လူတိုင်းဘဝတွင် ကြုံတွေ့ဖူးကြသည့်ခံရခက်ခဲသော ဝေဒနာများအနက်တစ်ခုမှာ ခေါင်းကိုက်ခြင်းဝေဒနာဖြစ်သည်။ သွေးတိုးရောဂါ၊ ဟော်မုန်းမညီမျှမှုရောဂါများ၊ Migraine မိုင်ဂရင်း ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ ထိပ်ကပ်နာရောဂါ၊ စိတ်ဖိစီးမှုများ၊ ရာသီဥတုပူပြင်းခြင်း၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ ဦးခေါင်းထိခိုက်ဒါဏ်ရာ စသည်တို့ကြောင့် ခေါင်းကိုက်ခြင်းဝေဒနာ ခံစားရနိုင်ပါသည်။ ထိုသို့ခံစားရခြင်း သက်သာအောင် အကိုက်အခဲပျောက်ဆေးများ သောက်ခြင်းအပြင် ဆေးသောက်စရာမလိုဘဲ အိမ်သုံးကုထုံးများ၊ အစားအသောက်နှင့် နေထိုင်မှုပုံစံပြောင်းလဲခြင်းများဖြင့် ခေါင်းကိုက်ခြင်း ကို သက်သာစေနိုင်ပါသည်။
ခန္ဓာကိုယ်တွင် ရေဓာတ်ဆုံးရှုံးသည့်အခါ ဇီဝကမ္မထိန်းညှိမှုအရ သွေးကြောများကိုကျဉ်းစေသောကြောင့် ခေါင်းကိုက်တတ်သဖြင့် ရေဓာတ်လုံလောက်အောင် ဖြည့်တင်းပေးရမည်။ ကော်ဖီ၊ လက်ဖက်ရည်၊ ဂက်စ်ပါသောအချိုရည် စသည့် ကဖင်းဓာတ်ပါသောအရည်များ၊ ဘီယာ၊ အရက်စသည်တို့ သောက်သုံးခြင်းသည် ခန္ဓာကိုယ်ရှိရေဓာတ်ဆုံးရှုံးစေသောကြောင့် ရှောင်ကြဉ်သင့်ပါသည်။ နေပူထဲတွင် အချိန်ကြာမြင့်စွာနေခြင်း၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကိုလည်း ဆင်ခြင်သင့်သည်။
နေ့စဉ်စားသုံးသော အစားအစာများတွင် ပါဝင်သည့် MSG ခေါ် အချိုမှုန့်၊ ဆား၊ ချောကလက်၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဘီယာ၊ ဝိုင်၊ အချဉ်ဖောက်ထားသော အစားအစာများနှင့် နိုက်ထရိတ်ပါဝင်သည့် တာရှည်ခံအောင်ပြုလုပ်ထားသော အသားလုံးများ၊ အကင်များ၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတို့သည် ခေါင်းကိုက်ခြင်းကိုဖြစ်စေသည်။ ထို့ကြောင့် ချင့်ချိန်၍စားသုံးသင့်ပါသည်။
ဟင်းနုနွယ်၊ အာလူး၊ ကဖင်းဓာတ်အနည်းငယ်၊ ငှက်ပျောသီး၊ ဖရဲသီး၊ ကြက်ဥ၊ ဆော်လမွန်ငါး စသည့်အစားအစာများ စားခြင်းသည် ခေါင်းကိုက်ခြင်းဝေဒနာကို သက်သာစေနိုင်သည်။ အာရုံကြောအားဖြည့်ပေးသည့် Vitamin B အုပ်စုများ၊ မဂ္ဂနီဆီယမ်ဓာတ် Magnesium ကြွယ်ဝသော အစားအစာများ လုံလောက်အောင်မှီဝဲခြင်းကလည်း ခေါင်းကိုက်ဝေဒနာကို လျှော့ချပေးနိုင်ပါတယ်။ ထို့ပြင် အဆာမခံပဲ အစာစားချိန်ပုံမှန်စားခြင်းဖြင့်လည်း ခေါင်းကိုက်ခြင်းမဖြစ်အောင် ကာကွယ်နိုင်သည်။
