သွေးထဲတွင် ကျန်းမာသော သွေးနီဥအရေအတွက် မလုံလောက်သောအခြေအနေကို သွေးအားနည်းရောဂါဟု ခေါ်သတ်မှတ်ပါသည်။
သွေးနီဥများ၏လုပ်ငန်းတာဝန်မှာ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးသို့ အောက်ဆီဂျင်ကို ပို့ဆောင်ပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် သွေးအားနည်းရောဂါ ခံစားနေရသူများတွင် အောက်ဆီဂျင် လုံလောက်စွာမရရှိသောကြောင့် မောပန်းလွယ်ခြင်းနှင့် အသက်ရှူမ၀ခြင်းတို့ကို ခံစားရခြင်း ဖြစ်ပါသည်။
သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါသည် သွေးအားနည်းရောဂါ အမျိုးအစားများတွင် အဖြစ်များသော အမျိုးအစားတစ်မျိုးဖြစ်ပါသည်။
ရောဂါလက္ခဏာများ
သံဓာတ်ချို့တဲ့ခြင်းကြောင့်တွေ့ရသော သွေးအားနည်းရောဂါ၏ ရောဂါလက္ခဏာများမှာ
– အလွန်အမင်း နုံးချိနေခြင်း
– အားနည်းခြင်း
– အသားအရေ ဖြူဖျော့နေခြင်း
– ရင်ဘတ်အောင့်ခြင်း
– နှလုံးခုန်နှုန်း မြန်ခြင်း
– အသက်ရှူ မ၀ခြင်း
– ခေါင်းကိုက်ခြင်း
– ခေါင်းမူးခြင်း
– ခြေဖျားလက်ဖျား အေးခြင်း
– လျှာနာခြင်းနှင့် လျှာရောင်ရမ်းခြင်း
– လက်သည်းများ ကျွတ်ဆတ်ဆတ်ဖြစ်ခြင်း
– အစာစားချင်စိတ် မရှိခြင်း
– ကလေးများဖွံ့ဖြိုးကြီးထွားမှု နှေးကွေးခြင်းစသည်တို့ဖြစ်ပါသည်။
သံဓါတ်ချို့တဲ့ခြင်း ဖြစ်ပွားရသော အကြောင်းရင်းများ။
သံဓါတ်ချို့တဲ့ခြင်းကို ဖြစ်စေသော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ခန္ဓာကိုယ်မှ သွေးဆုံးရှုံးခြင်း
သွေးနီဥတွင်ပါဝင်သော ဟေမိုဂလိုဘင်ဓာတ်များသည် သံဓာတ်များဖြင့် ဖွဲ့စည်းထားပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်မှ သွေးဆုံးရှုံးသော အခြေအနေများတွင် သံဓာတ်ချို့တဲ့ခြင်းဖြစ်လာပါသည်။
ရာသီသွေးဆင်းမှု ပမာဏများပြားသော အမျိုးသမီးများတွင် သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်သော သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေများကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် အစာအိမ်အနာရောဂါ၊ အူမကြီးကင်ဆာ၊ လိပ်ခေါင်းရောဂါ ၊ ကလေးများတွင် အဖြစ်များသော Scurvy ဟုခေါ်သောသွားဖုံးသွေးယိုသောရောဂါ စသောရောဂါများကြောင့်လည်း သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဖြစ်နိုင်ပါသည်။
အစားအစာများတွင် သံဓာတ်ပါဝင်မှု မလုံလောက်ခြင်း
သံဓာတ်ကြွယ်၀သောအစားအစာများကို စားသောက်ခြင်းမရှိသောသူများတွင်လည်း သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်တတ်ပါသည်။
အောက်ပါအစားအစာများတွင် သံဓာတ်ပြည့်၀စွာ ပါဝင်ကြောင်းတွေ့ရှိရပါသည်။
ယင်းတို့မှာ အသား၊ ကြက်ဥ ဘဲဥများ၊ အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များနှင့် အသည်းစသည်တို့ ဖြစ်ပါသည်။
သံဓာတ်ကို ကောင်းစွာမစုပ်ယူနိုင်ခြင်း
Celiac disease ဟုခေါ်သော အူလမ်းကြောင်းဆိုင်ရာရောဂါ ရှိသောသူများတွင် သံဓာတ်ကိုကောင်းစွာ စုပ်ယူနိုင်ခြင်းမရှိသောကြောင့် သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။
အူသိမ်၏အစိတ်အပိုင်းအချို့ကို ဖြတ်ထုတ်၍ ခွဲစိတ်မှုခံယူထားရသောသူများတွင်လည်း သံဓာတ်အပါအဝင် အခြားအာဟာရဓာတ်များကို ကောင်းစွာစုပ်ယူနိုင်ခြင်းမရှိတော့သောကြောင့် သံဓာတ်ချို့တဲ့နိုင်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များ
