လူကြီးများတွင် သီတင်းပတ် ၈ ပတ်ထက် ပိုမို၍ ချောင်းဆိုးခဲ့လျှင် သို့မဟုတ် ကလေးများတွင် သီတင်းပတ် ၄ ပတ်ထက် ပိုမို၍ အချိန်ကြာရှည်စွာ ချောင်းဆိုးခဲ့လျှင် နာတာရှည်ချောင်းဆိုးခြင်းဟု သတ်မှတ်ပါသည်။ နာတာရှည်ချောင်းဆိုးခြင်းသည် အိပ်မရအောင်ဖြစ်စေခြင်း၊ ချောင်းဆိုးပြီးနောက် မောပန်းနွမ်းနယ်ခြင်း၊ ပြင်းထန်သည့် ချောင်းဆိုးခြင်းများတွင် အော့အန်ခြင်း၊ ခေါင်းထိုးခြင်းနှင့် အလွန်ပြင်းထန်သည့် အခြေအနေတွင် နံရိုးကျိုးခြင်းများကိုပါ ဖြစ်ပွားစေနိုင်ပါသည်။
ရောဂါလက္ခဏာများ
နာတာရှည်ချောင်းဆိုးခြင်းနှင့်အတူ အောက်ပါရောဂါလက္ခဏာများကိုပါ တွေ့ရှိရနိုင်ပါသည်။
– နှာရည်ယိုခြင်း
– နှာခေါင်းအတွင်းမှ အရည်များ လည်ပင်းအတွင်းသို့ တစ်စက်စက်ကျနေသကဲ့သို့ ခံစားရခြင်း၊
– မကြာခဏ ချောင်းဟပ်ခြင်း၊
– ချောင်းဆိုး၍ လည်ချောင်းရှင်းလင်းရခြင်း၊
– လည်ချောင်းနာခြင်း၊
– အသံပြောင်းလဲလာခြင်း၊
– အသက်ရှူသည့်အခါ အသံမြည်ခြင်း၊
– မောပန်းခြင်း၊
– ရင်ပူခြင်း၊
– ပါးစပ်တွင် ချဉ်သကဲ့သို့ခံစားရခြင်း စသည်တို့ ဖြစ်ကြပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ချောင်းဆိုးခြင်းသည် အဆုတ်အတွင်းမှ အနှောင့်အယှက်ဖြစ်စေသည့်၊ အန္တရာယ်ဖြစ်စေသည့် အရာများနှင့် အကျိအချွဲများကို ဖယ်ရှားရန် ဖြစ်ပေါ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တစ်ခါတစ်ရံ ချောင်းဆိုးခြင်းသည် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပါသည်။
သို့သော် သီတင်းပတ်များစွာကြာအောင် ချောင်းဆိုးခြင်းသည် ဆေးပညာဆိုင်ရာ ပြဿနာတစ်ခုဖြစ်လာပါသည်။ ထို့ပြင် ထိုသို့ ကာလရှည်စွာ ချောင်းဆိုးခြင်းသည် ဖြစ်ပွားရသည့် အကြောင်းရင်း တစ်ခုထက်ပိုမို၍ ပါဝင်နေလေ့ရှိပါသည်။
နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
နှာခေါင်း၏ နောက်ဘက်ခြမ်းမှ စစ်ထုတ်ရည်များ လည်ချောင်းအတွင်းသို့ တစ်စက်စက်ကျခြင်း ( Postnasal Drip)
