ကလေးများ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ခြင်း အကြောင်းရင်းများအနက် အူလမ်းကြောင်းတွင် ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်ခြင်းသည် အဖြစ်အများဆုံး အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
နောက်ဆက်တွဲ ဆိုးကျိုးများ
ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီးလျှင် တွေ့ရသောနောက်ဆက်တွဲရောဂါဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
– ရေဓာတ်ခန်းခြောက်ခြင်းနှင့် သတ္တုဓာတ်များဆုံးရှုံးချို့တဲ့ခြင်း။
၎င်းနောက်ဆက်တွဲဆိုးကျိုးသည် ဝမ်းပျက်ဝမ်းလျှောရောဂါ၏ အဖြစ်များဆုံးသော ရလဒ်တစ်ရပ် ဖြစ်ပါသည်။
ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်သည့်အခါ ဆုံးရှုံးသွားသော ရေဓာတ်၊ ဆားဓာတ်နှင့် သတ္တုဓာတ်များကို ပြန်လည်ဖြည့်ပေးရန်အတွက် ဓာတ်ဆားရည်များများ ပြန်လည်တိုက်ကျွေးပေးရန် လိုအပ်ပါသည်။
သို့သော် ကလေးများသည် ဝမ်းလျှောရောဂါအပြင် ပျို့အန်ခြင်းရောဂါလက္ခဏာကိုပါ တွဲ၍ ခံစားရသည့်အခါမျိုးတွင် ဓာတ်ဆားရည်ကို လုံလောက်စွာ ပြန်လည်ဖြည့်ပေးနိုင်ခြင်း မရှိသည့်အတွက် ရေဓာတ်၊ ဆားဓာတ်နှင့် အခြားသတ္တုဓာတ်များ ဆုံးရှုံးနိုင်ကြောင်း တွေ့ရှိရပါသည်။
– ခန္ဓာကိုယ် အခြားအစိတ်အပိုင်းအချို့တွင် ရောင်ရမ်းခြင်းကဲ့သို့သော နောက်ဆက်တွဲဆိုးကျိုး များဖြစ်ပေါ်ခြင်း (Reactive Complications)
ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေသော အူလမ်းကြောင်းရောဂါပိုးများကြောင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ရောင်ရမ်းခြင်းလက္ခဏာများကိုလည်း တွေ့ရနိုင်ပါသည်။
မျက်လုံးများရောင်ရမ်းခြင်း ၊ အရေပြားရောင်ရမ်းခြင်း နှင့် အရိုးအဆစ်များရောင်ရမ်းခြင်းတို့ ဖြစ်ပေါ် ခံစားနိုင်ကြောင်း တွေ့ရှိရပါသည်။
သို့သော် အထက်ပါနောက်ဆက်တွဲ ရောဂါဆိုးကျိုးသည် အဖြစ်နည်းသော ရောဂါဆိုးကျိုး တစ်မျိုးဖြစ်ပါသည်။
– အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ရောဂါပိုးများ ပျံ့ နှံ့သွားခြင်း။
ဝမ်းပျက်ဝမ်းလျှောဖြစ်သော ကလေးများတွင် နောက်ဆက်တွဲဆိုးကျိုးတစ်ခုအနေနှင့် အူလမ်းကြောင်းရှိ ဝမ်းလျှောစေသော ရောဂါပိုးများသည် အရိုးအဆစ်များ၊ ဦးနှောက်အမြှေးပါးများဆီသို့ ပျံ့နှံ့ခြင်းဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။
၎င်းရောဂါပိုးသည် Salmonella species မျိုးစိတ်ဖြစ်လျှင် အထက်ဖော်ပြပါ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်နိုင်ခြေ ပို၍များနိုင်ပါသည်။
– နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာပေါင်းစု ( Irritable Bowel Syndrome ) ဖြစ်ပေါ်ခံစားရခြင်း။
ရောဂါပိုးကူးစက်ခြင်းကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါသည် နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာပေါင်းစုဟူသော ရောဂါဖြစ်စေရန်အတွက် အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်ကြောင်း တွေ့ရပါသည်။
