ဝမ်းပျက်ဝမ်းလျှောဖြစ်သောအခါ သက်သာပျောက်ကင်းအောင် လုပ်ဆောင်နိုင်သော အချက်များအနက် အစားအစာသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။
အောက်ပါအစားအစာများသည် ဝမ်းပျက်ဝမ်းလျှောဖြစ်သောအခါ စားသုံးရန်သင့်လျော်သော အစားအစာများ ဖြစ်ကြပါသည်။
( ၁ ) ငှက်ပျောသီး
ဝမ်းပျက်ဝမ်းလျှောဖြစ်သည့်အခါ ရေဓာတ်အပြင် ပိုတက်ဆီယမ်၊ ဆိုဒီယမ် နှင့် ကလိုရိုဒ်အစရှိသော သတ္တုဓာတ်များပါ ဆုံးရှုံးနိုင်ပါသည်။
ငှက်ပျောသီးတွင် အမျှင်ဓာတ်များအပြင် ဝမ်းလျှောရာတွင် ဆုံးရှုံးသော သတ္တုဓာတ်များ (အထူးသဖြင့် ပိုတက်ဆီယမ်ဓာတ် ) ကို ပြန်လည် ဖြည့်ဆည်းပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် ငှက်ပျောသီးကို စားခြင်းကြောင့် အစာခြေလမ်းကြောင်း အပေါ်တွင် မအီမသာဖြစ်စေခြင်း မရှိဘဲ ဝမ်းလျှောခြင်းဝေဒနာကိုလည်း သက်သာစေနိုင်ပါသည်။
( ၂ ) ဒိန်ချဉ်
Probiotics ဆိုသည်မှာ အူလမ်းကြောင်းတွင်ရှိသော အကျိုးပြုဘက်တီးရီးယားများ ဖြစ်ပါသည်။ ၎င်းတို့တွင် အူလမ်းကြောင်းရှိ အဆိပ်အတောက်များကို စွန့်ထုတ်၍ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းစွာအကျိုးပြုနိုင်သော အာနိသင်ရှိပါသည်။
ဒိန်ချဉ်တွင် Probiotics ဓာတ် ကြွယ်၀စွာ ပါဝင်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရချိန်တွင် ရောဂါသက်သာစေရန် ဒိန်ချဉ်ကို စားသုံးသင့်ပါသည်။
နို့မှရရှိသောဒိန်ချဉ်ကို စားသုံးရန် ဆန္ဒမရှိသော သက်သတ်လွတ်စားသောသူများသည် ဗာဒံသီးနှင့် အုန်းသီးကို အခြေခံ၍ ပြုလုပ်ထားသော ဒိန်ချဉ်ကို စားသုံးနိုင်ပါသည်။
( ၃ ) ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်သည် အူလမ်းကြောင်းကျန်းမာရေးကို အကျိုးပြုသော ဘက်တီးရီးယားများကို ပွားများစေသော ဂုဏ်သတ္တိရှိသော အစားအစာတစ်မျိုး ဖြစ်ပါသည်။၎င်းသည် အူလမ်းကြောင်း ရွေ့လျားလှုပ်ရှားမှုကို ပုံမှန်ဖြစ်စေခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို သက်သာစေနိုင်ကြောင်း တွေ့ရှိရပါသည်။
( ၄ ) အဆီမပါသော အသားနှင့်ငါးများ
ပရိုတင်း ( အသားဓာတ် )သည် ခန္ဓာကိုယ်၏လုပ်ငန်းများကို ကောင်းစွာလုပ်ဆောင်ရန်နှင့် ရောဂါပိုးများကို တိုက်ထုတ်ရန် အလွန်အရေးပါသော အာဟာရဓာတ်တစ်မျိုး ဖြစ်ပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ရခြင်း၏အကြောင်းရင်းများတွင် ရောဂါပိုးကူးစက်ခြင်းကြောင့်
