လူခန္ဓာကိုယ်ရဲ့ အူလမ်းကြောင်းအတွင်းတွင် ဘက်တီးရီးယားပိုး အများအပြားနေထိုင်ကြပါသည်။ ထိုဘက်တီးရီးယား အများစုသည် Lactobacillus၊ Bifidobacterium စသည့် အကျိုးပြုမိတ်ဆွေ ဘက်တီးရီးယားများ ဖြစ်ကြပါသည်။
ထိုအကျိုးပြု ဘက်တီးရီးယားများသည် အစာခြေဖျက်ခြင်း၊ အာဟာရဓါတ်များကို စုပ်ယူခြင်းစသည့် နေရာများတွင် များစွာ အကူအညီပေးနိုင်ပါသည်။ ထို့ကြောင့် ထို အကျိုးပြု ဘက်တီးရီးယားများ၏ အရေအတွက်ကို တိုးတက်များပြားအောင် လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။
ထို အကျိုးပြု ဘက်တီးရီးယားများ ပွားများခြင်းကို အားပေးကူညီသော အစားအစာများ၊ အာဟာရဓါတ်များ၊ အမျှင်ဓါတ်များကို Prebiotics ဟုခေါ်ဆိုပါသည်။
ထို Prebiotics များကို အစားအစာများနှင့် ဖြည့်စွက်အာဟာရများတွင် လုံလောက်ပြည့်စုံအောင် စားသုံးပေးခြင်းအားဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေရုံသာမက အခြားအကျိုးကျေးဇူးများစွာကိုပါ ရရှိစေနိုင်ပါသည်။
ထို Prebiotics များထဲမှတစ်ခုသည် LcFOS ဟုခေါ်ဆိုသည့် Long chain Fructo-oligosaccharides ပင် ဖြစ်ပါသည်။
LcFOS သည် အစာခြေဖျက်ခြင်းနှင့် အာဟာရဓါတ်များကို စုပ်ယူခြင်းတိုကို အားပေးကူညီခြင်းအားဖြင့် အူလမ်းကြောင်း၏ လုပ်ဆောင်ချက်များကို မှန်ကန်အောင် ထိန်ညှိပေးပါသည်။
ထို့အပြင် အူလမ်းကြောင်းအတွင်းတွင် ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများအား ပွားများစေခြင်းအားဖြင့် ခန္ဓာကိုယ်အား အန္တရာယ်ဖြစ်စေသော ဘက်တီးရီးယားများ၏ ပေါက်ဖွားမှုကို ထိန်းချုပ်ပေးပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်အား တစ်နည်းတစ်ဖုံဖြင့် ကာကွယ်ပေးကာ ခုခံအားကိုလည်း တိုးတက်စေပါသည်။
ထို့အပြင် အူလမ်းကြောင်း၏ နံရံများကိုလည်း ထူထဲလာစေခြင်းအားဖြင့် အန္တရာယ်ရှိသော ဘက်တီးရီးယားများအား အူလမ်းကြောင်းကို ဖြတ်၍ ခန္ဓာကိုယ်အတွင်းသို့ မဝင်ရောက်စေရန် တားဆီးကာကွယ်ပေးပါသည်။
ထို့အပြင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါများကိုလည်း မဖြစ်ခင်တွင် ကာကွယ်ပေးနိုင်သကဲ့သို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသောသူများကိုလည်း သက်သာစေနိုင်ပါသည်။
ထို့အပြင် ဝမ်းချုပ်တတ်သော သူများတွင်လည်း ဝမ်းမချုပ်စေရန် ကာကွယ်ပေးခြင်းအားဖြင့် အူလမ်းကြောင်း၏ လှုပ်ရှားမှုများကို မှန်ကန်စေပါသည်။
ထိုသို့ အူလမ်းကြောင်း၏ လှုပ်ရှားမှုများကို မှန်ကန်စေခြင်းသည် အစာစားချင်စိတ်ကိုလည်း တိုးတက်စေရန် ကူညီပေးနိုင်ပါသည်။
ထို့အပြင် လေထိုး၊ လေအောင့်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။
ဓါတ်မတည့်ခြင်းကြောင့် ဖြစ်ပွားသော ပန်းနာရင်ကြပ်ရောဂါနှင့် အရေပြားဓါတ်မတည့်ခြင်းရောဂါများကိုလည်း LcFOS က သက်သာစေနိုင်သော အစွမ်းသတ္တိရှိကြောင်းလည်း တွေ့ရှိရပါသည်။
LcFOS များသည် Essential Fatty Acid ကဲ့သို့သော အာဟာရဓာတ်များကို ထုတ်လုပ်ရာတွင် တစ်ဖက်တစ်လမ်းက ကူညီပေးခြင်း၊ ရောင်ရမ်းမှုများကို ကာကွယ်ပေးခြင်းများအပြင် အရိုးနှင့် သွားများ သန်မာစေရန်အတွက် အရေးကြီးသည့် ကယ်လ်ဆီယမ်ဓါတ် စုပ်ယူမှုပမာဏကို တိုးမြင့်စေခြင်းများကိုလည်း လုပ်ဆောင်ပေးပါသည်။
ထို့ကြောင့် လူခန္ဓာကိုယ်အတွက် အရေးကြီးလှသည့် ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်သည့် LcFOS များကို ပြည့်ဝအောင် စားသုံးပေးသင့်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။