ခန္ဓာကိုယ် အနှံ့မှာ အနီအကွင်းကွင်းတွေ ထွက်လာမယ်၊ ပိုကုတ်လေ ပိုယားလေ ဖြစ်လာတတ်တဲ့ ယားနာတွေကို လူအများစု ကြုံတွေ့ရဖူးမှာပါ။ အဲ့ဒီလို ယားနာကွက်တွေကို ‘ပွေး’ လို့ ခေါ်ဝေါ်ကြပါတယ်။ ပွေးဆိုတာဟာ အမှန်တော့ အရေပြားမှိုရောဂါ အမျိုးအစားပဲဖြစ်ပါတယ်။
မှိုမျိုးစိတ် အမျိုးအစားပေါင်းများစွာဟာ မိမိတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဖုန်မှုန့်များ၊ အပင်များ၊ လူ့အသုံးအဆောင်ပစ္စည်းများနဲ့ အရေပြားပေါ်တွင်ပါ ပေါက်ပွားနေထိုင်နိုင်ကြပါတယ်။ ပူနွေးစိုစွတ်တဲ့နေရာတွေကို ပိုမိုကြိုက်နှစ်သက်ကြတာကြောင့် လူ့ခန္ဓာကိုယ်ရဲ့ ချွေးထွက်ပြီး အမြဲပူ နွေးစိုစွတ်နေတတ်တဲ့ နေရာတွေဖြစ်တဲ့ ဦးခေါင်းခွံအရေပြား၊ ချိုင်းကြား၊ ပေါင်ကြားနဲ့ ခြေချောင်းလက်ချောင်းတွေမှာ အခန့်မသင့်ရင် ယားနာပြဿနာများ ခံစားရနိုင်ပါတယ်။
အရေပြားမှိုရောဂါများထဲမှ အဖြစ်အများဆုံး ရောဂါများမှာ-
- Athlete’s Foot (Tinea Pedis)
ရှုးဖိနပ် သို့ ခြေအိတ် ဝတ်လေ့ရှိသောသူများမှာ ဖြစ်တတ်တဲ့ မှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ အများသုံး ရေချိုးခန်းတွေ သုံးတတ်ရင်လည်း ဖြစ်တတ်ပါတယ်။ Trichophyton Rubrum လို့ခေါ်တဲ့ လူ့အရေပြား၊ ခြေသည်း နဲ့ အမွှေးအမျှင်တွေပေါ်မှာ နေထိုင်နိုင်တဲ့ မှိုအမျိုးအစားဟာ ပူအိုက်တဲ့အခါ ချွေးနဲ့ အမြဲ စိုစွတ်နေတာကြောင့် ပိုမိုပေါက်ပွားလာပြီး အရေပြားကို ပြဿနာပေးလာခြင်း ဖြစ်ပါတယ်။ ဘာတွေခံစားရမလဲဆိုရင် ခြေဖနောင့် နှင့် ခြေဖဝါးများ အက်ကွဲခြင်း၊ အလွန်ယားယံခြင်း၊ အနီပြင်ကြမ်းကြမ်းအကွက် များထွက်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။
- Jock itch (Tinea Cruris)
သူဟာလည်း အရေပြားမှိုရောဂါ အမျိုးအစားတစ်မျိုးပါပဲ။ ပေါင်ခြံနှင့် ပေါင်အတွင်းသားတစ်ဝိုက်မှာ ဖြစ်လေ့ရှိပြီး ပိုဆိုးလာတဲ့အခါ ဝမ်းဗိုက်နဲ့ တင်ပါးအထိပါ ပြန့်နှံ့တတ်ပါတယ်။ အမျိုးသားတွေမှာ ပိုမို အဖြစ်များလေ့ရှိပါတယ်။ အရေပြားမှာ အနီကွက် အကွင်းကွင်းတွေနဲ့ ခြောက်ကပ်ကြမ်းတမ်းပြီး အလွန်ယားယံတတ်ပါတယ်။ ယားနာကွက်ရဲ့ အပြင်ဘက်အကျဆုံး နေရာမှာ အနည်းငယ်မြင့်နေပြီး အရောင်ပိုရင့်နေတတ်ပါတယ်။
- Tinea Capitis (fungal infections of scalp)
ဦးခေါင်းခွံ အရေပြားမှာ ဖြစ်တတ်တဲ့ မှိုရောဂါကိုတော့ ဒက် လို့ မြန်မာလိုခေါ်ကြပါတယ်။ ကလေးတွေမှာ ပို အဖြစ်များပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ တွေ့ရမလဲဆိုရင် ဆံပင် ဟိုတစ်ကွက် သည်တစ်ကွက် ကျွတ်နေတတ်ပြီး အဲ့အကွက်တွေဟာ နီပြီး ယားနေတတ်ပါတယ်။
- Tinea versicolor (pityriasis versicolor)
ရင်ဘတ်၊ ကျောပြင်နဲ့ လက်မောင်းတစ်ဝိုက်မှာတွေ့ရတတ်တဲ့ စက်ဝိုင်းပုံစံ အရောင်ဖျော့ သို့ အညိုရောင် အကွက်ကွက်များဟာ Tinea versicolor လို့ ခေါ်တဲ့ မှိုရောဂါ ရဲ့ လက္ခဏာဖြစ်ပါတယ်။ အကွက်တွေဟာ ယားယံတတ်ပြီး တစ်ခါတရံ ခြောက်သွေ့ ကွဲအက်နေတတ်ပါတယ်။
