အရိုးအဆစ်ရောင်ရောဂါ (Osteoarthritis) ဆိုသည်မှာ အဆစ်များတွင်ရှိသော အရိုးနုများ ပျက်ဆီးခြင်းကြောင့်ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။
၎င်းရောဂါဝေဒနာခံစားရသောသူများသည် နေ့စဉ်ပုံမှန်လုပ်ဆောင်သော လုပ်ငန်းများကိုပင် လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်း မရှိသည်အထိ အရိုးအဆစ်များ နာကျင်ခြင်းဝေဒနာကို ခံစားရကြောင်း တွေ့ရှိရပါသည်။
ဒူးခေါင်းအဆစ်များနှင့် ပေါင်အရိုးအဆစ်များသည် အရိုးအဆစ်ရောင်ရောဂါ အဖြစ်အများဆုံးနေရာများ ဖြစ်ကြပါသည်။
အသက်အရွယ် ( ၆၀ ) နှစ် အထက်တွင် ပို၍ဖြစ်ပွားနိုင်ခြေများသော်လည်း ငယ်ရွယ်သောသူများတွင်လည်း ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။ အထူးသဖြင့် အရိုးအဆစ် ထိခိုက်ဒဏ်ရာရရှိဖူးသောသူများ သို့မဟုတ် အရိုးအဆစ်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူထားသော သူများတွင် ပို၍ဖြစ်နိုင်ခြေများကြောင်း တွေ့ရပေသည်။
အရိုးအဆစ်ရောင်ရောဂါ၏ ရောဂါလက္ခဏာများ
အောက်ပါတို့သည် အရိုးအဆစ်ရောင်ရောဂါတွင် တွေ့ရသော ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။
– နာကျင်ခြင်း။
ရောဂါဖြစ်ပေါ်ခံစားရသော အရိုးအဆစ်များတွင် နာကျင်ခြင်းဝေဒနာ ခံစားရခြင်းသည် ၎င်းရောဂါ၏ အဖြစ်များသော လက္ခဏာတစ်ခုဖြစ်ပါသည်။ မည်သည့် အဆစ်အမြစ်တွင်မဆို ရောဂါဖြစ်ပွားနိုင်ပြီး အထူးသဖြင့် ပေါင်ရိုးအဆစ်များ၊ ဒူးဆစ်များ နှင့် လက်ဝါးအဆစ်များတွင် ပို၍ ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။
– အဆစ်များတောင့်တင်းနေခြင်း။
လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာနေထိုင်ပြီးနောက် ချက်ချင်းတွင် အဆစ်အမြစ်များ နာကျင် တောင့်တင်းခြင်းဝေဒနာကို ခံစားလာရခြင်းသည် အရိုးအဆစ်ရောင်ရောဂါ၏ လက္ခဏာတစ်ရပ်ပင် ဖြစ်ပါသည်။
– လက်ချောင်းများတွင် အရိုးဖုလုံးလေးများဖြစ်ခြင်း။
လက်ချောင်းများတွင်ရှိသော အဆစ်ငယ်များတွင် အရိုးဖုလုံးလေးများ ဖြစ်လာခြင်းသည်လည်း ၎င်းရောဂါ၏ လက္ခဏာတစ်ရပ်တွင် ပါဝင်ပါသည်။
လက်ချောင်းများရှိ အလယ်အဆစ်များတွင် ဖြစ်သော အရိုးဖုလုံးများကို Bouchard’s Nodes ဟုခေါ်ပြီး လက်သည်းနှင့် ကပ်နေသော အဆစ်များတွင် ဖြစ်သော အရိုးဖုလုံးများကို Heberden’s Nodes ဟုခေါ်ပါသည်။
အရိုးအဆစ်ရောင်ရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းများ
