ထိခိုက်ရှနာဒဏ်ရာသည် အဖြစ်များသော ထိခိုက်ဒဏ်ရာအမျိုးအစားတစ်မျိုး ဖြစ်ပါသည်။
ထိခိုက်ရှနာဒဏ်ရာမှတဆင့် အရေပြားအောက်တစ်ရှူးများအတွင်းသို့ ရောဂါပိုးမွှားများဝင်ရောက်သည့်အခါ ထိခိုက်ရှနာဒဏ်ရာပိုးဝင်ခြင်း အခြေအနေကို ဖြစ်စေပါသည်။
ထိခိုက်ရှနာဒဏ်ရာများကို ရောဂါပိုးဝင်ရောက်သည့်အခါ ဒဏ်ရာအနာသည် ပိုးမဝင်သော ဒဏ်ရာအနာများထက်ပို၍ နာကျင်ခြင်းဝေဒနာကို ခံစားရကြောင်း တွေ့ရှိရပါသည်။
ပုံမှန်အားဖြင့် ထိခိုက်ရှနာအနာများ၏ ပတ်ပတ်လည်ရှိ အရေပြားသည် နီရဲ၍ ပူနွေးနေတတ်ပါသည်။ အနာနေရာတွင် အနည်းငယ်ရောင်ရမ်းနေခြင်းကိုလည်း တွေ့ရနိုင်ပါသည်။
ဒဏ်ရာအနာတွင်းသို့ ရောဂါပိုးဝင်ရောက်သည့်အခါ အနာမှနေ၍ အဝါရောင်သမ်းသော အနာပြည်များ စိမ့်ထွက်လာသည့် လက္ခဏာကို တွေ့ရှိရပါသည်။
ထိခိုက်ရှနာဒဏ်ရာများတွင် အောက်ပါလက္ခဏာများကို တွေ့ရှိလျှင် ဆရာဝန်နှင့် ပြသ၍ အမြန်ဆုံးဆေးကုသမှု ခံယူသင့်ပါသည်။
– ဒဏ်ရာအနာပတ်ပတ်လည်၌ရှိသော အရေပြားနီရဲနေခြင်းသည် အခြားအရေပြားနေရာများအထိ ပျံ့နှံ့သွားခြင်း
– ကိုယ်လက်ကိုက်ခဲခြင်း သို့မဟုတ် ကိုယ်ပူခြင်း
– နုံးချိနေသကဲ့သို့ခံစားရခြင်းစသည့် လက္ခဏာများကို သတိပြုရန် လိုအပ်ပါသည်။
ထိခိုက်ရှနာပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေရန် ကုသသည့်နည်းလမ်းများ။
ထိခိုက်ရှနာပိုးဝင်ခြင်းကို ကုသရာတွင် လိုအပ်သော ပဋိဇီ၀ဆေးဝါးများသောက်သုံးခြင်း သို့မဟုတ် ထိုးနှံခြင်းဖြင့် ကုသရန်လိုအပ်ကြောင်း တွေ့ရပါသည်။
အောက်ပါဆေးဝါးများသည် ထိခိုက်ရှနာပိုးဝင်ခြင်းကို ကုသရာတွင် အသုံးများသော ဆေးဝါးများ ဖြစ်ကြပါသည်။
– Amoxicillin-clavulanate
– Cephalexin
– Doxycycline
– Dicloxacillin
– Trimethoprim- sulfamethoxazole
– Clindamycin စသည့် ပဋိဇီ၀ဆေးဝါးများဖြင့် ရောဂါပိုးများကို ဖယ်ရှားကာ ဒဏ်ရာအနာကို ပျောက်ကင်းအောင် ကုသနိုင်ပါသည်။
ထို့ပြင် ဒဏ်ရာအနာကို ဆေးကြောပေးခြင်း၊ အနာကို ပိုးသတ်ဆေးလိမ်းဆေးထည့်ခြင်းများကို လုပ်ဆောင်ခြင်းပေးခြင်းဖြင့်လည်း ကုသရန် လိုအပ်ပါသည်။
ရောဂါနောက်ဆက်တွဲဆိုးကျိုးများ။
ထိခိုက်ရှနာဒဏ်ရာပိုးဝင်ခြင်းမှ အောက်ဖော်ပြပါ နောက်ဆက်တွဲဆိုးကျိုးများလည်း ရှိနိုင်ကြောင်း တွေ့ရှိရပါသည်။
ထိခိုက်ရှနာဒဏ်ရာပိုးဝင်ခြင်းကို ထိရောက်စွာ ကုသမှုခံယူခြင်းမရှိလျှင် ရောဂါပိုးများသည် အရေပြားအောက်ဘက် ပို၍နက်ရှိုင်းသော တစ်ရှူးများဆီသို့ ဝင်ရောက်ကူးစက်ခြင်းကြောင့် Cellulitis ဟုခေါ်သော အနာပြင်းထန်ပိုးဝင်ခြင်း ဖြစ်လာနိုင်ပါသည်။
အနာပြင်းထန်ပိုးဝင်ခြင်းမှတဆင့် ထိရောက်စွာကုသခြင်းမရှိလျှင် ရောဂါပိုးများသည် သွေးတွင်းသို့ ပျံ့နှံ့သွားပြီး သွေးဆိပ်တက်ခြင်း Sepsis ရောဂါကို ဖြစ်စေပါသည်။