- Onychomycosis (Tinea Ungium)
လက်သည်း၊ ခြေသည်းတွေမှာ ဖြစ်တဲ့မှိုရောဂါ ကို onychomycosis လို့ခေါ်ပါတယ်။ ရေနဲ့ ခဏခဏထိတွေနေရပြီး အမြဲ စိုစွတ်နေတဲ့အတွက် ဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ သည်လို ဖြစ်လာတဲ့အခါ လက်သည်းခွံများ ကြွပ်ဆပ်နေခြင်း၊ ကျိုးလွယ်ခြင်း၊ အရောင်ပြောင်းလာခြင်း ကနေ ပိုဆိုးလာရင် ပုံပျက်လာတဲ့အထိ ဖြစ်နိုင်ပါတယ်။
အရေပြား မှိုရောဂါတွေဟာ ပူနွေး စိုစွတ်တဲ့ ပတ်ဝန်းကျင်၊ ချွေးအမြဲထွက်နေခြင်း၊တစ်ကိုယ်ရည်သုံး အသုံးအဆောင် များကို မျှဝေသုံးစွဲတတ်ခြင်း၊ အရေပြားကို ခြောက်သွေ့အောင် မထားခြင်း၊ မှိုရောဂါ ရှိသူ သို့ တိရစ္ဆာန်နှင့် ထိတွေ့မိခြင်း၊ ခုခံအားကျစေတဲ့ ရောဂါများဖြစ်တဲ့ AIDS ၊ ကင်ဆာဝေဒနာရှင်၊ ဆီးချိုရောဂါရှိခြင်း စတဲ့ အခြေအနေတွေမှာ ဖြစ်နိုင်ပါတယ်။
ဘယ်လို ကုသရမလဲ??
အရေပြား မှိုရောဂါတွေအတွက် မှိုသတ်ဆေးအမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ သုံးစွဲနိုင်ပြီး ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ သောက်ဆေး၊ လိမ်းဆေး၊ မှိုသတ်ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ဆေးရွေးချယ်ရာမှာ မှန်ကန်ဖို့လည်း အရေးကြီးပါတယ်။ ဥပမာ- မှိုရောဂါအတွက် မှိုသတ်ဆေးပါတဲ့ ဆေးကို မရွေးပဲ စတီးရွိုက်ပါတဲ့ဆေးတွေ မှားလိမ်းနေမိမယ်ဆို မပျောက်သွားဘဲ ပိုဆိုးလာနိုင်ပါတယ်။
သောက်ဆေးရွေးရမလား၊ လိမ်းဆေး ပဲလိမ်းရင် ရမလား ဆိုတာဟာ ဖြစ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ဘယ်လောက်အခြေအနေဆိုးလဲ ပေါ်မူတည်ပါတယ်။ လိမ်းဆေး ဆိုရင် တစ်လခွဲလောက် လိမ်းရမှာဖြစ်ပြီး သောက်ဆေးတွေကတော့ ခြောက်လလောက်အထိ ကြာကြာသောက်ရတတ်ပါတယ်။
မဖြစ်မနေ ဆရာဝန်နဲ့ ဘယ်လို အချိန်တွေမှာ ပြရမလဲဆိုရင်-
- ဆေးလိမ်းနေသော်လည်း မသက်သာလာခြင်း
- အကွက်များ ပိုပိုဆိုးလာပြီး အမွှေးအမျှင်များပါ ကျွတ်လာသည်ကို သတိထားမိခြင်း
- ဆီးချိုကဲ့သို့ ရောဂါအခံရှိနေခြင်း
စသည်တို့ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ မဖြစ်မနေ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကာကွယ်နည်းများ
- ကိုယ်ခန္ဓာ ကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။
- တစ်ကိုယ်ရည် အသုံးအဆောင်များကို အခြားသူများနဲ့ မျှမသုံးပါနဲ့။
- ပူအိုက်တဲ့အချိန်မှာ အဝတ်အစားများကို ခပ်ပွပွဝတ်ခြင်း၊ လေဝင်လေထွက်ကောင်းစေတဲ့ အဝတ်အစားများ ရွေးဝတ်ခြင်း။
- အတွင်းခံများကို နေ့စဉ်လျှော်ဖွပ်ပြီး ဝတ်ခြင်း။
- လူအများနှင့် မျှသုံးရသော ရေချိုးခန်း၊ အဆောင်များတွင် ဖိနပ် အမြဲစီးခြင်း။
စတဲ့အချက်တွေနဲ့ ကာကွယ်လို့ရပါတယ်။