အရိုးအဆစ်ရောင်ရောဂါသည် အသက်အရွယ်ကြီးလာခြင်းကြောင့် အရိုးအဆစ်များတွင်ရှိသော အရိုးနုများ တောင့်တင်းလာပြီး ပျက်စီးလာသည့်အတွက် ဖြစ်လာရခြင်း ဖြစ်ပါသည်။
အရိုးအဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေများသောသူများ။
အောက်ပါအချက်များသည် ၎င်းရောဂါ ဖြစ်ပွားနိုင်ခြေများသောသူများ ဖြစ်ကြပါသည်။
– အသက်အရွယ်ကြီးသောသူများ။
အသက်အရွယ်ကြီးရင့်လာခြင်းသည် ၎င်းရောဂါ၏အဖြစ်များဆုံးသော အချက်တစ်ချက်ဖြစ် ပါသည်။
အသက် ( ၄၀ ) အောက်တွင် ဖြစ်ပွားသောသူ နည်းပါးပြီး အသက်ကြီးလာသည်နှင့်အမျှ ပိုမိုအဖြစ်များလာကြောင်း တွေ့ရှိရပါသည်။
– အမျိုးသားနှင့် အမျိုးသမီး အသက်အရွယ်အပိုင်းအခြား
အမျိုးသားများသည် အသက် ၄၅ နှစ်အောက်တွင် ပို၍အဖြစ်များပြီး အမျိုးသမီးများတွင်မူ အသက် ၄၅ နှစ်အထက်တွင် ရောဂါဖြစ်ပွားနိုင်ခြေ ပို၍များကြောင်း လေ့လာချက်များအရ သိရှိရပါသည်။
– ခန္ဓာကိုယ်အလေးချိန် များသောသူများ။
ခန္ဓာကိုယ်အလေးချိန်များသောသူများသည် အရိုးအဆစ်များပေါ်တွင် ပို၍အားပြုရသောကြောင့် အရိုးနုများကို ပျက်စီးစေခြင်းဖြစ်နိုင်ခြေ ပို၍များပါသည်။
– မွေးရာပါ အားနည်းချက်ရှိသောသူများ။
အချို့သော မွေးရာပါအားနည်းချက်ရှိသောသူများ (ဥပမာ ခြေတစ်ဖက်သည် အခြားတစ်ဖက်ထက် ပို၍တိုနေသောသူများ) တွင်လည်း အရိုးနုများ ပိုမိုပျက်စီးလွယ်သည့်အတွက် အရိုးအဆစ်အမြစ်ရောဂါ ဖြစ်နိုင်ခြေများကြောင်း တွေ့ရပါသည်။
– အရိုးအဆစ်တွင် ထိခိုက်ဒဏ်ရာရရှိဖူးသောသူများ။
အရိုးအဆစ်တွင် ထိခိုက်ဒဏ်ရာရရှိဖူးသောသူများ သို့မဟုတ် အရိုးအဆစ် ခွဲစိတ်ကုသမှု ခံယူဖူးသောသူများသည်လည်း ၎င်းရောဂါဖြစ်နိုင်ခြေ များသောသူများ ဖြစ်ကြပါသည်။
ထိုအချက်သည် အသက်ငယ်ရွယ်ပြီး ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်းတစ်ရပ်လည်း ဖြစ်ပါသည်။
အရိုးအဆစ်ရောင်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ
အရိုးအဆစ်အမြစ်ရောင်ရောဂါသည် သွေးလေးဘက်နာရောဂါကဲ့သို့သော အတွင်းအင်္ဂါများကို ထိခိုက်သော ရောဂါမျိုးမဟုတ်ဘဲ နောက်ဆက်တွဲဆိုးကျိုးအနေနှင့် အရိုးအဆစ်များပုံပျက်ခြင်း နှင့် လုပ်ငန်း လုပ်ဆောင်နိုင်စွမ်းမရှိခြင်း စသည်တို့ ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။
– ဒူးဆစ်သည် လေးကိုင်းသဏ္ဍာန် ကွေးသွားခြင်း။
ဒူးဆစ်တွင် အရိုးအဆစ်အမြစ်ရောင်ရောဂါ ပြင်းထန်ဆိုးရွားစွာ ဖြစ်ပွားသောအခါ ဒူးဆစ်ရှိ အရိုးနုများ ပျက်စီးသွားသည့်အတွက် လေးကိုင်းသဏ္ဍာန်ပုံပျက်သွားသော ဒူးဆစ်ကို တွေ့ရှိရပါသည်။
