နှလုံးသွေးကြောရောဂါကို သွေးကြောကျဉ်းရောဂါ (Ischaemic heart disease) ဟူ၍လည်း သုံးနှုန်း လေ့ရှိသည်။ နှလုံးအတွက် လိုအပ်သော သွေးပမာဏကို ရရှိနိုင်ခြင်းမရှိသည့်အတွက် နှလုံးလုပ်ငန်းချို့ယွင်း ခြင်းဖြစ်သည်။ နှလုံးသွေးကြောကျဉ်းခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းကြောင့် သွေးလုံလောက်စွာ မရရှိနိုင်ခြင်းဖြစ် သည်။
နှလုံးသွေးကြောရောဂါသည် စက်မှုဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် လူသေဆုံးမှု၏ ၂၅ မှ ၃၀ ရာခိုင် နှုန်းအထိ ဖြစ်စေသည်။ နှလုံးသွေးကြောရောဂါမှာ အသက်အရွယ် ကြီးရင့်မှုနှင့်လည်း ဆိုင်သည်။ လူအများအ ပြားတွင် ဖြစ်ပွားလာကြောင်းလည်း တွေ့ရသည်။
နှလုံးသွေးကြောရောဂါလူနာများသည် –
(၁) ရင်ဘတ်နာခြင်း၊ အောင့်ခြင်း ဖြစ်တတ်သည်။
(၂) နှလုံးကြွက်သားများ ယိုယွင်းပျက်စီးခြင်းလည်း ဖြစ်နိုင်သည်။
(၃) နှလုံးခုန် နရီစည်ဝါး ပျက်ယွင်းသွားနိုင်သည်။
(၄) နှလုံး၏ လုပ်ငန်း ယိုယွင်းပျက်စီးသွားနိုင်သည်။
(5) ရုတ်တရက်သေဆုံးခြင်း ကြုံတွေ့ရနိုင်သည်။
နှလုံးသွေးကြော ရောဂါမှာ ကူးစက်ရောဂါမဟုတ်သော နာတာရှည်ရောဂါများတွင်ပါဝင်သည်။ နှလုံးသွေးကြော ရောဂါဖြစ်သော အန္တရာယ်များမှာ –
အသက်အရွယ်ကြီးခြင်း
အမျိုးသားများဖြစ်ခြင်း
မိသားစုရာဇဝင်ရှိခြင်း
လူတို့၏ကိုယ်ရည်ကိုယ်သွေးကွဲပြားမှု
မျိုးရိုးဗီဇ
စီးကရက်သောက်ခြင်း
သွေးတိုးရောဂါ
သွေး၌အဆီဓါတ်များခြင်း
သွေးချို ဆီးချို ရောဂါ
အဝလွန်ကဲခြင်း
ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
ဖိစီးမှုများခြင်း စသည်တို့ဖြစ်သည်။
အထက်ဖော်ပြပါ အန္တရာယ်များအနက် တချို့မှာ ရှောင်လွှဲ၍မရနိုင်ပေ။ သို့သော် တချို့ကိုမူ ရှောင်ကွင်း၍ ရနိုင် မည်ဖြစ်သည်။
ထို့ကြောင့် နှလုံးသွေးကြောရောဂါဖြစ်ပွားမှုမှ ကာကွယ်လိုပါလျှင် –
(၁) စီးကရက် လုံးဝမသောက်ပါနှင့်။ ဆေးလိပ်၊ စီးကရက်သောက်သူဖြစ်ပါက ဖြတ်ပါ။
(၂) သွေးဖိအား ပုံမှန်ဖြစ်အောင်ထိန်းပါ။ သွေးချိန်ပါ။ အစားအသောက်ဆင်ခြင်ပါ။ သွေးကျဆေး မှီဝဲပါ။
(၃) သွေး၌ ကိုလက်စထရောဓာတ်မှန်ပါစေ။ များနေလျှင် ဆေးပညာရှင်နှင့် တိုင်ပင်ပြီး ပုံမှန်ဖြစ်အောင် ကုသမှုခံယူပါ။
(၄) သွေးချိုဆီးချိုရောဂါရှိပါကလည်း သွေး၌ သကြားဓာတ်မှန်အောင် ထိန်းသိမ်းပါ။
(၅) ကိုယ်အလေးချိန် မှန်ကန်အောင် ထိန်းပါ။ အစားအသောက်ဆင်ခြင်စားသုံးပြီး လေ့ကျင့်ခန်းလုပ် ဆောင်ရမည်။
(၆) ကိုယ်လက်လှုပ်ရှား လေ့ကျင်ခန်းလုပ်ရမည်။ တက်ကြွစွာသွားလာလှုပ်ရှား နေထိုင်ကြရမည်။
(၇) ဖိစီးမှုနည်းအောင် ကြိုးစားနေထိုင်ရန် လိုအပ်သည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)