တံတောင်ဆစ်နာကျင်ခြင်းသည် လက်မောင်းရိုး၏ ဘေးဘက် အရိုးလုံးဖု ရောင်ရမ်း ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။
၎င်းရောဂါအခြေအနေသည် လက်ကောက်ဝတ်နှင့် လက်မောင်းတို့၏ အကြိမ်ကြိမ်အထပ်ထပ် လှုပ်ရှားမှုလုပ်ဆောင်ချက်များကြောင့် တံတောင်ဆစ်တွင်ရှိသော အရွတ်များပေါ်တွင် ဝန်ပိခြင်းဖြစ်လာစေသောကြောင့် ဖြစ်လာရခြင်း ဖြစ်ပါသည်။
တံတောင်ဆစ်နာကျင်ခြင်းရောဂါ ခံစားနေရသူများသည် အများအားဖြင့် လက်ဖျံရှိ အရွတ်များတွင် နာကျင်ခြင်းခံစားရပြီး ၎င်းနာကျင်ခြင်းသည် လက်ကောက်ဝတ်ဆီသို့ ပျံ့နှံ့သွားတတ်ကြောင်း တွေ့ ရှိရပါသည်။
အောက်ဖော်ပြပါ အခြားသော ရောဂါလက္ခဏာများကိုလည်း တွေ့ရှိရပါသည်။
– လက်ဆွဲနှုတ်ဆက်ခြင်း သို့မဟုတ် အရာ၀တ္ထုများကို ဆုပ်ကိုင်ခြင်းတို့တွင် အခက်အခဲဖြစ်ခြင်း
– တံတောင်ဆစ်အပြင်ဘက်တွင် ကိုက်ခဲခြင်း
– ထိုသို့နာကျင်ကိုက်ခဲခြင်းသည် ဆေးကုသမှုခံယူခြင်းမရှိပါက နာတာရှည်နာကျင်ကိုက်ခဲခြင်းအဖြစ် ပြောင်းလဲသွားခြင်း စသည့်လက္ခဏာများကို တွေ့ရှိရပါသည်။
ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများ။
အဓိကအကြောင်းရင်းမှာ တံတောင်ဆစ်တွင်ရှိသော ကြွက်သားများနှင့် အရွတ်များအား အသုံးပြုမှုများခြင်းကြောင့် ဖြစ်လာခြင်း ဖြစ်ပါသည်။
– ဆေးသုတ်ခြင်း
– အရာ၀တ္ထုများကို လှီးဖြတ်ခြင်း (အထူးသဖြင့် အသားများ)
– ကွန်ပျူတာ mouse ကို အသုံးပြုမှု များခြင်း
– ဝက်အူလှည့် ရစ်ခြင်း စသော အလုပ်များကို ကြိမ်ဖန်များစွာ လုပ်ကိုင်ရသောသူများတွင်လည်း တံတောင်ဆစ်နာကျင်ခြင်းရောဂါ ဝေဒနာကို ခံစားရနိုင်ကြောင်း တွေ့ရှိရပါသည်။
အောက်ပါတို့သည် တံတောင်ဆစ်နာကျင်ခြင်းဝေဒနာ ခံစားရနိုင်ခြေများသောသူများ ဖြစ်ကြပါသည်။
– အသက် ( ၃၀ ) မှ ( ၅၀ ) နှစ်ကြားရှိသော သူများ
– ဆေးသုတ်သမားများ ၊ လက်သမားများ ၊ စားဖိုမှူးများ စသည့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင် ရသောသူများ
– အချို့သော အားကစားနည်းလမ်းများကို ကစားသောသူများ စသည်တို့ ဖြစ်ကြပါသည်။
တံတောင်ဆစ်နာကျင်ခြင်းကို သက်သာပျောက် ကင်းစေနိုင်သော နည်းလမ်းများ
အောက်ပါသဘာ၀နည်းလမ်းများသည် တံတောင်ဆစ်နာကျင်ခြင်းရောဂါကို သက်သာပျောက် ကင်းစေနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