စိတ်ဖိစီးမှုပြေလျော့စေသည့် တရားထိုင်ခြင်း၊ ခန္ဓာကိုယ်ကြွက်သားများပါ ဖြေလျှော့ပေးသည့် ယောဂကျင့်ခြင်း နှင့် တိုက်ချိကစားခြင်းတို့ကို နေ့စဉ်ပုံမှန်ပြုလုပ်သင့်ပါသည်။ ခန္ဓာကိုယ်ကြွက်သားများ ဖြေလျှော့အနားယူပေးသည့် လေ့ကျင့်ခန်းများဖြစ်သော Progressive Muscle Relaxation၊ အသက်ရှုလေ့ကျင့်ခန်း Breathing Exercise တို့ကိုပြုလုပ်ပေးခြင်းဖြင့် ခေါင်းကိုက်သက်သာစေနိုင်သည်။ မိမိ၏ ခန္ဓာကိုယ်မှ တုံ့ပြန်မှုများကို သတိပြုပြီးပြောင်းလဲခြင်းဖြင့် (Biofeedback) ခေါင်းကိုက်ခြင်း ဝေဒနာကို အထိုက်အလျောက် ထိန်းချုပ်နိုင်ပါသည်။
ညအိပ်ရာဝင်ချိန် မနောက်ကျဘဲ အိပ်စက်ချိန် အနည်းဆုံး ၇နာရီခန့် လုံလောက်စွာအိပ်ခြင်း၊ မနက်ပုံမှန်ထခြင်းဖြင့် ခန္ဓာကိုယ်ကို အပန်းဖြေ အနားယူပေးပါ။ ဦးခေါင်းနောက်ဘက်ရှိ ကြွက်သား၊ကျောနဲ့ ပခုံးကို အသာအယာနှိပ်နယ်ပေးခြင်းသည် စိတ်ဖိစီးမှုများကိုလျော့စေပြီး ရေခဲဝတ်ကပ်ပေးခြင်းသည် နာကျင်မှုတွေကို သက်သာစေနိုင်ပါသည်။ အနံ့ပြင်းထန်သော အမွှေးနံ့သာများ၊ ရေမွှေးများ၊ အလှကုန်ပစ္စည်းများ အသုံးပြုခြင်းသည်လည်း ခေါင်းကိုက်စေနိုင်သဖြင့် ဆင်ခြင်သင့်သည်။
အကိုက်အခဲပျောက်ဆေးများ ရေရှည်အသုံးပြုခြင်းကလည်း ခေါင်းကိုက်ခြင်းဝေဒနာကို မသက်သာစေဘဲ ပိုဆိုးစေနိုင်သောဆိုးကျိုးများရှိ၍ (Rebound Analgesic Induced)ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သင့်သည်။ တရုတ်တိုင်းရင်းဆေး နည်းပညာတစ်ခုဖြစ်သည့် အပ်စိုက်ကုသခြင်းသည် Acupuncture နာတာရှည်ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် မကြာခဏခေါင်းကိုက်ခြင်း ဖြစ်တတ်သည့်သူများအတွက် ဆေးဝါးမပါသော အကျိုးရှိသည့် ကုသမှုတစ်ခုဖြစ်ကြောင်း သုတေသနတွေ့ရှိချက်များက ဖော်ပြထားသည်။
အထက်ပါနည်းလမ်းများဖြင့် ခေါင်းကိုက်ဝေဒနာသက်သာအောင် ပြုလုပ်နိုင်သော်လည်း ဤနည်းများဖြင့် မသက်သာဘဲ အကိုက်အခဲပျောက်ဆေးကဲ့သို့ ခေါင်းကိုက်ပျောက်ဆေးကို တစ်ပတ်လျှင်၂ကြိမ်ခန့် သုံးစွဲနေရခြင်း၊ ဝေဒနာပြင်းထန်ပြီး နေ့စဉ်ပုံမှန်လုပ်ဆောင်မှုများ မလုပ်နိုင်လျှင်၊ အမြင်နှစ်ထပ်ဖြစ်ခြင်း၊ ရုတ်တရက်ပြင်းထန်စွာ ခေါင်းကိုက်လျှင်၊ အခြားအာရုံကြောထိခိုက်မှုလက္ခဏာများ၊ ကိုယ်လက်မလှုပ်နိုင်ခြင်း စသည့်လက္ခဏာများရှိလာလျှင် မိမိခေါင်းကိုက်သည့်ပုံစံ၊ အချိန်စသည်တို့ကို မှတ်သားပြီး ဆရာဝန်၊ အထူးကုများနှင့် တိုင်ပင်စစ်ဆေးစမ်းသပ်မှုခံယူသင့်ပါသည်။