တစ်ခါတစ်လေမှာ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ မောပန်းလွယ်နေတာ၊ နုံးချိနေတာမျိုး ဖြစ်ဖူးပါသလား။
ဒီလိုဖြစ်တတ်ရင် အများစု သတိမထားမိဖြစ်တတ်ကြတဲ့ သံဓာတ်ကြောင့်လားဆိုတာ စဥ်စားကြည့်ဖို့ လိုပါမယ်နော်။
သံဓာတ်ချို့တဲ့ခြင်းကို ကြားဖူးနားဝ ရှိကြပေမယ့် ၎င်းဟာ နေ့စဥ်ဘဝမှာ ဘယ်လောက်ထိအရေးပါသလဲဆိုတာကို သတိမထားမိတတ်ကြပါဘူး။ ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ သံဓာတ် (iron) ချို့တဲ့ရင် ဘယ်လိုလက္ခဏာတွေ ခံစားရမလဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးသွားပါမယ်။
ဆေးပညာမှာတော့ သံဓာတ်အားနည်းခြင်း (IDA – Iron Deficiency Anaemia) ကို ရောဂါတစ်ခုအနေနဲ့ သတ်မှတ်ပါတယ်။ သူကိုယ်တိုင်က ရောဂါတစ်ခုအဖြစ် ကုသဖို့လိုသလို သူ့ကိုဖြစ်စေတဲ့ အခြေခံအကြောင်းရင်းတွေကိုလည်း ရှာဖွေဖို့လိုပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ဆဲလ်တွေဟာ လုံလောက်တဲ့ အောက်ဆီဂျင်ရရှိဖို့ဆိုရင် သွေးတွင်းက သွေးနီဥလေးတွေကို အားကိုးရပါတယ်။ သွေးနီဥလေးတွေဟာ အဆုတ်မှအောက်ဆီဂျင်ကို သယ်ဆောင်လာပေးပြီး သွေးကြောမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့အပြားက ဆဲလ်တွေဆီကို ပို့ဆောင်ပေးပါတယ်။ ဒီလိုခန္ဓာကိုယ်ကဆဲလ်တွေအတွက် အသက်သွေးကြောဖြစ်တဲ့ သွေးနီဥကို ဖန်တီးတည်ဆောက်ရာမှာ မရှိမဖြစ်ကတော့ သံဓာတ် (iron) ပါပဲ။
သံဓာတ် အားနည်းခြင်းဟာ ကနဦးမှာတော့ မသိသာပေမယ့် ရေရှည်မှာ သွေးနီဥဖြစ်ပွားမှု ကျဆင်းလာပြီး သွေးအားနည်းလာပါတယ်။ အဲဒီအခါမှာ အောက်ပါရောဂါလက္ခဏာတွေကို ခံစားရတတ်ပါတယ်။
၁) နုံးလွယ်တာ၊ အားနည်းနေသလို ခံစားရတာ
၂) နှုတ်ခမ်းနဲ့ အသားအရောင် ဖြူဖျော့နေတာ
၃) ရင်တုန်တာ၊ အသက်ရှုမဝသလို ခံစားရတာ
၄) မူးနောက်နောက် ဖြစ်နေတာ
၅) ခြေဖျား၊ လက်ဖျား အေးနေတာ
၆) လျှာကြီး ထူသလို ခံစားရနေတာ
၇) လက်သည်းတွေ ကျိုးလွယ်တာ
၈) မယ်မယ်ရရမဟုတ်တဲ့ စားစရာတွေ စားချင်နေတာ (e.g – ရေခဲ၊ ဂျုံ)
၉) ကလေးငယ်တွေဆိုရင် အစားအသောက်ပျက်တာ စတာတွေ ဖြစ်ပါတယ်။
ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြမလဲ။
သံဓာတ်အားနည်းရောဂါဟာ ခန္ဓာကိုယ်ထဲမှာ သံဓာတ်နည်းခြင်းကြောင့်ဟု အလွယ်တွေးလို့ရပေမယ့် ဒီလိုသံဓာတ်အားနည်းရတဲ့ အကြောင်းရင်းတွေက အများကြီးရှိနိုင်တာမို့ အထက်မှာဖော်ပြထားတဲ့ လက္ခဏာတွေ ခံစားရပြီး မိမိကိုယ်ကိုယ် သံဓာတ်အားနည်းတယ်လို့ သံသယဖြစ်ရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသဖို့ လိုပါတယ်။
သံဓာတ်အားနည်းခြင်း (IDA) ဖြစ်နိုင်တဲ့ အကြောင်းရင်းများ
သံဓာတ်အားနည်းခြင်း (IDA) ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁) သံဓာတ်ပါတဲ့အစားအစာတွေ မစားဖြစ်တာ