( ၁ ) လာဗင်ဒါအဆီ
လာဗင်ဒါအဆီတွင် ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို လျော့နည်းသက်သာစေနိုင်သော အာနိသင်ရှိကြောင်း လေ့လာချက်များအရတွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်း။
– လာဗင်ဒါအဆီအနည်းငယ်ကို အခြားအဆီအနည်းငယ်နှင့် ရော၍မွှေပါ။
– နာကျင်နေသော တံတောင်ဆစ်နေရာတွင် လိမ်းပေးပါ။
– တစ်နာရီခန့်ထားပြီးနောက် ရေဖြင့်ဆေးပေးပါ။
– တစ်နေ့တစ်ကြိမ်ခန့် လိမ်းပေးနိုင်ပါသည်။
( ၂ ) နနွင်း
နနွင်းတွင် ပါဝင်သော Curcumin ဓာတ်သည် အနာကျက်ခြင်းဖြစ်စဉ်တွင် အားပေးသည့်အပြင် နာကျင်ရောင်ရမ်းခြင်းကိုလည်း လျှော့ချပေးနိုင်သော အစားအစာတစ်မျိုးဖြစ်ပါသည်။
အသုံးပြုရန်နည်းလမ်း။
– နနွင်းမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းခန့်ကို နွားနို့ပူပူတစ်ခွက်တွင် ထည့်၍မွှေပါ။
– နို့အေးသောအခါ ပျားရည်အနည်းငယ်ထည့်ပြီးသောက်သုံးနိုင်ပါသည်။
– တစ်နေ့ တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သောက်သုံးပေးခြင်းဖြင့် တံတောင်ဆစ်နာကျင်ခြင်းဝေဒနာ သက်သာ ပျောက်ကင်းနိုင်မည် ဖြစ်ပါသည်။
( ၃ ) ကြက်ဆူဆီ
ကြက်ဆူဆီတွင် ပါဝင်သော Ricinoleic Acid ဟုခေါ်သော အက်ဆစ်ဓာတ်တစ်မျိုးသည် ရောင်ရမ်းခြင်းကို ဆန့်ကျင်သော ဂုဏ်သတ္တိရှိပါသည်။ ၎င်းအာနိသင်သည် အပူချိန်နှင့် ပေါင်းစည်းသော အခါ ပို၍ထိရောက်မှုရှိကြောင်းတွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်း။
– ကြက်ဆူဆီကို တံတောင်ဆစ်ပေါ်တွင် လိမ်းပေးပါ။
– ထို့နောက် ရေနွေးအိတ်ကို တံတောင်ဆစ်ပေါ်တွင် ( ၁၅ )မိနစ်ခန့် ကပ်ထားပေးပါ။
– ရက်သတ္တပတ်အနည်းငယ်ကြာသည်အထိ တစ်နေ့လျှင် တစ်ကြိမ်ပြုလုပ်ပေးပါ။
( ၄ ) ရေခဲ သို့မဟုတ် ရေနွေးအိတ်ကပ်ပေးပါ။
ရေခဲအိတ်ကပ်ခြင်းသည် နာကျင်ခြင်းကို ချက်ချင်းသက်သာစေနိုင်ရုံသာမက ရောင်ရမ်းခြင်းကိုလည်း လျော့နည်းစေနိုင်ပါသည်။
ထို့အတူ ရေနွေးအိတ်ကပ်ခြင်းဖြင့်လည်း ရောင်ရမ်းခြင်းကို လျော့နည်းသက်သာစေနိုင်ကြောင်း တွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်း။
– ရေခဲအိတ်ကို နာကျင်နေသောတံတောင်ဆစ်နေရာတွင် ( ၁၅ )မိနစ်ခန့် ကပ်ထားပါ။
– နှစ်နာရီခြားတစ်ခါ ကပ်ပေးပါ။