အနာကောင်းစွာမကျက်သည့်အခါ အရေပြားရောဂါများဖြစ်ခြင်း ၊ ပြည်တည်နာဖြစ်ခြင်း
Abscess စသော နောက်ဆက်တွဲဆိုးကျိုးများကိုလည်း တွေ့ရှိရပါသည်။
ထိခိုက်ရှနာပိုးဝင်ခြင်း ဖြစ်နိုင်ခြေများသော အခြေအနေများ
အောက်ပါတို့သည် ထိခိုက်ရှနာပိုးဝင်ခြင်း ဖြစ်နိုင်ခြေများသော အခြေအနေများ ဖြစ်ကြပါသည်။
၎င်းတို့မှာ
– ဆီးချိုသွေးချိုရောဂါရှိသောသူများ
– ကင်ဆာဆေးသွင်းကုသမှုခံယူနေရသဖြင့် ခုခံအားစနစ်ကျဆင်းနေသောသူများ
– ခုခံအားစနစ်ကျဆင်းသောရောဂါ (ဥပမာ HIV ရောဂါ ) ရှိသောသူများ
– တိရစ္ဆာန်တစ်ကောင်ကောင် ကိုက်ခြင်းကို ခံရသောကြောင့် ရသောထိခိုက်ရှနာများ
– မသန့်ရှင်းသော အရာ၀တ္ထုပစ္စည်းများနှင့် ထိခိုက်မိခြင်းကြောင့် ရရှိသော ထိခိုက်ရှနာများ
– ထိခိုက်ရှနာရစေသော အရာ၀တ္ထုပစ္စည်းများ ဒဏ်ရာအနာအထဲတွင် ကျန်ရှိနေခြင်း
– အရွယ်ကြီး၍နက်ရှိုင်းသော ဒဏ်ရာအနာဖြစ်နေခြင်း
– အသက်အရွယ်အိုမင်းသောသူများ
– အ၀လွန်သောသူများ စသည့် အခြေအနေရှိသောသူများတွင် ထိခိုက်ရှနာပိုးဝင်ခြင်း ဖြစ်နိုင်ခြေများကြောင်း တွေ့ရှိရပါသည်။
ထိခိုက်ရှနာများကို ရောဂါပိုးဝင်ခြင်းမှ ဘယ်လိုကာကွယ်မလဲ။
အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ထိခိုက်ရှနာများကို ရောဂါပိုးဝင်ခြင်းမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။
– ထိခိုက်ဒဏ်ရာရပြီးနောက် ချက်ချင်း ဒဏ်ရာအနာကို သန့်စင်သော ရေဖြင့် ဆေးပေးပါ။ အကယ်၍ သန့်စင်သောရေ မရှိလျှင် အရက်ပြန်ဖြင့် အနာကို သန့်စင်ပေးပါ။
– သန့်စင်ပေးပြီးနောက် အနာကိုခြောက်သွေ့အောင်ထားပါ။
– ပြီးလျှင် အနာကို ပိုးသတ်ဆေးလိမ်းဆေးများဖြင့် လိမ်းပေးခြင်းဖြင့် ပိုးသတ်ပေးပါ။
– ထို့နောက်အနာကို သန့်ရှင်း၍ ပိုးသတ်ထားသော ပတ်တီးစ ဖြင့် အုပ်ထားပေးပါ။
– အနာကို အုပ်သည့်အခါ အသုံးပြုသည့် ပတ်တီးစ များသည် အနာကို ကပ်နေခြင်းမျိုးမဖြစ်စေရန် သတိပြုရပါမည်။ သို့မှသာ ဒဏ်ရာအနာကို ပို၍ သွေးထွက်စေခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။
အကယ်၍ အနာများတွင် အောက်ပါလက္ခဏာများကို တွေ့ရှိလျှင် ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင် ပြသရန် လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။
– ဒဏ်ရာအနာထဲတွင် အပြင်ဘက်မှ အရာ၀တ္ထုများကျန်ရှိနေသည်ဟု သံသယရှိလျှင်
– အနာမှ သွေးမတိတ်လျှင်
– အလွန်ကြီးသော ထိခိုက်ရှနာဒဏ်ရာ ဖြစ်လျှင်
– တိရစ္ဆာန် သို့မဟုတ် လူ ကိုက်ခံရခြင်းကြောင့်ဖြစ်သော ထိခိုက်ဒဏ်ရာဖြစ်လျှင် ထိုသို့သော အနာများကို ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ရန် ဆရာဝန်နှင့် အမြန်ဆုံးပြသ၍ ကုသမှုခံယူသင့်ပေသည်။
Dr. CK