ဦးခေါင်းခွံအတွင်းရှိ Sinuses ဟုခေါ်သည့် လှိုဏ်ခေါင်းများ အတွင်းတွင် အကျိအချွဲများအလွန်အကျွံထုတ်လုပ်သည့်အခါ လည်ချောင်း၏ အနောက်ဘက်အခြမ်းသို့ ထိုအရည်များ တစ်စက်စက်ကျသည့် ပြဿနာဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ဖြစ်ပေါ်မှုကို တုံ့ပြန်သည့်အနေနှင့် ချောင်းဆိုးခြင်းများ ဖြစ်လာတတ်ပါသည်။ ထိုအခြေအနေကို Upper Airway Cough Syndrome (UACS) ဟု ခေါ်ဆိုပါသည်။
ပန်းနာရင်ကျပ်ရောဂါ
ပန်းနာရင်ကျပ်နှင့် ပတ်သက်သောချောင်းဆိုးခြင်းသည် ရာသီဥတုအခြေအနေပေါ်မူတည်၍ ဖြစ်ပေါ်လာခြင်း၊ ပြန်လည်ပျောက်ကင်းသွားခြင်းများ ဖြစ်ပွားတတ်သကဲ့သို့ လေပြွန်အထက်ပိုင်း ကူးစက်ရောဂါများ ဖြစ်ပွားပြီးချိန်တွင်လည်း ပေါ်ပေါက်လာတတ်ပါသည်။
ထို့ပြင် အေးမြသောလေ သို့မဟုတ် အချို့သော ဓာတုဗေဓပစ္စည်းများ၊ မွှေးရနံ့များနှင့် ထိတွေ့သည့်အချိန်တွင် ပိုမိုဆိုးရွားလာတတ်ပါသည်။
Cough variant asthma ဟုခေါ်သော ပန်းနာရင်ကျပ်အမျိုးအစားတွင် ချောင်းဆိုးခြင်းသည် အဓိက ရောဂါတစ်ခု ဖြစ်နေတတ်ပါသည်။
အစာအိမ်အတွင်းမှ အစာခြေချဉ်ရည်များ အစာရေမျိုပြွန်အတွင်းသို့ ဆန်တက်ခြင်းရောဂါ (GERD)
အစာအိမ်အတွင်းမှ အစာခြေသည့် အက်ဆစ်ချဉ်ရည်များ အစာရေမျိုပြွန်အတွင်းသို့ ဆန်တက်ခြင်းဖြစ်ပွားသည့် ရောဂါများတွင်လည်း ကာလရှည်ကြာစွာ ချောင်းဆိုးခြင်း ဖြစ်ပွားတတ်ပါသည်။ တဖန် ထိုသို့ ချောင်းဆိုးခြင်းသည် အစာခြေချဉ်ရည်များ ဆန်တက်ခြင်းကို ပိုမိုဆိုးဝါးစေပြန်သဖြင့် အစာခြေချဉ်ရည် ဆန်တက်ခြင်းနှင့် ချောင်းဆိုးခြင်းများသည် အဆက်မပြတ်တော့ဘဲ မကောင်းသည့် သံသရာ လည်နေတတ်ပါသည်။
ကူးစက်ရောဂါများ
နမိုးနီးယား၊ ရာသီတုပ်ကွေး၊ အအေးမိခြင်းနှင့် အခြားလေပြွန်အထက်ပိုင်း ကူးစက်ရောဂါများ ဖြစ်ပေါ်ခံစားရပြီး ပျောက်ကင်းသွားသည့် တိုင်အောင် ချောင်းဆိုးခြင်းသည် ကြာလရှည်ကြာစွာ ဆက်လက်ကျန်ရှိနေနိုင်ပါသည်။
လူကြီးများတွင် နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်ပွားစေသော သတိပြုမိရန် အားနည်းသည့် အခြေအနေတစ်ရပ်မှာ ကြက်ညှာချောင်းဆိုးရောဂါပင် ဖြစ်ပါသည်။
သွေးပေါင်ချိန်ကျဆင်းစေသော ဆေးဝါးများ