ကိုယ်နေ့စဥ်စားသုံးနေတဲ့ အစားအသောက်ထဲမှာ သံဓာတ်ချို့တဲ့နေရင် အချိန်ကြာလာတာနဲ့အမျှ သံဓာတ်အားနည်းတာကို ခံစားရတတ်ပါတယ်။
ဒါကြောင့် သံဓာတ်အားကောင်းတဲ့ အစားအသောက်တွေဖြစ်တဲ့ အသားနဲ့ ဥအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက် (ဟင်းနုနွယ်၊ ကန်စွန်းရွက်) တို့ကို သတိထားပြီး စားပေးဖို့လိုမယ်နော်။
၂) အူသိမ်မှာပြဿနာတစ်ခုခုရှိနေရင်
အစားအသောက်မှာပါလာတဲ့ သံဓာတ်ကို အူသိမ်ကတစ်ဆင့် သွေးကြောထဲကို စုပ်ယူတာဖြစ်တဲ့အတွက် အူသိမ်မှာပြဿနာတစ်ခုခုရှိနေရင်လည်း သံဓါတ်ချို့တဲ့တတ်ပါတယ်။
ဥပမာ အူလမ်းကြောင်းမှ အာဟာရဓာတ်စုပ်ယူမှုအားနည်းစေတဲ့၊ ဂျုံကိုမစုပ်ယူနိုင်တဲ့ Celiac disease လို့ခေါ်တဲ့ရောဂါ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် အူသိမ်ကိုဖြတ်ထားရတာ စတဲ့ အခြေအနေတွေမှာလည်း သံဓာတ်အားနည်းနိုင်ပါတယ်။
၃) ခန္ဓာကိုယ်မှာ သွေးဆုံးရှုံးမှုများတာ
- သွေးထဲက သွေးနီဥလေးတွေထဲမှာ သံဓာတ် (iron) လေးတွေ အောင်းနေတာမို့ ခန္ဓာကိုယ်မှာ သွေးဆုံးရှုံးမှုများနေရင်လည်း သံဓာတ်အားနည်းနိုင်ပါတယ်။ အဖြစ်များတာက အမျိုးသမီးတွေ ဓမ္မတာလာတဲ့အခါ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ဓမ္မတာလာတဲ့အခါ သွေးဆင်းတာများရင် သံဓာတ်အားနည်းနိုင်ခြေ အရမ်းများပါတယ်။
- ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်း၊ တစ်စတစ်စနဲ့ သွေးဆုံးရှုံနေတာ။ ဥပမာ-အစာအိမ်အနာကနေ သွေးတစ်စတစ်စ ထွက်နေရင်၊ အူမကြီးကင်ဆာဖြစ်ရင်။
- အကိုက်ခဲပျောက်ဆေးတွေ (ဥပမာ Aspirin) လိုဟာမျိုးကို မကြာခဏသောက်လို့ အစာအိမ်ကသွေးယိုတာ စတဲ့အခြေအနေတွေမှာ သွေးဆုံးရှုံးမှု များတတ်ပါတယ်။
၄) ကိုယ်ဝန်ဆောင်အမျိုးသမီးများ
အမျိုးသမီးတွေကိုယ်ဝန်ဆောင်ကြတဲ့အခါမှာ မြင့်တက်လာတဲ့ သွေးပမာဏအတွက်သာမက မိမိလွယ်ထားတဲ့ ကလေးငယ်လေးရဲ့ လိုအပ်တဲ့သံဓာတ်ကိုပါ ဖြည့်ဆည်းပေးရတဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း သံဓာတ်ကို မဖြစ်မနေအားဖြည့်ထားဖို့ လိုပါတယ်။
ကိုယ်ဝန်အပ်ရင်လည်းသက်ဆိုင်ရာမီ သားဖွားမီးယပ်အထူးကုမှ သံဓာတ်အားဆေး ပေးလေ့ရှိပြီး ကိုယ်ဝန်လွယ်မည်၊ ကလေးမွေးဖွားမည်ဟုဆုံးဖြတ်ထားသူ အမျိုးသမီးတိုင်းသည်လည်း သက်ဆိုင်ရာ သားဖွားမီးယပ်ဆရာဝန် သို့မဟုတ် မိသားစုဆရာဝန်နဲ့တိုင်ပင်ပြီး သံဓာတ်အားဖြည့်ဆေး ကြိုသောက်ထားဖို့ လိုအပ်ပါတယ်။
ပြန်လည်သုံးသပ်လိုက်ရင် သံဓာတ်ချို့တဲ့နိုင်ခြေများတဲ့သူများမှာ-
၁) အမျိုးသမီးများ
၂) ကလေးငယ်များ
၃) သက်သတ်လွတ်စားသူများ
၄) သွေးမကြာခဏ လှူဒါန်းလေ့ရှိသူများ စသည်တို့ ဖြစ်ပါတယ်။
သံဓာတ်ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ။
သံဓာတ်ချို့တဲ့တာ ပမာဏအရမ်းမများရင် နောက်ဆက်တွဲဆိုးကျိုး သိပ်မရှိပေမယ့် တဖြည်းဖြည်းပိုဆိုးလာရင် သို့မဟုတ် နည်းနေတာကို မကုသဘဲထားရင် အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။