– အာရုံကြောများ ထိခိုက်ပျက်စီးခြင်း။
အရိုးအဆစ်ရောင်ရောဂါကြောင့်ဖြစ်သော ကျောရိုးဆစ်ရှိ အရိုးအတက်များသည် နီးစပ်ရာ အာရုံကြောများကို ထိခိုက်ခြင်းဖြစ်စေသဖြင့် ၎င်းအာရုံကြောများ ထောက်ပံ့ပေးသော နေရာများတွင် ထုံကျင်ခြင်း ၊ နာကျင်ခြင်း ဝေဒနာများကို ခံစားစေနိုင်ကြောင်း တွေ့ရှိရပါသည်။
ရောဂါကုသသည့် နည်းလမ်းများ။
အောက်ပါနည်းလမ်းများသည် အရိုးအဆစ်ရောင်ရောဂါကို သက်သာစေနိုင်သော နည်းလမ်းများ ဖြစ်ကြပါသည်။
– လေ့ကျင့်ခန်းပြုလုပ်သည့် ကုထုံးဖြင့် ရောဂါကုသခြင်း။
အရိုးအဆစ်ရောင်ရောဂါတွင် အရိုးနုများ ပိုမိုပျက်စီးလာခြင်းကို ရပ်တန့်ပေးနိုင်သော ကုသသည့်နည်းလမ်းမှာ မရှိသေးပါ။
သို့သော် လေ့ကျင့်ခန်းပြုလုပ်သည့်ကုထုံးများဖြင့် ကုသခြင်း၊ ရောင်ရမ်းနာကျင်နေသော အရိုး အဆစ်နေရာကို အပူ သို့မဟုတ် အအေးဖြင့်ကပ်၍ ကုသခြင်း စသည့်နည်းလမ်းများသည် ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါသည်။
–အရိုးအဆစ်များကို ထောက်ပံ့ပေးသော ပစ္စည်းများ အသုံးပြုခြင်း။
နာကျင်ရောင်ရမ်းနေသော အရိုးအဆစ်များတွင် သက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ
(ဥပမာ ဒူးစွပ်များ၊ ခါးပတ်များ) ကို အသုံးပြုခြင်းဖြင့် အရိုးအဆစ်များ နာကျင်တောင့်တင်းနေခြင်းကို သက်သာစေနိုင်မည် ဖြစ်ပါသည်။
– နာကျင်ကိုက်ခဲမှု သက်သာစေနိုင်သော သောက်ဆေးများ၊ လိမ်းဆေးများကို အသုံးပြုခြင်း။
Aspirin, Ibuprofen, Acetaminophen စသော အကိုက်အခဲပျောက်ဆေးများကို အစာစားပြီး အစာအိမ်ဆေးများနှင့်တွဲ၍ သောက်သုံးခြင်း သို့မဟုတ် နာကျင်မှုသက်သာစေသော လိမ်းဆေးများ၊ ဖျန်းဆေးများကို အသုံးပြုခြင်းဖြင့်လည်း ဝေဒနာများကို လျော့နည်းသက်သာစေနိုင်ပါသည်။
– ခန္ဓာကိုယ်အလေးချိန် လျှော့ချခြင်း။
အရိုးအဆစ်အမြစ်ရောင်ရောဂါသည် ခန္ဓာကိုယ်အလေးချိန်များသောသူများတွင် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားနိုင်သဖြင့် ခန္ဓာကိုယ်အလေးချိန်လျှော့ချခြင်းသည်လည်း ကုသသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။
– ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း။
အောက်ပါလေ့ကျင့်ခန်းများသည် အရိုးအဆစ်များ နာကျင်မှုကို သက်သာစေနိုင်သည့် နည်းလမ်းများ ဖြစ်ကြပါသည်။
၎င်းတို့မှာ – ရေကူးခြင်း
– လမ်းလျှောက်ခြင်း
– စက်ဘီးစီးခြင်း
– ယောဂကျင့်ခြင်း စသည့်လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါသည်။
Author : Dr. မိုး (ဆေး ၁)