– ရေခဲအိတ်ဖြင့် ရက်အနည်းငယ်ကြာအောင်ကပ်ပြီးလျှင် ရေနွေးအိတ်ကပ်ခြင်းဖြင့် ရောဂါသက်သာ ပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်ပါသည်။
( ၅ ) ရှားစောင်းလက်ပပ်ဖျော်ရည်။
ရှားစောင်းလက်ပပ်တွင်လည်း နာကျင်ရောင်ရမ်းခြင်း လက္ခဏာများကို လျော့နည်းစေနိုင်သော အစွမ်းအာနိသင်နှင့် ပြည့်စုံကြောင်း သိရှိရပါသည်။
အသုံးပြုရန်နည်းလမ်း။
– ရှားစောင်းလက်ပပ်ဖျော်ရည်ကို တစ်နေ့လျှင် တစ်ခွက်ခန့်သောက်ပေးခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါသည်။
( ၆ ) အာလူး။
အာလူးသည်လည်း နာကျင်ရောင်ရမ်းခြင်းကို အလွန်လျော့နည်းသက်သာစေနိုင်သော အစားအစာတစ်မျိုးဖြစ်ပါသည်။
အသုံးပြုရန်နည်းလမ်း။
– အာလူးကိုပြုတ်ပြီး အခွံနွှာပါ။
– ၎င်းကို အဝတ်သန့်သန့်တစ်ခုတွင်ထည့်၍ ထုပ်ပြီးလျှင် နာကျင်နေသော နေရာကို ကပ်ပေးပါ။
– နာရီဝက်ခန့်ကြာအောင် ထားပါ။
– တစ်နေ့တစ်ကြိမ်နှစ်ကြိမ်ခန့် ပြုလုပ်ပေးပါ။
( ၇ ) ချင်း။
ချင်းကို နာကျင်ကိုက်ခဲခြင်းနှင့် ရောင်ရမ်းခြင်းလက္ခဏာများကို လျှော့ချပေးနိုင်သည့် ဂုဏ်သတ္တိရှိသော အစားအစာတစ်ခုအဖြစ် ယုံကြည်လက်ခံထားကြပါသည်။
အသုံးပြုရန်နည်းလမ်း။
– ချင်းပြုတ်ရည်နွေးနွေးကို သောက်သုံးခြင်းဖြင့် တံတောင်ဆစ်နာကျင်ခြင်းဝေဒနာကို သက်သာစေနိုင် ကြောင်း တွေ့ရှိရပါသည်။
– တစ်နေ့လျှင် သုံးကြိမ်ခန့် သောက်သုံးပေးပါ။
တံတောင်ဆစ်နာကျင်ခြင်းကို ကာကွယ်ရန်နည်းလမ်းများ။
အောက်ပါနည်းလမ်းများဖြင့် တံတောင်ဆစ်နာကျင်ခြင်းမဖြစ်စေရန် ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။
– တံတောင်ဆစ်အားပြုပြီးလုပ်ဆောင်ရသည့် အလုပ်များကို ရှောင်ပါ။
– တင်းနစ်အားကစားကဲ့သို့သော အားကစားနည်းကို ကစားလိုလျှင် ကျွမ်းကျင်သော အားကစားနည်းပြ ဆရာများနှင့် စနစ်တကျလေ့ကျင့်မှု ရယူပါ။
– အားကစားလေ့ကျင့်ခန်းများ ပြင်းပြင်းထန်ထန် မလုပ်မီအချိန်တိုင်းတွင် သွေးပူလေ့ကျင့်ခန်းများ လုပ်ဆောင်ပါ။
– တံတောင်ဆစ်ထိခိုက်မှုများမှ ကာကွယ်ရန် တံတောင်ဆစ်အစွပ်များကို အသုံးပြု၍ အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ပါ။
– လက်ဖျံရှိ ကြွက်သားများကို သန်စွမ်းစေသည့် လေ့ကျင့်ခန်းများကို လုပ်ဆောင်ပေးပါ။
Author : Dr. မွန်