၁) သွေးအားနည်းတဲ့အခါ ခန္ဓာကိုယ်မှာ အောက်ဆီဂျင်နည်းနေတဲ့အတွက် အောက်ဆီဂျင်ပမာဏ လုံလောက်စွာရရှိအောင် နှလုံးကသွေးများများ လိုက်ထုတ်ရပါတယ်။ ဒီအခါမှာ နှလုံးခုန်မြန်လာမယ်၊ နှလုံးက ပုံမှန်ထက်ပိုညှစ်ရ၊ ပိုအလုပ်လုပ်ရတဲ့အတွက် နှလုံးကြီးလာမယ်၊ နှလုံးရောဂါရလာမယ် စတာတွေ ဖြစ်လာနိုင်ပါတယ်။
၂) ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်အားနည်းရင် မွေးဖွားလာတဲ့ကလေးဟာ လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်ဘဲ မွေးတာတွေ ဖြစ်တတ်ပါတယ်။
၃) ကလေးငယ်တွေမှာ နေ့စဥ်လိုအပ်တဲ့ သံဓာတ်ကို လုံလောက်စွာမရရှိရင် သွေးအားနည်းခြင်း ခံစားရပြီး ကလေးရဲ့ကြီးထွားဖွံဖြိုးမှုကိုပါ နှောင့်နှေးစေပါတယ်။ ဒါ့အပြင် သံဓာတ်အားနည်းခြင်းဟာ ရောဂါပိုး (infection) ဝင်ရောက်ခြင်းကို ခုခံနိုင်စွမ်း ကျဆင်းစေပါတယ်။
သံဓာတ်အားမနည်းအောင် ဘယ်လိုကာကွယ်ကြမလဲ။
၁) သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုး၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ၊ ပဲလိပ်ပြာ၊ သံဓာတ်ပါဝင်အောင် ပြုလုပ်ထားတဲ့ကွေကာ စတာတွေကို လုံလောက်စွာစားသုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ သံဓါတ်ကို အသားက အဓိကရရှိတာ ဖြစ်တဲ့အတွက် သက်သတ်လွတ်စားသူတွေကတော့ ကျန်တဲ့သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုမိုစားသုံးပေးဖို့ လိုအပ်ပါတယ်။
၂) ဗီတာမင်စီ (Vitamin C) ဟာအူလမ်းကြောင်းမှ သံဓာတ်စုပ်ယူခြင်းကို အားပေးတဲ့အတွက် ဗီတာမင် စီ ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးခြင်းဖြင့်လည်း သံဓာတ် အားကောင်းစေနိုင်ပါတယ်။ ဗီတာမင် စီ ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ပန်းဂေါ်ဖီစိမ်း၊ ဂရိတ်ဖု (Grapefruit)၊ ကီဝီသီး၊ လိမ္မော်၊ စတော်ဘယ်ရီ၊ ခရမ်းချဥ်သီး စတာတွေ ဖြစ်ပါတယ်။
၃) အသက်တစ်နှစ်အောက် ကလေးငယ်တွေမှာ သံဓာတ်ချို့တဲ့ခြင်းကို ကာကွယ်နိုင်ဖို့အတွက်ဆိုရင်တော့ နို့မှုန့်တိုက်တဲ့သူ ဖြစ်ရင်လည်း သံဓာတ်ကြွယ်ဝအောင် စီမံထုတ်လုပ်ထားတဲ့ နို့မှုန့်တွေကို တိုက်ကျွေးသင့်ပါတယ်။ ဖြည့်စွက်စာ စကျွေးရတဲ့ အသက် ၆ လရောက်ရင်တော့ သံဓာတ်ကြွယ်ဝတဲ့ ကွေကာ၊ ဖြည့်စွက်စာ ဒါမှမဟုတ် ကြေညက်စွာခြေထားတဲ့ အသားပါတဲ့ အာဟာရကို တစ်နေ့နှစ်ကြိမ် အနည်းဆုံး ကျွေးသင့်ပါတယ်။ အသက်တစ်နှစ်ကျော်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး နို့ကို တစ်နေ့ ၂၀အောင်စထက် ပိုမတိုက်သင့်ပါ။ တစ်နှစ်ကျော်အရွယ်မှာ နို့များများသောက်ခြင်းဟာ ကျန်တဲ့အာဟာရဖြည့်စွက်စာတွေ စားသုံးမှုတွေ လျော့နည်းသွားတဲ့အတွက် သံဓာတ်အားနည်းခြင်းကိုဖြစ်စေပါတယ်။
Author : Dr.Hsu