ချောင်းဆိုးရောဂါလက္ခဏာကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါသည်။
ယင်းတို့မှာ ( ၁ ) ချွဲသလိပ်မထွက်ဘဲ ချောင်းဆိုးခြင်း( သို့မဟုတ် ) ချောင်းခြောက်ဆိုးခြင်း
( ၂ )ချွဲသလိပ်ထွက်၍ ချောင်းဆိုးခြင်း ဟူ၍ဖြစ်ပါသည်။
ချွဲသလိပ်ထွက်၍ ချောင်းဆိုးခြင်းသည် ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ ဆေးလိပ်မီးခိုးငွေ့ စသော အရာများကြောင့် ဓာတ်မတည့်ခြင်းဖြစ်ကာ ချောင်းဆိုးခြင်း ဖြစ်ခြင်းဖြစ်ပါသည်။
ထို့ပြင် အခြေခံအဆုတ်ရောဂါရှိသူများ ( သို့ ) အဆုတ်နှင့် အသက်ရှူလမ်းကြောင်းတွင် ရောဂါပိုးကူးစက်ခံရခြင်းတို့ကြောင့်လည်း ရောဂါခံစားရကြောင်း တွေ့ရှိရပါသည်။
အောက်ဖော်ပြပါ အကြောင်းရင်းများသည် ချွဲသလိပ်ထွက်၍ ချောင်းဆိုးခြင်း ရောဂါလက္ခဏာကို ဖြစ်စေသော အကြောင်းရင်းများ ဖြစ်ကြပါသည်။
အသက်ရှူလမ်းကြောင်း အထက်ပိုင်းတွင် ရောဂါပိုးကူးစက်ခံရခြင်း
ထိုရောဂါအခြေအနေသည် အများအားဖြင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော အအေးမိတုပ်ကွေးရောဂါဖြစ်သောအခါတွင် တွေ့ရှိရတတ်ပါသည်။
ရောဂါလက္ခဏာများမှာ
– ချွဲသလိပ်ထွက်၍ချောင်းဆိုးခြင်း
– လည်ပင်းနာခြင်း
– နှာရည်ယိုခြင်း
– နှာစေးခြင်း
– ကြွက်သားနှင့် အဆစ်အမြစ်များနာကျင်ခြင်း
– အားနည်းခြင်း
– မောပန်းနွမ်းနယ်နေခြင်း စသည်တို့ဖြစ်ကြပါသည်။
–အသက်ရှူလမ်းကြောင်းအောက်ပိုင်းတွင် ရောဂါပိုးကူးစက်ခံရခြင်း
၎င်းရောဂါအခြေအနေကို နှစ်မျိုးတွေ့ရှိရပါသည်။
-အဆုတ်လေပြွန်ရောင်ရောဂါ ( Bronchitis )
– နမိုးနီးယားရောဂါ (Pneumonia) တို့ဖြစ်ပါသည်။
အဆုတ်လေပြွန်ရောင်ရောဂါ ( Bronchitis ) သည် ဗိုင်းရပ်စ်ပိုးများကူးစက်ခံရခြင်း (သို့မဟုတ် ) ဓာတ်မတည့်သော အရာများကို ရှူရှိုက်မိခြင်းကြောင့် အဆုတ်လေပြွန်များရောင်ရမ်းရာမှ ဖြစ်ပွားလာသော ရောဂါတစ်မျိုးဖြစ်ပါသည်။
အဆုတ်လေပြွန်ရောင်ရောဂါ (Bronchitis) တွင်တွေ့ရသော ရောဂါလက္ခဏာများမှာ
– အဖြူရောင် (သို့) အဝါရောင်ချွဲသလိပ်ထွက်၍ ချောင်းဆိုးခြင်း
– အသက်ရှူသံ ရွှီရွှီမြည်ခြင်း
– လည်ပင်းနာခြင်း
– နှာရည်ယိုခြင်း
– ကိုယ်ပူခြင်း စသည့်လက္ခဏာများဖြစ်ပါသည်။
နမိုးနီးယားရောဂါ (Pneumonia) တွင် တွေ့ရသော ရောဂါလက္ခဏာများ
နမိုးနီးယားရောဂါသည် အဆုတ်တွင် ရောဂါပိုးမွှားများ ကူးစက်ခံရခြင်းကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ ကူးစက်တတ်သော ရောဂါပိုးများမှာ ဗိုင်းရပ်စ်ပိုး ၊ ဗက်တီးရီးယားပိုး ၊ မှိုရောဂါပိုးနှင့် ကပ်ပါးပိုးများ ဖြစ်ကြပါသည်။
အောက်ပါတို့သည် အဆုတ်နမိုးနီးယားရောဂါ၏ ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။
– သွေးအရောင် ချွဲသလိပ်ထွက်၍ ချောင်းဆိုးခြင်း (သို့ )ချောင်းခြောက်ဆိုးခြင်း
– ရင်ဘတ်အောင့်ခြင်း
– အသက်ရှူမ၀ခြင်း
– ခေါင်းကိုက်ခြင်း
– ကြွက်သားနှင့် အဆစ်အမျက်များ နာကျင်ကိုက်ခဲခြင်း
– ချမ်းတုန်ဖျားခြင်း
– ပင်ပန်းနွမ်းနယ်နေခြင်း စသည့် လက္ခဏာများကို တွေ့ရှိရပါသည်။
နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သောရောဂါများ ( COPD )
၎င်းရောဂါများသည် နာတာရှည်အဆုတ်ရောဂါများဖြစ်ပြီး အသက်ရှူခက်ခဲသော လက္ခဏာများကို ခံစားရကြောင်းတွေ့ရှိရပါသည်။
COPD ရောဂါတွင်တွေ့ရသော ရောဂါလက္ခဏာများမှာ
– ချွဲသလိပ်များစွာထွက်၍ ချောင်းဆိုးခြင်း
-လှုပ်ရှားမှုများများလုပ်ပြီးနောက် အသက်ရှူမ၀ခြင်း
– အသက်ရှူစဉ် ရွှီရွှီမြည်ခြင်း
– ရင်ဘတ်တွင် တင်းကျပ်ကြပ်ခံစားရခြင်း စသည်တို့ဖြစ်ပါသည်။
အောက်ပါ အစားအစာများသည် ချွဲသလိပ်ထွက်ခြင်းကို အားပေးသော အစားအစာများ ဖြစ်ကြပါသည်။ ထို့ကြောင့် ချွဲသလိပ်ထွက်၍ချောင်းဆိုးသော ဝေဒနာခံစားနေရသောသူများအနေဖြင့် ရှောင်ကြဉ်သင့်သော အစားအစာများဖြစ်ကြပါသည်။
– အေးသော အစားအစာများ (အချိုရည်အအေး၊ ရေခဲမုန့်၊ ရေခဲချောင်း စသော အစားအစာများ)
– နို့ထွက်ပစ္စည်းများ ( ဒိန်ချဉ်၊ နို့၊ ချိစ်၊ ထောပတ်စသော အစားအစာများ )
– ပြောင်းဖူးမှရရှိသော အစားအစာများ
– သကြားဓာတ်များသော အစားအစာများ (ကွတ်ကီး၊ ကိတ်မုန့် ၊ သကြားလုံး ၊ ချောကလက်စသော အစားအစာများ )
-ဆီကြော်အစားအစာများ
– နေကြာစေ့၊ နေကြာဆီ
– ယိုမျိုးစုံ
– ဂျယ်လီ
– အရက်
– ကဖင်းဓာတ်ပါသော အစားအစာများ စသည့်အစားအစာများဖြစ်ပါသည်။
Author: Dr. မွန်