– Lactose ဓာတ်နှင့် ဓာတ်မတည့်သောရောဂါ ဖြစ်ခြင်း။
ကလေးများဝမ်းပျက်ဝမ်းလျှော မကြာခဏဖြစ်ခြင်းကြောင့် အူလမ်းကြောင်းရှိ အနားသတ်များ ပျက်စီးလာပြီး Lactose ဓာတ်ကို ခြေဖျက်ရန်အတွက် လိုအပ်သော Lactase အင်ဇိုင်းများချို့တဲ့လာပါသည်။ ထိုအခါ ကလေးများသည် နို့သောက်ပြီးသည့်အခါတိုင်း ဝမ်းဗိုက်နာကျင်ခြင်း ၊ ဝမ်းလျှောခြင်း ရောဂါလက္ခဏာများ ခံစားရကြောင်း တွေ့ရှိရပါသည်။
သို့သော် ရောဂါပိုးများ ကင်းစင်သွားသည့်အခါ သို့မဟုတ် အူလမ်းကြောင်းအနားသတ်များ အနာကျက်သွားသည့်အခါတွင်မူ ရောဂါလက္ခဏာများ သက်သာပျောက်ကင်းနိုင်ပေသည်။
– ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီးနောက် အာဟာရချို့တဲ့ခြင်းဖြစ်လာခြင်း။
၎င်းနောက်ဆက်တွဲဆိုးကျိုးသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဝမ်းပျက်ဝမ်းလျှောသည့် ကလေးများ၌ တွေ့ရများသော နောက်ဆက်တွဲရောဂါဆိုးကျိုး တစ်ခုဖြစ်ပါသည်။
အခြားသူများသို့ ဝမ်းလျှောရောဂါပိုးများ မကူးစက်စေရန် ကာကွယ်ခြင်း နည်းလမ်းများ
အောက်ပါတို့သည် အခြားသူများဆီသို့ ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးများကို ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သော နည်းလမ်းများဖြစ်ကြပါသည်။
– အိမ်သာအိုးများ၊ ရေချိုးခန်းတံခါးလက်ကိုင်များ ၊ ရေချိုးခန်းမျက်နှာပြင်များကို နေ့စဥ် ရေနွေးပူပူ၊ အစွန်းချွတ်ဆေးများဖြင့် သန့်စင်ဆေးကြောပေးပါ။
– အိမ်သာသွားသည့်ခွက်ကို အသုံးပြုသည့်ကလေးများဝမ်းလျှောလျှင် ၎င်းတို့၏ အညစ်အကြေးများကို စွန့်ပစ်သည့်အခါ လက်အိတ်စွပ်၍ စွန့်ပစ်ပါ။ ထို့နောက် အိမ်သာသွားသည့်ခွက်များကို ရေပူပူနှင့် အစွန်းချွတ်ဆေးဖြင့် ဆေးကြောပေးပြီး အခြောက်ခံထားပါ။
– ကလေးများအား အစာမစားမီနှင့် အိမ်သာတက်ပြီးသည့်အခါတိုင်းတွင် လက်ကို ဆပ်ပြာဖြင့် သန့်စင်အောင် ဆေးကြောပေးပါ။
– ကလေးများအသုံးပြုသော မျက်နှာသုတ်ပုဝါများကို အခြားသောသူများနှင့် မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။
– ဝမ်းလျှောနေသော ကလေးများကို အခြားသူများစားသုံးရန်အတွက် အစားအစာများအား ကူညီ၍ပြင်ဆင်စေခြင်းမှ ရှောင်ကြဉ်ပါ။
– ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သော ကလေးများအား ရောဂါပျောက်ကင်းပြီး အနည်းဆုံး ၄၈ နာရီကြာမှ ကျောင်းသို့ ပြန်တက်ခွင့်ပြုပါ။
– ဝမ်းလျှောရောဂါပိုးသည် Cryptosporidium Species မျိုးစိတ်ကြောင့်ဖြစ်လျှင် ကလေးများအား ရောဂါပျောက်ကင်းပြီး နှစ်ပတ်ကြာသည်အထိ ရေကူးကန်တွင် ရေကူးစေခြင်းမှ ရှောင်ကြဉ်ပါ။
– ၀မ်းလျှောရောဂါကို ဖြစ်စေသည့် Rotavirus ရောဂါပိုးများကို ကာကွယ်ပေးနိုင်သော ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းဖြင့်လည်း ကလေးငယ်များအား ဝမ်းပျက်ဝမ်းလျှောရောဂါ အန္တရာယ်မှ ကာကွယ်ပေးနိုင်ကြောင်း အကြံပြုအပ်ပါသည်။