သွေးပေါင်ချိန်မြင့်တက်ခြင်းနှင့် နှလုံးရောဂါများတွင် ပေးလေ့ရှိသော ACE Inhibitors ကဲ့သို့သော သွေးပေါင်ချိန် ကျဆင်းသည့် ဆေးဝါးများသည် နာတာရှည် ချောင်းဆိုးခြင်းကို အချို့လူများတွင် ဖြစ်ပွားစေနိုင်ပါသည်။
နာတာရှည် လေပြွန်ရောင်ခြင်း
လေပြွန် ကာလရှည်ကြာစွာရောင်ခြင်းသည် ချောင်းဆိုးခြင်းနှင့် အရောင်ပါသော ချွဲသလိပ်များ ထွက်ခြင်းကို ဖြစ်စေတတ်ပါသည်။
ထိုသို့ နာတာရှည် လေပြွန်ရောင်ရမ်းသူအများစုသည် ဆေးလိပ်လက်ရှိသောက်နေသူ သို့မဟုတ် ယခင်ကာလက ကာလရှည်ကြာစွာ ဆေးလိပ်သောက်ခဲ့သူများ ဖြစ်နေတတ်ပါသည်။
ကာလရှည်ကြာစွာချောင်းဆိုးခြင်းကို ဖြစ်စေသည့် အတွေ့ရနည်းသော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
– အဆုတ်အတွင်းသို့ အရာဝတ္တုများ ဝင်ရောက်ခြင်း (လူကြီးများတွင် အစာဝင်ရောက်ခြင်း၊ ကလေးများတွင် ပြင်ပမှ အရာဝတ္တုများ ဝင်ရောက်ခြင်း၊)
– လေလမ်းကြောင်းပျက်စီးခြင်း
– လေပြွန်လတ်များ ရောင်ရမ်းခြင်း
– Cystic Fibrosis
– အစာအိမ်အတွင်းမှ အစာခြေ ချဉ်ရည်အက်ဆစ်များ လည်ချောင်းအတွင်းသို့ ဆန်တက်ခြင်း
– အစာအိမ်ကင်ဆာဖြစ်ခြင်း
– ရောင်ရမ်းစေသည့် ဆဲလ်များ ခန္ဓာကိုယ်၏ အစိတ်အပိုင်းအသီးသီး အထူးသဖြင့် အဆုတ်အတွင်းတွင် စုဝေးခြင်း အခြေအနေ (Sarcoidosis) စသည်တို့ကြောင့် ဖြစ်တတ်ပါသည်။
နာတာရှည် ချောင်းဆိုးခြင်း၏ နောက်ဆက်တွဲ ပြဿနာများ
ကာလရှည်ကြာစွာချောင်းဆိုးခြင်းသည် ပင်ပန်းခြင်းကို ဖြစ်ပေါ်စေတတ်သလို အိပ်ပျက်ခြင်းနှင့် အောက်ပါ အခြားပြဿနာများကိုလည်း နောက်ဆက်တွဲ အနေနှင့် ဖြစ်ပေါ်စေနိုင်ပါသည်။
– ခေါင်းကိုက်ခြင်း၊
– ခေါင်းမူးခြင်း၊
– အလွန်အမင်းချွေးထွက်ခြင်း၊
– ဆီးမထိန်းနိုင်ခြင်း၊
– နံရိုးများကျိုးခြင်း၊
– မိုက်ခနဲဖြစ်ကာ သတိခဏတာလစ်ခြင်း ဖြစ်တတ်ပါသည်။
ဘယ်အခါမှာ ဆရာဝန်နှင့် ပြသရမလဲ
တချို့သော အခြေအနေများတွင်
– ချောင်းဆိုးသည့်အခါ သွေးပါခြင်း
– ချွဲသလိပ်များတွင် သွေးစသွေးနများပါခြင်း
– အိပ်စက်၍ မရနိုင်လောက်အောင် ပြင်းထန်စွာ ချောင်းဆိုးခြင်းနှင့်
– ကျောင်းသို့မဟုတ် အလုပ်အနှောင့်အယှက်ဖြစ်လောက်အောင် ချောင်းဆိုးခြင်းများကို ကြုံတွေ့ခံစားရသည့်အခါ ဆရာဝန်နှင့် ပြသရန်လိုအပ်ပါသည်။
Author : Dr. မွန်