အသည်းသည် ခန္ဓာကိုယ်တွင် အရေးကြီး ကလီစာတစ်ခုဖြစ်ပြီး ညာဘက်နံရိုးအောက်တွင်ရှိပါသည်။
ပျမ်းမျှအားဖြင့် ၁၅၀၀ ဂရမ်ခန့် လေးပါသည်။ အစာခြေခြင်း၊ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များဖယ်ရှားခြင်း စသည်တို့အပါအဝင် အသည်း၏လုပ်ငန်းဆောင်တာ များသည်လည်း များပြားလှပါသည်။
အသည်းထိခိုက်ပျက်စီးပြီဆိုလျှင် အချိန်ကြာလာတာနှင့်အမျှ အသက်အန္တရာယ်ရှိလာတတ်ပါသည်။ ဒါကြောင့် အသည်းမှာဖြစ်တဲ့ရောဂါတွေသည် စိတ်ဝင်စားစရာလည်းကောင်းသလို အရေးလည်းကြီးပါသည်။
အဖြစ်များ၊ လူသိများတဲ့အသည်းရောဂါတွေကတော့
– အသည်းရောင်ခြင်း
အသည်းရောင်အသားဝါပိုး၊ အရက်သောက်သုံးခြင်းစသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် အသည်းရောင်နိုင်ပါသည်။ အသည်းရောင်လျှင်အသည်းကြီးနေတတ်ပြီး ညာဘက်နံရိုးအောက် နာနေတတ်ပါသည်။
– အသည်းအဆီဖုံးရောဂါ
ကြာရှည်အရက်သောက်သုံးသူတွေမှာ အတွေ့ရများပါသည်။ အရက်သောက်သုံးသူမဟုတ်ပေမဲ့လည်း အဝလွန်သူတွေ ၊ဆီးချိုသမားတွေနဲ့ သွေးတွင်းအဆီဓါတ်များသူတွေမှာလည်း တွေ့ရနိုင်ပါသည်။
– အသည်းခြောက်ရောဂါ
အရက်၊ အသည်းရောင်အသားဝါ B ပိုး၊ C ပိုးတို့ကြောင့်ဖြစ်ရတာ များပါသည်။ မျိုးရိုးလိုက်သော အသည်းရောဂါများ၊ အသည်းတွင်းကောပါး (သို့) သံဓါတ်စုသော အသည်းရောဂါများ၊ ခုခံအားလွန်ကဲသောရောဂါများ၊ ဆေးဝါးတစ်ချို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။
– အသည်းရောင်အသားဝါ B ပိုး၊ C ပိုး
အသည်းရောင်အသားဝါပိုးများအနက် နာတာရှည်ဖြစ်စေပြီး ကင်ဆာအဆင့်ထိဒုက္ခပေးနိုင်ပါသည်။ B ပိုးကိုကာကွယ်ဆေးနဲ့ကာကွယ်နိုင်ပေမဲ့ C ပိုးကတော့ကာကွယ်ဆေးမရှိသေးပါ။ အသည်းရောင်အသားဝါ A ပိုးနှင့် E ပိုးကတော့ နာတာရှည်မဖြစ်စေနိုင်ပါ။ အသည်းရောင်အသားဝါ B ပိုး၊ C ပိုး တို့ကို တက်တူးထိုးခြင်း၊ မူးယစ်ဆေးသုံးခြင်း၊ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း တို့မှ ကူးစ်က်ခံရနိုင်ပါသည်။
– အသည်းကင်ဆာ
အသည်းခြောက်၊ အသည်းရောင်အသားဝါ B ပိုး၊ C ပိုးများအပြင် aflatoxin ခေါ် မှိုတစ်မျိုးကလည်း အသည်းကင်ဆာ ဖြစ်စေပါသည်။
ဖော်ပြပါရောဂါများအပြင် မျိုးရိုးလိုက်သောအသည်းရောဂါများ၊ အသည်းတွင်းကောပါး (သို့) သံဓါတ်စုသော အသည်းရောဂါများ၊ ခုခံအားလွန်ကဲသောကြောင့်ဖြစ်သော အသည်းရောဂါများ၊ ဆေးဝါးကြောင့်ဖြစ်ရသောအသည်းရောဂါများ စသည်ဖြင့်လည်းရှိပါသေးသည်။
အသည်းရောဂါများဖြစ်ပွားပြီဆိုလျှင်ယားယံခြင်း၊ မျက်လုံးများဝါခြင်း၊ အသားဝါခြင်း၊ ဆီးရောင်ရင့်ခြင်း၊ ဝမ်းရောင်ဖျော့ခြင်း၊ ဗိုက်နာခြင်း၊ ဖောရောင်ခြင်း၊ အန်ခြင်း၊ အရေပြားတွင်သွေးခြေဥလွယ်ခြင်း၊ မောပန်းလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း စသည့်လက္ခဏာများ ခံစားရနိုင်ပါသည်။
ထိုကြောင့်အသည်းနှင့်ပက်သက်သော စိုးရိမ်ဖွယ်လက္ခဏာ တစ်စုံတစ်ခုခံစားလာရလျှင် စောလျင်စွာကုသမှုရယူရန် အရေးကြီးကြောင်း အသိပေးတင်ပြလိုက်ရပါသည်။