ကိုယ်ဝန်ဆောင်မိခင်များသည် ပုံမှန်အချိန်ထက်အာဟာရဓာတ်များကို ပိုမိုရရှိရန် လိုအပ်ပါသည်။ ထို့ပြင် ကြီးထွားနေသော သန္ဓေသားအတွက် ဟေမိုဂလိုဘင်ဓာတ်၏အရင်းအမြစ်ဖြစ်သော သံဓာတ်များကိုလည်း ပိုမိုလိုအပ်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ်တွင် သံဓာတ်ပါဝင်သော အားဆေး၊ ဖြည့်စွက်စာများကို သောက်သုံးရန်လိုအပ်ပါသည်။
သို့မှသာ သံဓာတ်ချို့တဲ့ခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။
သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်နိုင်ခြေများသောသူများ
အောက်ပါတို့သည် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေများသောသူများ ဖြစ်ပါသည်။
အမျိုးသမီးများ
အမျိုးသမီးများသည် သဘာ၀အားဖြင့် ဓမ္မတာရာသီသွေးပေါ်ခြင်းကြောင့် သွေးဆုံးရှုံးခြင်း ရှိသဖြင့် သံဓာတ်ချို့တဲ့နိုင်ခြေများပါသည်။
ကလေးများ
ကလေးများသည် ဖွံ့ဖြိုးကြီးထွားနေသောအရွယ်ဖြစ်သဖြင့် အာဟာရဓာတ်ကို လူကြီးများထက် ပို၍လိုအပ်ပါသည်။ အကယ်၍ ကလေးများအား အစားအစာများကို အာဟာရဓာတ်စုံလင်ပြည့်၀စွာ မကျွေးမိပါက ကလေးများတွင်လည်း သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါဖြစ်နိုင်ခြေ များပါသည်။
သက်သတ်လွတ်စားသောသူများ
သက်သတ်လွတ်စားသောသူများ သည်သံဓာတ်ကြွယ်၀သော ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးတို့ကို စားသုံးခြင်းဖြင့် သံဓာတ်ချို့တဲ့ခြင်းမှကာကွယ်ရန်လိုအပ်ပါသည်။
မကြာခဏသွေးလှူဒါန်းသောသူများ
သွေးလှူဒါန်းသောသူများသည် သွေးလှူပြီးသည့်အခါတိုင်းတွင် သံဓာတ်ဆုံးရှုံးလေ့ရှိသောကြောင့် မကြာခဏ သွေးလှူသောသူများတွင် သံဓာတ်ချို့တဲ့ခြင်း ဖြစ်နိုင်ခြေများပါသည်။ ထို့ကြောင့် သွေးလှူဒါန်းသောသူများအား သံဓာတ်အားဆေးများကို ပြန်လည်တိုက်ကျွေးပေးခြင်းဖြင့် သွေးအားနည်းရောဂါကို ကာကွယ်ရန်လိုအပ်ပါသည်။
ကာကွယ်ခြင်းနည်းလမ်းများ။
သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ မဖြစ်စေရန် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်ပါသည်။
(၁) သံဓာတ်ကြွယ်၀သော အစားအစာများကို စားခြင်း ဖြင့်ကာကွယ်ပါ။
– အမဲသား၊ ဝက်သား
– ပင်လယ်စာ
– ပဲအမျိုးမျိုး
– ကန်စွန်းရွက်၊ ဟင်းနုနွယ်စသော အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ
– သစ်သီးခြောက်များ
– ကြက်ဥ ဘဲဥများ
– အသည်း စသည့်အစားအစာများသည် သံဓာတ်ကြွယ်၀သော အစားအစာများဖြစ်ကြပါသည်။ ၎င်းတို့ကို စားသုံးပေးခြင်းအားဖြင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါကို ကာကွယ်နိုင်ပါသည်။
( ၂ ) သံဓာတ်စုပ်ယူခြင်းကို အားပေးသော ဗီတာမင် စီပါဝင်သည့် အစားအစာများကို စားပါ။
ဗီတာမင်စီ သည် သံဓာတ်စုပ်ယူခြင်းကို အားပေးသော အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။
ထို့ကြောင့် ဗီတာမင်စီ ပေါကြွယ်၀သော အစားအစာများကို သံဓာတ်ကြွယ်၀သော အစားအစာများနှင့် တွဲ၍စားသုံးသင့်ပါသည်။
ဗီတာမင်စီ ကြွယ်၀သော အစားအစာများမှာ
– သံပုရာသီး
– လိမ္မော်သီး
– စပျစ်သီး
– မာလကာသီး
– နာနတ်သီး
– ဖရဲသီး
– စတော်ဘယ်ရီသီး စသော သစ်သီးအမျိုးမျိုးနှင့်
– ဘရိုကိုလီ
– ခရမ်းချဉ်သီး
– အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များစသည်တို့ဖြစ်ကြပါသည်။
Author : Dr. မိုး (ဆေး ၁)