ဖြစ်ရခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။
ထို့ကြောင့် အသားဓာတ်လုံလောက်စွာစားသုံးခြင်းဖြင့် ခုခံအားစနစ်မြင့်တက်ကာ ဝမ်းလျှောရောဂါကို အမြန်သက်သာစေနိုင်မည်ဖြစ်ပါသည်။
ဝမ်းလျှောစဉ် ပရိုတင်းဓာတ်ရရှိရန်အတွက် အဆီမပါသော အသား ( ဥပမာ ကြက်သားနှင့် ငါး ) တို့ကို စားသုံးရန်သင့်လျော်ပါသည်။
သက်သတ်လွတ်စားသောသူများအနေနှင့်မူ တို့ဖူးများကို စားသုံးခြင်းဖြင့် လိုအပ်သော အသားဓာတ်ကို ရရှိနိုင်မည်ဖြစ်ပါသည်။
( ၅ ) ချင်း နှင့် နနွင်း
ချင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် အစာခြေလမ်းကြောင်းပြဿနာအများစုကို သက်သာပျောက်ကင်းစေနိုင်သော အစားအစာတစ်မျိုးဖြစ်ပါသည်။ ၎င်းကို ရေနွေးကြမ်းတွင်ရော၍လည်း သောက်သုံးနိုင်ပါသည်။
ထို့အတူ နနွင်းတွင်လည်း ချင်းကဲ့သို့ပင် ဝမ်းပျက်ဝမ်းလျှောဝေဒနာကို သက်သာပျောက်ကင်းစေနိုင်သော အာနိသင်ရှိကြောင်းတွေ့ရှိရပါသည်။
( ၆ ) မှိုများ
သက်သတ်လွတ်စားသောသူများဝမ်းပျက်ဝမ်းလျှောလျှင် အမျှင်ဓာတ်နည်းပါးသော ဟင်းသီးဟင်းရွက်များကို စားသုံးသင့်ပါသည်။ ၎င်းဟင်းသီးဟင်းရွက်များ၏ ဥပမာတစ်ခုမှာ မှိုများဖြစ်ပါသည်။
သို့သော်မှိုနှင့် ဓာတ်မတည့်သောသူများရှိတတ်သောကြောင့် သတိထားစားသုံးရန်လိုအပ်ပါသည်။
( ၇ ) အစိမ်းရောင်ရှိသော ပဲများ
အစိမ်းရောင်ရှိသော ပဲများတွင် အဆီဓာတ်အနည်းငယ်သာပါဝင်ပြီး အသားဓာတ်များစွာပါဝင်သော ကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်တွင် စားသုံးရန်သင့်တော်သော အစားအစာတစ်မျိုးဖြစ်ပါသည်။
ထို့ပြင် ၎င်းတို့တွင် ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ် နှင့် ပိုတက်ဆီယမ် အစရှိသော အာဟာရဓာတ်များစွာလည်းပါဝင်ကြောင်းတွေ့ရပါသည်။
( ၈ ) မုန်လာဥနီ
မုန်လာဥနီတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် ဆုံးရှုံးသွားသော ပိုတက်ဆီယမ်ဓာတ်အပြင် အောက်ပါ အာဟာရဓာတ်များစွာလည်း ပါဝင်ပါသည်။
၎င်းတို့မှာ ကယ်ရိုတင်း၊ ဗီတာမင် အေ၊ ဗီတာမင် ကေ၊ ဗီတာမင် B3 ၊ ဗီတာမင် B6 နှင့် Pectin စသည်တို့ဖြစ်ပါသည်။
ထို့ကြောင့် အထက်ပါ အစားအစာများကို ဝမ်းပျက်ဝမ်းလျှောဖြစ်သောအခါ ပိုမိုစားသုံးပေးခြင်းအားဖြင့် အမြန်ဆုံးသက်သာ ပျောက်ကင်းအောင် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။