လည်း ဒဏ်ရာအနာတရ ရသောနေရာမှမဟုတ်ဘဲ အရေပြားကိုဖြတ်သန်း၍လည်း ဘက်တီးရီးယားပိုးများ ဝင်ရောက်နိုင်ပါသည်။
ထိုသို့ ကောင်းမွန်နေသော အရေပြားကို ဖြတ်သန်း၍ ဘက်တီးရီးယားရောဂါပိုးများ ဝင်ရောက်ခြင်းသည် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ဖြစ်နိုင်သော်လည်း ခြေထောက်တွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။ အထူးသဖြင့်အရေပြားပေါ်တွင် ဖောင်းကား၊ ရောင်းရမ်းနေသည့်နေရာများ၊ သွေးစီးဆင်းမှု နည်းပါးနေသည့်နေရာများ၊ မှို စသည့်ရောဂါများကြောင့် အင်ပြင်ကွက်များ ဖြစ်ပေါ်၍ အရေပြားပေါက်ပြဲလွယ်သည့် နေရာများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။
အကယ်၍ ထိုသို့အရေပြားပိုးဝင် အနာဖြစ်ခြင်းသည် မျက်လုံးတစ်ဝိုက်တွင်ဖြစ်ပွားခဲ့၍ ကောင်းမွန်စွာမကုသခဲ့ပါက ဦးနှောက်အတွင်းသို့ ရောဂါပိုးများ ပျံ့နှံ့ရောက်ရှိနိုင်ပါသည်။
ရောဂါလက္ခဏာများ
အရေပြားအတွင်းသို့ ရောဂါပိုးများဝင်ရောက်သောအခါ အရေပြားသည် နီနေခြင်း၊ နွေးနေခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
ကိုယ်အပူချိန်တက်ခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းများလည်း လိုက်ပါဖြစ်ပွားလေ့ရှိပါသည်။
အကယ်၍ရောဂါပိုးများ သွေးစီးကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့ပါက သွေးပေါင်ချိန်ကျဆင်းခြင်းများ ဖြစ်ပွားနိုင်သကဲ့သို့ အသက်အလွန်ငယ်သည့် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားစနစ်ကျဆင်းနေသည့်သူများနှင့် နှလုံးအဆို့ရှင် ပုံမှန်မဟုတ်သည့် လူများတွင် သွေးဆိပ်တက်ခြင်း ပြဿနာများကိုပါ ဖြစ်စေနိုင်ပါသည်။
ကာကွယ်ခြင်း
အရေပြားပိုဝင်ခြင်း မဖြစ်စေရန် အကောင်းဆုံး ကာကွယ်နိုင်သည့် နည်းလမ်းမှာ အရေပြားတွင် ထိခိုက်ဒဏ်ရာများ မရအောင် ဂရုပြုကာကွယ်ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် နေအိမ် အပြင်ဘက်သို့ထွက်ပြီး အလုပ်လုပ်သည့်အခါ၊ လမ်းလျှောက်ထွက်သည့်အခါ၊ ဥယျာဉ်စိုက်ပျိုးခြင်းများ ပြုလုပ်သည့်အခါ၊ စကိတ်စီးခြင်း၊ စက်ဘီးစီးခြင်း စသည့် အားကစားများ ပြုလုပ်သည့်အခါများ၌ အကာအကွယ် လက်အိတ်များ၊ ဘောင်းဘီရှည်များ၊ ခြေစွပ်ရှည်များ၊ ဒူးကာ၊ တံတောင်ဆစ်ကာများကို ဝတ်ဆင်ခြင်းအားဖြင့် ဒဏ်ရာအနာတရရှိခြင်းမဖြစ်စေရန် ကာကွယ်ရပါမည်။
ထို့အပြင် ဖိနပ်မစီးဘဲ ပြင်ပသို့သွားရောက်ခြင်းများကိုလည်း ရှောင်ကြဉ်သင့်ပါသည်။
ကုသခြင်း
အရေပြားပိုးဝင်ခြင်း မဖြစ်စေရန် အရေပြားပိုးဝင်ရောက်ရာ အများဆုံး လမ်းကြောင်းဖြစ်သည့် ဒဏ်ရာအနာတရများကို စနစ်တကျ ဂရုစိုက်ကုသရမည် ဖြစ်ပါသည်။
ထို့ကြောင့် မတော်တဆ ဒဏ်ရာအနာတရများရရှိလာသည့်အခါ ဒဏ်ရာအနာတရများအတွင်းမှ အညစ်အကြေးများကို သေချာစွာ သန့်စင်ဖယ်ရှားရပါမည်။
ထို့နောက် အနာပိုးသတ်ဆေးရည်များဖြင့် အသုံးပြု၍ ဒဏ်ရာအတွင်းသို့ ဝင်ရောက်နိုင်သည့် ရောဂါပိုးများကို ပိုးသတ်ခြင်းပြုလုပ်ရပါမည်။
ထို့နောက် ရောဂါပိုးများ ထပ်မံမဝင်ရောက်စေရန် ဒဏ်ရာကို သန့်စင်သည့် ပတ်တီး သို့မဟုတ် အဝတ်စ သို့မဟုတ် ပိတ်စ ဖြင့် ဖုံးအုပ်ထားရပါမည်။
အကယ်၍ ဒဏ်ရာသည် ထိုးသွင်းဒဏ်ရာဖြစ်ခြင်း သို့မဟုတ် ခွေး၊ ကြောင်စသည့် တိရစ္ဆာန်အကိုက်ခံရခြင်းကြောင့် ရရှိခဲ့သည့် ဒဏ်ရာဖြစ်ခြင်း သို့မဟုတ် မေးခိုင်ကာကွယ်ဆေး ထိုးနှံရန် လိုအပ်သည့် ဒဏ်ရာများဖြစ်ပါက ဆေးဘက်ဆိုင်ရာပညာရှင်များနှင့် ကုသတိုင်ပင်ရန် လိုအပ်ပါသည်။
Author : Dr. CK